Lifestyle

ရဲရင်တဲ့ နှလုံးသားတစုံ

Want create site? Find Free WordPress Themes and plugins.

ည အချိန်မတော် ပေါ်ပေါက်လာတတ်သော ဖုန်းသံဆိုသည်မှာ သတင်းကောင်းတို့ကို ဆောင်ယူလာတတ်ရိုး ထုံးစံ မရှိ။ ဖုန်းသတင်းသည် အယ်ရီနာ မျှော်လင့်ထားသည့်အတိုင်း။

ဖုန်းဆက်သည့် အိမ်သို့ သွားကာ သူ အပ်နှံထားသည့် ကလေးကို သွားရောက်ခေါ်ဆောင်မှ ဖြစ်တော့မည်။ ထိုအိမ်သို့ ဧည့်သည် မမျှော်လင့်ဘဲ ရောက်လာပြီး၊ ကလေးကို တွေ့မြင်သွားသည်တဲ့၊ နေရာရွေ့မှ ဖြစ်တော့မည်။

ကင်းလှည့်နေသော ဂျာမန်စစ်သားတစု၏ ဖိနပ်ခွာသံမှ တပါး၊ ဘေးတွဲတပ် ဆိုင်ကယ်စက်သံမှတပါး၊ ဝါဆောတမြို့လုံး အမှောင်ထုအောက်၌ တိတ်တိတ်ဆိတ်၊ ညှိုးညှိုးငယ်ငယ်။

ဂျာမန်တို့သည် သြစတြီးယားကို သိမ်းပိုက်ပြီးပြီ၊ ချက်ကိုစလိုဗက်ကီးယားကို သိမ်းလိုက်ပြီးပြီ၊ ၁၉၃၈ ခုနှစ်၊ အောက်တိုဘာ (၁) ရက်တွင် ပိုလန်ကို သိမ်းပိုက်လိုက်ခြင်းဖြင့် ဒုတိယအကြိမ် ကမ္ဘာစစ် စတင်လာတော့သည်။

မြို့တော်ဝါဆောမှ ဂျူးရပ်ကွက် တခုလုံးကို မြင့်မားသော အုတ်တံတိုင်းခတ်၍ ကာရံလိုက်၏။ ထိုရပ်ကွက်မှ လူတို့သည် ပြင်ပကမ္ဘာသို့ လာရောက်ခွင့်မရှိတော့၊ ထိုအရပ်၌ နေစေ။ ထိုအရပ်၌ သေစေ။

ဂျူးလူမျိုးမှန်သမျှ အနား ၆ စွန်းသော အပြာရောင်ကြယ် “ဒါဝိတာရာ” ပုံဖော်ထားသည့် လက်ပတ်ဖြူ မဝတ်မနေရ၊ ဤသို့ ဖြင့် ဒါဝိတာရာ ၅ သိန်းသည် ကောင်းကင်ပြင်၌ ထွန်းလင်းခွင့် မမူဘဲ မြေပြင်ပေါ်၌သာ မလင်းတလှည့် လင်းတလှည့်။

များစွာသော ဂျူးတို့သည် အစာရေစာ ပြတ်လပ်လျက်၊ ရောဂါဝေဒနာ ကျရောက်လျက်၊ တဦးကိုတဦး ရောဂါကူးစက်လျက်၊ ကပ်ဘေးတခု၏ ဖိစီးနှိပ်စက်မှုအောက်၌ ကျရောက်နေသည့်ပမာ၊ သူတို့ကို မည်သူမျှ မကူညီရ၊ ကူညီလျှင် ရန်သူ။

ပိုလန်အစိုးရ၏ လူမှုဝန်ထမ်းဌာနမှ စောင့်ရှောက်မှုကြောင့်သာ ၎င်းတို့ သက်ဆိုး ရှည်နေကြရ၏။ နံနက်လင်းသောအခါ ကလေးငယ်ကို ပိုမိုလုံခြုံသော အိမ်တအိမ်သို့ ပို့ထားခဲ့ပြီး ဂျူးရပ်ကွက်သို့ ထွက်လာခဲ့သည်။

လူမှုဝန်ထမ်းဌာနမှ ဝန်ထမ်းဖြစ်သည့်တိုင် တင်းကြပ်သော စစ်ဆေးရေးဂိတ်ကို ဘယ်ရီနာလည်း ရင်ဆိုင်ရသည်။ ရပ်ကွက်ထဲ၌ တဦးကိုတဦး ပစ္စည်းဟောင်းများ ရောင်းလျက်ရှိသည်ကိုလည်း မြင်ရ၏။ သတင်းစကား တီးတိုးဖလှယ်လျက် ရှိသည်ကိုလည်း တွေ့ရ၏။ ဂျူး နံနက်ခင်းသည် ပီပြင်လျက်ရှိနေပြီ။

