ကျန်းမာရေးနှင့် မညီမညွတ်သော နေထိုင်စားသောက်မှု ပုံစံနှင့် အဓိကကျသော ဗီတာမင်၊သတ္တုဓာတ်များ စားသုံးမှု နည်းပါးလာခြင်းကြောင့် နှလုံးနှင့် ပတ်သက်သော ရောဂါများ တစစ မြင့်မား လာနေကြောင်း မြန်မာနိုင်ငံမှ ဆေးပညာပါရဂူများက သတိပေးပြောကြားလိုက်သည်။
ဆရာဝန်များ၏ သတိပေး ပြောကြားချက်အရ အသက် ၄၀ ကျော်ပြီးသူတိုင်း၏ ၃ ပုံ ၁ ပုံ တွင် သွေးတိုးရောဂါ ရှိနေပြီး အဆိုပါ အသက် ၄၀ ကျော် လူဦးရေ၏ ထက်ဝက်မှာ ကိုလက်စထရော ပမာဏမြင့်မားနေကြသည်ဟု ဆိုသည်။
ဤသတိပေးထုတ်ပြန်ချက်မှာ ယခုအပတ်အတွင်း မြန်မာနိုင်ငံ၊ရန်ကုန်မြို ့တွင် ကျင်းပပြုလုပ်သော ASEAN Federation of Cardiology Congress (AFCC) 2016 မှ ပေါ်ထွက်လာခြင်း ဖြစ်ပါသည်
“ကံမကောင်းစွာဖြင့် မြန်မာနိုင်ငံတွင် ကျန်းမာရေးဆိုင်ရာ အသိနည်းပါးသော ဘဝနေထိုင်မှု ပုံစံကိုသာ ရွေးချယ်ကျင့် သုံးနေကြခြင်းကြောင့်” ဟု ၂၀၁၆ AFCC သဘာပတိ နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးရောဂါ ဌာနမှူး ဒေါက်တာ နွယ်နွယ်က ပြောကြားခဲ့သည်။
“ထိုသို့ နေထိုင်ပြုမူမှုများကြောင့် ပြည်သူလူထု အများစုတွင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ လေဖြတ်ခြင်း နှင့် ကျောက်ကပ် ပျက်စီးခြင်းများ ယခင်ကထက် ပိုမိုများပြားလာနေရခြင်း ဖြစ်သည်” ဟု ၄င်းက ဆိုပါသည်။
မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၁၂ ရာခိုင်နှုန်းမှာ ဆီးချိုရောဂါရှိနေကြပြီး လူဦးရေ၏ ၁၅ ရာခိုင်နှုန်းမှာလည်း ဆေးလိပ်သောက်သုံးသူများ ဖြစ်နေကြသည်။
နှလုံးရောဂါ ဖြစ်နိုင်ခြေမှာ သွေးတိုးရှိသူများတွင် ပိုမိုများပြားပြီး သွေးတိုးရှိသူ၏ ၃၀ ရာခိုင်နှုန်းမှာလည်း ဆီးချိုရှိသူများ ဖြစ်နေကြလျက် ၆၀ ရာခိုင်နှုန်းမှာ ကိုလက်စထရောဓာတ် မြင့်မားနေသူများ ဖြစ်သည်ဟု ဆိုပါသည်။
“မြန်မာနိုင်ငံတွင် ဆား စားသုံးမှုမြင့်မားပြီး လူများအနေဖြင့်လည်း တာရှည်ခံအောင် ဆားအများအပြားဖြင့် ပြုလုပ်ထားသော အစားအသောက်များကို ပိုမိုနှစ်သက် စားသုံးနေကြသည်” ဟု ဒေါက်တာ နွယ်နွယ်က ပြောပါသည်။
ဒေါက်တာ နွယ်နွယ်က ထပ်ဆင့် ပြောကြားရာတွင် လူများစုက အဓိကကျသော ဗီတာမင် နှင့် သတ္တုဓာတ်များချို့တဲ့နေကြကြောင်းဆိုပါသည်။
