ပင်လင်ပြင်သည်မိန်းကလေးကိုညှို့ငင်လျက်ရှိ၏။မတ်စောက်သောချောက်ကမ်းပါးသည်မိန်းကလေးကိုဖျားယောင်းလျက်ရှိ၏။သူတို့ထံ၌လာလည့်နေလှည့်အိပ်စက်လှည့်ဟုသိမ်းသွင်းလျက်ရှိ၏။
သူပင်ပန်းလှပါပြီ၊ချစ်သောသူပြန်လာမည်လားအထင်ဖြင့်သည်အရပ်ဆီမှနေ့စဉ်မျှော်လင့်ခဲ့ရသည်မှာနွေအကြိမ်ကြိမ်၊ဆောင်းအကြိမ်ကြိမ်၊မေပယ်လ်ရွက်တွေဘယ်နှစ်ဝါဝါခဲ့ပြီးပြီလဲမမှတ်မိနိုင်အောင်ရှိ၏။ပေါ်ပလာပင်တွေဘယ်နှစ်ကြိမ်ရွက်သစ်ဝေခဲ့ပြီးပြီလဲမရေတွက်မိလောက်အောင်ရှိ၏။
သူဆုံးဖြတ်ပြီးပါပြီ။သည်ကမ်းပါးမှပင်လယ်တွင်းသို့သက်ဆင်းခဲ့သည့်အိပ်မက်တွေလည်းညစဉ်ညစဉ်သည်နေရာမှကျောက်ဆောင်ရေစပ်သို့ခုန်ဆင်းခဲ့သည်စိတ်ကူးတွေလည်းနေ့စဉ်နေ့စဉ်။
သက်ဆုံးတိုင်နေ့နေ့ညညယောင်ယမ်းရွတ်ဆိုနေမိသည်မှာချစ်သူအမည်ဖြစ်၍ပြုံးလဲ့စူးစိုက်ကြည့်လိုသည်မှာချစ်သူ့မျက်ဝန်းတို့ဖြစ်လေသည်။
သူ့ရန်အန္တရာယ်ခပ်သိမ်းကိုချစ်သူကဒိုင်လွှားပမာကာကွယ်တားဆီးပေးရန်အလိုရှိ၍၊ချစ်သူ၏နွမး်နယ်သောကကိုအကြင်နာဖြင့်ယုယဖျောက်ဖျက်ပေးချင်သေးသည်။ရှင်သန်ခဲ့ချင်သည်မှာချစ်သူ့နှလုံးအိမ်၌ဖြစ်၍သူဇီဝိန်ငြိမ်းချုပ်ချင်သည်မှာချစ်သူ့ရင်ခွင်၌ဖြစ်ပြန်သည်။
ယခုတော့ထိုသို့မဖြစ်နိုင်တော့ပြီ။မိန်းကလေးသည်ကမ်းပါးစပ်ဆီသို့တရွေ့ရွေ့ …။နား၌ချစ်သူ့ခေါ်သံကိုကြားယောင်ရသည်သို့ထင်မှတ်မိပြန်သည်။ချစ်သောသူထံသူသွားတော့မည်။ကမ်းပါးနှင့်တစစနီးကပ်လာလျှင်ခေါ်သံကပိုမိုပီပြင်လာသည်သို့ရှိ၏။ချောက်နက်ဆီသို့ရောက်ရန်အနည်းငယ်သာလိုတော့သည်။မျက်စေ့ကိုမှိတ်လိုက်၏။ကျယ်လောင်အော်ဟစ်သံနှင့်အတူသူ့ကိုကမ်းပါးမြေပြင်ပေါ်သို့ဆွဲယူလိုက်သည်ကိုခံစားလိုက်ရလေသည်။