သူတို့မိသားစု၏ ငယ်ပေါင်းမိတ်ဆွေများ ဖြစ်သော အီစာအိုအိမ်သို့ သွားရသည်။ မေမေပေးလိုက်သော အစားအသောက် များပေးရသည်။ ပေးသူရော ယူသူပါ ဝမ်းနည်းဝမ်းသာ၊ သည်ရပ်ကွက်မှ ဂျူးတို့ကို ကားအစီး “၂၀” ဖြင့် ခေါ်ဆောင်သွား ကြသည့် သတင်းကို အယ်ရီနာ ဘဝင်မကျ။

“ဂျူးကောင်စီက လူကြီးတွေပြောတော့ အလုပ်စခန်းကို ပို့မလို့ဆို” ဟု အီမာက ယုံယုံကြည်ကြည်၊ ဂျာမန်တို့ စိတ်တိုင်းကျ ရွေးချယ် ခန့်အပ်ထားသော ဂျူးကောင်စီမှ သတင်းမှန်ကြားရရန် အကြောင်းမရှိ။ အခြေအနေတို့သည် တနေ့တခြား ပိုမို ဆိုးဝါးစ ပြုလာသည်။

ဂျာမန်တို့ ကြေညာလိုက်သော ရိက္ခာခွဲတမ်း ကြေညာချက်သည်လည်း အယ်ရီနာ့ကို ပိုမို စိတ်ပျက်အောင် ဖန်တီးလိုက်ပြန်သည်။ အုပ်ချုပ်သူ ဂျာမန်တို့အတွက် နေ့စဉ် ကယ်လိုရီ ၂၆၁၃။ ပိုလန်လူမျိုးတို့အတွက်မူ ကယ်လိုရီ ၆၉၉ ဖြစ်ပြီး၊ ဂျူးတို့ အတွက်မူ ကယ်လိုရီ ၃၀ဝ မျှသာ၊ မကြာမီ ဆောင်းဝင်တော့မည်။

ထိုမျှသော အာဟာရကို မှီဝဲလျက် သူတို့ ဆောင်းကို မည်သို့ ရင်ဆိုင်ပါအံ့နည်း။ အနွေးထည်၊ ဆေးဝါး၊ အစားအစာ၊ ပိုမိုပံ့ ပိုးနိုင်ရန် အယ်ရီနာစီစဉ်ရတော့မည်။

ဂျူးတို့ထံမှ ရောဂါကူးစက်မည်ကို အလိုမရှိသဖြင့် ဌာနမှ နုတ်ထွက်သွားသောသူတွေ မနည်း။ သူငယ်ချင်း မာရီယာနှင့် ယခုမှ ဝင်လာသူ မိန်းကလေး စတက်ဖန်းနီးယား ၂ ဦးသာရှိတော့သည်။ လူအင်အား နည်းပါးသွားရုံမျှဖြင့်လည်း အလုပ်ကို အယ်ရီနာ ကျောခိုင်းမပစ်နိုင်ပါ။

ဂျူးရပ်ကွက်အတွင်းရှိ ဆရာ့ထံ သူသွားရောက်တွေ့ ဆုံရသည်။ ဆရာသည် မိဘမဲ့ ဂျူးကလေးတို့ကို စောင့်ရှောက်နေသူ၊ ယီ ဒစ်ဘာသာ သင်ကြားပေးနေသူ၊ ဆရာက သူ့တပည့်တဦးနှင့် အယ်ရီနာကို တွေ့ပေးသည်။ ဝမ်းသာဖွယ်မှာ ထိုသူသည် တက္ကသိုလ်တက်စဉ်က အယ်ရီနာ့ သူငယ်ချင်းဖြစ်နေခြင်းပင်။

စတီဗင်သည် ဂျူးရပ်ကွက်မှ ပြင်ပသို့ထွက်ရာ လမ်းအားလုံးကို သိသူ၊ ဤရပ်ကွက်မှ မည်သည့် အဆောက်အအုံသည် ဝါဆောမြို့တွင်းသို့ မည်သို့ပေါက်ရောက်သည့် အကြောင်းပြောပြီးတော့ တခုသော မြေတိုက်ခန်းကို ပြ၍၊ ထိုမှတဖန် အသွယ်သွယ်သော ရေဆိုးမြောင်းတို့ကို ဖြတ်သန်းနိုင်ပုံကို ပြော၏။ ဤမြောင်းသည် ဝါဆောမြို့ မည်သည့်လမ်းအောက်၊ မည်သည့်အရပ်သို့ ရောက်ကြောင်းသိရသည်မှာ ဝမ်းမြောက်ဖွယ်။