“လူများစုတွင် ပုံမှန် ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ကြသကဲ့သို ့ မြန်မာနိုင်ငံတွင် အလွယ်တကူ ရရှိနိုင်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးမှု နည်းပါးကြသည်” ဟုလည်း ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံတွင် အာဟာရဓာတ် ၅ မျိုးချို့တဲ့ခြင်းက အဓိက အာဟာရဆိုင်ရာ ပြဿနာဟု သတ်မှတ်ထားသည်။
၄င်းတို့မှာ အသားဓာတ်ချို့တဲ့မှု၊ အိုင်အိုဒင်း၊ ဗီတာမင် အေ၊ သံဓာတ် နှင့် ဗီတာမင် ဘီ ဝမ်း ချို့တဲ့မှုများ ဖြစ်သည်။
အခြားသော အရှေ့တောင်အာရှ နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့် အာဟာရချို့တဲ့မှု နှင့် အဝလွန်မှု ဟူသည့် ဝန်ထုတ်ဝန်ပိုး နှစ်မျိုးကို ကြုံတွေ့ နေရပါသည်။
အသက် ၅ နှစ်အောက် ကလေးများ၏ ၂၀ ရာခိုင်နှုန်းက သတ်မှတ်ကိုယ်အလေးချိန် မပြည့်သူများ (ပေါင်ချိန်နည်းနေသူများ) ဖြစ်ပြီး အသက် ၁၅ နှစ်နှင့် ၆၄ နှစ်ကြား လူဦးရေ၏ ၂၅ ရာခိုင်နှုန်းမှာ အဝလွန်သူများ ဖြစ်နေကြသည်။
ယခုအပတ်အတွင်း ရန်ကုန်မြို့တွင် ကျင်းပသော ကွန်ဖရင့်မှ သွေးတိုးရောဂါ နှင့် ကိုလက်စထရော မြင့်မားမှုကို ကုသထိန်းချုပ်ရေးအတွက် နောက်ဆုံးပေါ် အချက်အလက်များအပေါ် ဦးတည်ခဲ့ကြပါသည်။
ဥရောပ နှလုံးရောဂါဆိုင်ရာ အဖွဲ့ကြီး (European Society of Cardiology – ESC) ကလည်း ဥရောပနိုင်ငံများမှ နှလုံးရောဂါဆိုင်ရာ ကာကွယ်တားဆီးမှု လမ်းညွှန်ချက်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ESC ဥက္ကဋ္ဌဟောင်း နှင့် မြန်မာနိုင်ငံတွင်း ESC စီမံချက်၏ ညွှန်ကြားရေးမှူး ပါမောက္ခ Michel Komajda ကလည်း “နှလုံးရောဂါသည် ကမ္ဘာ့ နံပါတ် ၁ လူသတ်သမားဖြစ်ပြီး သေဆုံးမှု အများစုမှာ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံ ကျင့်သုံးခြင်း၊ ဆေးကုသမှု တိတိကျကျ ခံယူခြင်းတို့ဖြင့် ကာကွယ်တားဆီး၍ရနိုင်ပါသည်” ဟုပြောကြားခဲ့သည်။
AFC ၂၀၁၆ ၏ ဦးတည်ချက်မှာ “နှလုံးကျန်းမာရေး အတွက် အတူတကွပူးပေါင်း ဆောင်ရွက်ရေး” ဖြစ်သည်။ ဒေါက်တာ နွယ်နွယ်က “ASEAN နိုင်ငံများ အနေဖြင့် နှလုံးနှင့် ပတ်သက်သော ရောဂါများ ကုသရေး၊ ကာကွယ်ရေး တို့ မြင့်မားလာစေရန် အတွက် အသိပေးဆွေးနွေးခြင်း၊ သုတေသနပြုခြင်းများ အတူတကွ ပူးပေါင်း ဆောင်ရွက်နေပါသည်” ဟု ပြောကြားခဲ့ပါသည်။
Nutrain Gredients-Asia တွင် ဖော်ပြထားသော Gary Scattergood ၏ Myanmar: Half of population over 40 has high cholesterol, one – in – three has hypertension ကို ဘာသာပြန်ဆိုသည်။