Honda အနေနဲ့ပါ နာမည်တူ ပုံစံ ရနိုင်မယ့် မော်ဒယ်တခုကို အခု တပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။ Yamaha Brand အနေနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပေမယ့် Honda အနေနဲ့လည်း ထွက်ရှိပါတယ်။
မြို့တွင်းသုံး မော်ဒယ်တွေထဲမှာတော့ ဈေးလည်း သင့်တင်ပြီး ရုပ်ထွက်ပိုင်းက ဆွဲဆောင်မှု ရှိတာထက် ချစ်စရာကောင်းတယ်လို့ ဆိုရမယ့် Yamaha Fino ကို ရွေးချယ် မိတ်ဆက်ပေးချင်ပါတယ်။
Honda အနေနဲ့ကတော့ ပုံစံ တူပေမယ့် ဈေးနှုန်းပိုင်း နည်းနည်း ပိုချင်တာကြောင့် ထားခဲ့ပါရစေ။ ပြည်တွင်း ဈေးကွက်ကိုတော့ ၂၀ဝ၅ ခုနှစ်လောက် ကတည်းက ပွဲထွက်ခဲ့တာ ဖြစ်ပြီး အရမ်းကို အောင်မြင်ခဲ့ပါတယ်။ အခုလည်း လူကြိုက်များနေဆဲပါပဲ။
Click တွေ ဈေးကွက် ဝင်လာတာကြောင့် ဈေးကွက် အနည်းငယ် လျော့သွားပေမယ့် Honda Click တွေက ဈေးနည်းနည်း များချင်သလို တရုတ်ဘက်က ဝင်တဲ့ Click တွေက အရည်အသွေး နည်းချင်တာကြောင့် ထိုင်းဘက်ကနေဝင်တဲ့ Fino တွေ ဈေးကွက် ခိုင်မာနေသေးတာ တွေ့ရပါတယ်။
သူ့ကို ဈေးကွက်အလိုက် Vino လို့လည်း ခေါ်တာ တွေ့ရပါတယ်။ အမေရိကနဲ့ ဥရောပ ဈေးကွက် တချို့ကို Vino အနေနဲ့ဖြစ်ပြီး Fino ကတော့ အာရှ ဈေးကွက်အတွက် နာမည်ပါ။ ဒါပေမယ့် မော်ဒယ်ကတော့ အတူတူပါပဲ။
အင်ဂျင်က ၁၂၅ စီစီသုံး ဖြစ်ပြီး မြို့တွင်းသုံး မော်ဒယ် ဖြစ်ပေမယ့် နယ်ဝေး မောင်းနှင်မယ် ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ထိုင်ခုံတန်း တိုတောင်းမှုရယ်၊ ဂီယာပိုင်းက CVT ဖြစ်နေတာတွေကြောင့် တောက်တက်လမ်းပိုင်းတွေအတွက် ခရီးဝေး မောင်းနှင်မယ် ဆိုရင်တော့ အဆင်မပြေချင်ပါဘူး။
4-Stroke အင်ဂျင်စနစ် ဖြစ်ပေမယ့် တခြား Dream နဲ့ Wave တွေလောက် အင်ဂျင်သံ မထွက်ပါဘူး။ အိတ်ဇောပိုင်းမှာ နည်းပညာ မြင့်မားအောင် ဖန်တီးထားတာကြောင့် ဖြစ်ပြီး အင်ဂျင်မှာ လေအေးပေးစနစ်ကို ထည့်ထားတာ တချက်က နည်းပညာ ကောင်းမွန်မှုကို မြင်တွေ့စေနိုင်ပါတယ်။
တနာရီ မိုင် ၅၅ နှုန်း (ကီလို ၈၉) အထိအောင် အမြန်ဆုံး မောင်းနှင်နိ်ုင်ပြီးတော့ ဒီမော်ဒယ်ကို မန်းဈေးကွက်မှာ အထူး လူကြိုက်များတာ တွေ့ရပါတယ်။ ဆီတဂါလံကို ၅၇ မိုင်အထိအောင် စီးနင်းနိုင်ပါလိမ့်မယ်။
၂၀၁၅ ခုနှစ် မော်ဒယ်လောက်ထိအောင် ဈေးကွက်မှာ အလွယ်ရနိုင်ပြီး ဈေးက ၁၅ သိန်းခန့် ရှိပါတယ်။ အမေရိက ဈေးကွက်အတွက် ထုတ်လုပ်တဲ့ Vino မော်ဒယ်က ဆီစားနည်းနည်း ပိုချင်ပြီး မြန်နှုန်းပိုမို မြန်ဆန်အောင် မောင်းနှင်နိုင်ပေမယ့် အာရှဈေးကွက်အတွက် ထုတ်လုပ်ထားတဲ့ Fino က မြို့တွင်းသုံး မော်ဒယ်အဖြစ် ပိုပြီး အံဝင်ကောင်းမွန်တာ တွေ့နိုင်ပါတယ်။
ခရီးတဆက်တည်း မိုင် ၃၀ ထိအောင် မောင်းနှင်ဖို့ သင့်ပေမယ့် အဆိုပါ ခရီးရောက်ရင်တော့ အနားပေးသင့်ပါတယ်။ တကယ်လို့ အချိန်နဲ့ မောင်းမယ် ဆိုရင်တော့ ပုံမှန် Auto နဲ့ ဘီးတွေလို ၄ နာရီမောင်း ၁ နာရီ အနားပေးပုံစံ မဟုတ်ဘဲ ၃ နာရီမောင်း ၁ နာရီ အနားပေး ပုံစံနဲ့ မောင်းနှင်တာအကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
ဝန်တင်ဆောင်နိုင်မှု အားနည်းပြီး လူစီး ၂ ယောက်အတွက်ပဲ အကောင်းဆုံး ဖြစ်မှာပါနော်။ တကယ်လို့ ဝန်တင်ဆောင်မယ် ဆိုရင်တော့ ကီလို ၇၅ လောက်ထိပဲ လမ်းကြောင်းစုံ အတွက် အကောင်းဆုံး ဖြစ်ပါမယ်။
ဒီနေရာမှာ Fino နဲ့ ပတ်သက်ပြီး သတိထားစရာ တချက်က စက်သုံးဆီ အပိုင်းမှာ အဆင့်မြင့် စက်သုံးဆီကိုပဲ သုံးသင့်သလို အမျိုးအစားပြောင်းလဲ အသုံးပြုတာမျိုး ဥပမာ 95 သုံးနေကျကို 92 ပြောင်းသုံးတာမျိုး၊ တခါတလေရောသုံးတာမျိုး မလုပ်တာ အကောင်းဆုံးဖြစ်မှာပါ။