မောရှေသည် ပင်လယ်နီကို ဖြတ်သန်းလျက် ဗျာဒိတ်တော်လာ အရပ်ဖြစ်သော ဒါနန်ပြည်သို့ သူ့လူမျိုးတို့ကို ခေါ်ဆောင် သွားဖူးသည်မဟုတ်လား၊ အယ်ရီနာလည်း စွန့်စားရပေလိမ့်မည်။

ပထမဆုံး ကလေးတဦးကို သူ ရွေးလိုက်သည်။ ထိုမိန်းကလေးသည် မိဘမဲ့တဦး၊ လမ်းပေါ်တွင် နေရသူ၊ သူ့ကို စောင့်ရှောက်နေသည့် အစ်ကို သေဆုံးသွားပြီ၊ ယခု ထိုကလေးတဦးတည်း ရပ်ကွက်အတွင်းရှိ တရားရုံးသို့ သူတို့ ဦးတည်သွား ကြသည်။

တံခါးစောင့်ကို တံစိုးလက်ဆောင်ပေး၍ အတွင်းသို့ ဝင်လိုက်၏။ ထိုတရားရုံး တဖက်ခြမ်းသည် ကန့်သတ်ရပ်ကွက်မှ အပ ဖြစ်သော ဝါဆောမြို့တွင်းသို့ ရောက်၏။ အယ်ရီနာ အောင်မြင်ခဲ့ပါသည်။ ဤသို့ဖြင့် ရေဆိုးမြောင်း အသွယ်သွယ်ကိုလည်း အခါအားလျော်စွာ အသုံးပြုရတတ်ပြန်သည်။

မမျှော်လင့်သော ဖြစ်ရပ်မှာ လူမှုဝန်ထမ်း လုပ်သားတို့ကို ရပ်ကွက်အတွင်းသို့ ဝင်ခွင့်ပိတ်ပင်လိုက်ခြင်း ဖြစ်၏။ အယ်ရီနာ အားမလျော့ပါ၊ သူ့ဆရာ ဆရာဝန်ကြီးထံသွားကာ၊ သူနာပြုဝတ်စုံ၊ စာရွတ်စာတမ်းနှင့် လူနာတင်ကားတောင်းယူလိုက်သည်။ ဆရာကြီးသည် ဝမ်းမြောက်ဝမ်းသာ ခွင့်ပြုပေးခဲ့ပါသည်။

Irena sendler
Irena sendler

ဆောင်ရွက် ကယ်တင်ရာ၌လည်း လွယ်ကူလှသည်မဟုတ်၊ မောင်နှမတွေ ရှိနေလျှင် မိဘတွေက မကွဲကွာစေလို၊ အတူ ထားရှိစေလိုသည်။ အချင်းချင်းမမှတ်မိမှာ စိုးရိမ်ကြသည်။ ပြီးတော့ စစ်ကြီးပြီးလျှင် သူတို့သားသမီးတို့နှင့် မည်သို့ပြန်လည် ပေါင်းဆုံရပါမည့်အကြောင်း ပူပင်ကြသည်။

စကားမတတ်သေးသော ကလေးတို့အတွက်မူ အကြောင်းမဟုတ်၊ စကားပြောတတ်ပြီဖြစ်သည့် ကလေးတို့သည် ပိုလန် စကားမတတ်၊ အားလုံး အခက်အခဲတွေချည်း၊ ထို့အတွက် အယ်ရီနာ၏ ဆုလာဘ်သည် သေဒဏ်ဖြစ်၏။
အယ်ရီနာသည် မြေအောက် လှုပ်ရှားမှုအဖွဲ့နှင့် အဆက်အသွယ်ရလာသည်။

ထိုသူတို့ထံမှ ငွေကြေးအကူအညီ ရလာသည်။ ကလေးတို့ ခိုကိုးရမည့် စိတ်ချရသော အိမ်တွေ ရလာသည်။ သို့သော် တနေ့၌ ဂက်စတာပိုတို့က သူ့ကို ဖမ်းမိသွားလေသည်။ သူ့နောက်ကြောင်း ရာဇဝင်ကို စုံစမ်းထားသောအရာရှိက “မင်းအဖေက ဂျူးတွေနဲ့ တော်တော် အလုပ်လုပ်ခဲ့တာပဲ၊ ဂျူးတွေဆီက ရောဂါကူးပြီး သေသွားတဲ့အထိပဲနော်” ဟု ပြောသည်။

“ကျမအဖေက ဆရာဝန်ပါ၊ ဂျူးမှ ဂျာမန်မှ မဟုတ်ပါဘူး၊ ဘယ်သူ့အသက်ကိုမဆို ကယ်မှာပါ”