မျက်စေ့ကိုဖွင့်လျင်အံ့သြဝမ်းနည်းသောမျက်နှာကိုအံ့သြဝမ်းနည်းသောမျက်နှာကမြင်ရ၏။မျက်ရည်နှင့်ပြည့်သောမျက်ဝန်းကိုမျက်ရည်နှင့်ပြည့်သောမျက်ဝန်းကကြည့်မိ၏။မြဲမြံသောလက်တစုံကိုမြဲမြံသောလက်တစုံကတွဲနှောင်လျက်ရှိ၏။
လွန်ခဲ့သာနှစ်ပေါင်း၃၀ဝကျော်ကအိုင်ယာလန်ကျွန်း၏အနောက်တောင်ဘက်ဂါလာဝေး (Galaway) ဒေသတွင်ပင်လယ်ပြင်ကိုစီးမိုးကြည့်မြင်နေရသောတံငါရွာကလေးတရွာရှိခဲ့သည်။ထိုရွာကလေးမှဤပုံသဏ္ဍန်ရှိသောလက်စွပ်စတင်ပေါ်ပေါက်လာသည်မို့ရွာအမည်ကိုအစွဲပြု၍ “Claddagh” လက်စွပ်ဟူ၍အမည်တွင်ခဲ့ခြင်းပင်။
တနေ့သောအါထိုရွာမှရော်ဘတ်ဂျွိုက် (Robert Joyce) ဆိုသောလူငယ်လေးတဦးသည်ငါးဖမ်းထွက်ခဲ့ရာကမ်းနှင့်ဝေးလှသောပင်လက်နက်နက်၌အယ်လ်ဂျီးရီးယားပင်လယ်ဓားပြတို့၏ဖမ်းဆီးခြင်းကိုခံလိုက်ရလေသည်။ဓားပြတို့ကထိုလူငယ်လေးကိုအယ်လ်ဂျီရီးယားမှချမ်းသာကြွယ်ဝသောပန်းတိမ်တဦးထံကျေးကျွန်အဖြစ်ရောင်းစားလိုက်ကြသည်။
ထိုပန်းထိမ်ဆရာထံတွင်အလုပ်လုပ်ရင်းပန်းတိမ်ပညာ၌တစတစကျွမ်းကျင်လာ၏။လွတ်မြောက်မည့်နေ့ကိုစောင့်မျှော်လျက်ရှိသောလူငယ်သည်ချစ်သူနှင့်ပြန်လည်ဆုံစည်းလျှင်ပေးရန်သူ့အတတ်ပညာဖြင့်လက်စွပ်ကလေးတကွင်းဖန်တီးထားလေသည်။
၁၆၈၉ခုနှစ်၏တခုသောကာလတွင်တတိယမြောက်ဝီလျံဘုရင်၏အမိန့်ဖြင့်သုံ့ပန်း၊ကျေးကျွန်တို့ကိုအခွင့်အလွတ်ပြုခဲ့ရာရောဘတ်လည်းလွတ်မြောက်လာခဲ့ရသည်။
သခင်ဟောင်းဖြစ်သူကရောဘတ်ကိုသူ့အရပ်မှာဆက်လက်နေစေချင်သည်။သူ့သမီးနှင့်စုံဖက်ကာထက်ဝက်သောစည်းစိမ်ကိုခွဲဝေပေးမည်ကမ်းလှမ်းသည့်တိုင်ရောဘတ်ငြင်းဆန်ခဲ့လေသည်။သူ့နှလုုံးသားကသည်မှာမဟုတ်၊သူ့နှလုံးသားလမ်းညွှန်ရာချစ်ရပ်မြေသို့သူပြန်လာခဲ့ပေသည်။
သရဖူဆောင်းထားသောနှလုံးသားကိုလက်တစုံကတယုတယကိုင်၍တစုံတဦးသို့ကမ်းလင့်နေဟန်ထုဆစ်ထားသောလက်စွပ်ကလေးသည်မိန်းကလေးမျက်မှောက်၌တဖျပ်ဖျပ်။