ဖေဖေ့ကို စော်ကားသည့် အတွက် အယ်ရီနာ နာသာခံခက် ခံစားလိုက်ရသည်ဖြစ်ခြင်း။ သမီး ရေကူးတတ်တတ်၊ မတတ်တတ် ရေနစ်နေတဲ့သူကို မြင်ရင် သမီးကယ်ရမှာ သမီးတာဝန်ပဲဟု အမြဲဆိုဆုံးမလေ့ရှိသော ဖခင်ကို သတိရလာသည်။ အယ်ရီနာ ဖေဖေ့လို နေမည်၊ အယ်ရီနာ ဖေဖေ့လေို သမည်၊ ထို့အတွက် သူ့၌ နောင်တမရှိ။

မြေအောက်တော်လှန်ရေး ခေါင်းဆောင် ဘယ်အရပ်မှာနည်း၊ ထိုသူ မည်သူနည်း ဆိုသော ထပ်တလဲလဲမေးခွန်း၊ မသိဟူသော အယ်ရီနာ၏ အခါခါအငြင်းအတွက် ရက်စက်စွာ နှိပ်စက်ကြလေသည်။ အယ်ရီနာသည် အသက်ကို စွန့်ခဲ့ပြီးပြီဖြစ်၏။ သူ့ထံမှ ဘာအဖြေမှ မရစေရ။

အကျဉ်းစခန်းထဲမှ အမျိုးသမီးအားလုံးကို စုစည်းလိုက်သည်။ သူတို့အားလုံး သိလိုက်ပါပြီ၊ သူတို့ သေရတော့မည်၊ စစ်သားတို့သည် အကျဉ်းသူတို့ကို နံရံတခုဆီသို့ ဦးတည်ခေါ်ဆောင်လာ၏။ ထိုစဉ် စစ်သားတဦးက အယ်ရီနာကို ဆွဲထုတ်၍ လမ်းကြားငယ်ထဲသို့ တွန်းထုတ်လိုက်သည်။

အယ်ရီနာဘာကြောင့် မှန်းမသိ၊ ထိုသူ၏ နှုတ်မှ ပြေး၊ ပြေးတော့ ဟူသော စကားကြောင့် သူ့နားကိုပင် သူမယုံနိုင်။

အိမ်သို့ ရောက်သောအခါ သူ့ကို စောင့်ဆိုင်းနေသူတွေကို အယ်ရီနာတွေ့ရ၏။ သူတို့က အယ်ရီနာ ကိုင်ဆောင်ရမည့် စာရွက်စာတမ်းများပေးပြီး သူ့ကို ကားတစီးဖြင့် လိုက်ပို့ကြသည်။ စစ်ကြီးမပြီးမီအထိ သူသည် အယ်ရီနာ မဟုတ်တော့ပြီ၊ သူတို့ကားကလေးသည် နှင်းဖွေးဖွေးဖြင့် တောင်တန်းဆီသို့ ရှေးရှုလျက်။

ဤသည်မှာ Irena sendler ဆိုသော လူမှုဝန်ထမ်းအလုပ်သမ အမျိုးသမီးငယ်တဦး၏အကြောင်း ဖြစ်ရပ်မှန် A Courageous Heart အမည်ရှိ ဇာတ်လမ်းဖြစ်ပါသည်။

သူသည် ၂၀ဝ၈ ခုနှစ် အသက် ၉၈ အရွယ်တွင် ကွယ်လွန်ခဲ့ပါသည်။ သူ့ဆောင်ရွက်မှုကြောင့် ဂျူးကလေး ပေါင်း ၂၅၀ဝ ကျော် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည်။ ရှင်ဒဲလား (Schindler) ပင်လျှင် ဂျူးလူမျိုး တထောင်မျှသာ ကယ်တင်နိုင်ခဲ့၏။

Irena သည် သူ့ရဲ့စွမ်းသတ္တိအတွက် အစ္စရေးနိုင်ငံမှ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်းခံခဲ့ရရှိရုံမျှမက ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အကြိမ်ကြိမ်လျာထားခံခဲ့ရဘူးလေသည်။

“အကြင်သူသည် တစုံတဦး၏ အသက်ဇီဝကို ကယ်တင် သည်ဖြစ်အံ့၊ ထိုသူသည် တကမ္ဘာလုံးကို ကယ်တင်ခြင်းမည်၏ ရှေးဟောင်းတားမုဒ်ကျမ်းတို့က ဆုံးမခဲ့သည်မဟုတ်လော”။

Did you find apk for android? You can find new Free Android Games and apps.
Loading