လက်စွပ်အလည်မှနှလုံးသားသည်မေတ္တာတရားကိုရည်ညွှန်းခြင်းဖြစ်၏။လက်တစုံ၏အဓိပ္ပါယ်မှာပေါင်းစည်းစေ့စပ်ခြင်း၊မခွဲခွာခြင်းဟူသောသဘောကိုဆောင်၏။ထိုမေတ္တာ၊ထိုပေါင်းစည်းခြင်းကိုအမွန်အထွဋ်ပြုသည့်သဘောဖြင့်သရဖူစီရင်၏။၎င်းမှာသစ္စာတရားကိုညွှန်းဆိုခြင်းဖြစ်၏။ထိုကဲ့သို့သောသဘောပါသည့်လက်စွပ်ကလေးသည်ရောဘတ်တို့ချစ်သူနှစ်ဦး၏လက်ထပ်လက်စွပ်ဖြစ်လာခဲ့သည်။သည်တို့ဖြင့်ယဉ်ကျေးမှုသမိုင်း၌Claddaghလက်စွပ်ဟူ၍ပေါ်ပေါက်လာလေသည်။
၁၇၃၇ခုနှစ်တွင်ရောဘတ်ကလက်စွပ်လုပ်ငန်းကိုရပ်တန့်လိုက်ရ၏။သူ၌လုပ်ငန်းအမွေဆက်ခံမည့်သားမရှိ၊သည်သို့ဖြင့်ဂါလာဝေးနယ်ရှိပန်းတိမ်ပညာရှင်များ၊ရတနာကုန်သည်များက “Claddagh” လက်စွပ်ကိုဖန်တီးလာကြသည်။
၎င်းတို့အနက်အထင်ရှားဆုံးမှာဒီလီယန် (Dillion) ဖြစ်၏။၁၇၅၀မှစတင်ခဲ့သောသူ့လုပ်ငန်းသည်သာစဉ်မြေးဆက်တလက်ပြီးတလက်ဖြင့်ယနေ့တိုင်ဂါလာဝေး၌ဂုဏ်သတင်းကြီးနေဆဲ။
လက်စွပ်ဝတ်ဆင်ပုံကိုကြည့်ခြင်းအားဖြင့်ဝတ်ဆင်သူ၏အချစ်ရေးအခြေအနေကိုသိရှိနိုင်ပေသည်။
ညာလက်တွင်အသဲနှလုံးကအပြင်သို့ကမ်းလင့်နေဟန်ဝတ်ဆင်လျင်၊လွတ်လပ်သူ၊ချစ်သူမရှိသေးသူဟုသဘောရ၏။ညာဘက်တွင်အသဲနှလုံးကိုဝတ်ဆင်သူဘက်သို့လှည့်ထားလျှင်ရည်ရွယ်ထားသူရှိပြီး၊ချစ်သူရှိပြီးဟုအဓိပ္ပါယ်ဆောင်၏။
ဘယ်လက်တွင်အသဲနှလုံးကိုအပြင်သို့ကမ်းလင့်ဟန်ဝတ်ဆင်လျှင်စေ့စပ်ပြီးဟုဆိုလိုခြင်းဖြစ်၏။
ဘယ်လက်တွင်အသဲနှလုံးကိုမိမိဘက်သို့ဦးတည်လိုက်လျှင်လက်ထပ်ပြီးကြောင်းပြသည့်သဘောဖြစ်၏။
Claddaghလက်စွပ်မှာမိန်းကလေးများကိုယ်တိုင်ဝယ်ယူဝတ်ဆင်ကြသည့်ပစ္စည်းမဟုတ်၊အမွေအနှစ်အဖြစ်လည်းကောင်း၊လက်ဆောင်အဖြစ်လည်းကောင်း၊လက်ထပ်၊စေ့စပ်ခြင်းနှင့်ပတ်သက်၍လည်းကောင်းရှိမှဝတ်ကြလေ့ရှိ၏။