ခေါင်းစဉ်မှာ ဈေးကွက်ဝင်လို့ သုံးလိုက်တာကတော့ ကားလောကမှာ Concept ဆိုတဲ့ မော်ဒယ် ထုတ်လုပ်မှု အဆင့်တမျိုးရှိသေးလို့ ဖြစ်ပါတယ်။ Concept ဆိုတာကတော့ ဈေးကွက် တင်ရောင်းချနိုင်သည် ထိအောင် အဆင့် မဟုတ်သေးပဲ စမ်းသပ်ဆဲ၊ ဖန်တီးဆဲ မော်ဒယ်လို့ ဆိုရမှာပါ။
ဒီတော့ အခု RAM 3500 ဆိုတာက ဈေးကွက်ထဲမှာ ကိုယ် ဝယ်ချင်ရင် ဝယ်လို့ရနိုင်အောင် အဆင့်သင့်ရှိနေပြီး ဖြစ်တဲ့ မော်ဒယ်ပါ။ ဒီထဲကမှ ကမ္ဘာ့ ဈေးကွက်တခုလုံးရဲ့ အတိုင်းအတာနဲ့ ကြည့်မယ် ဆိုရင်ပါ 3500 က ဝန်တင်ဆောင်နိုင်မှု အကောင်းဆုံး ဖြစ်လို့ အားလုံးအနေနဲ့ သူ့အကြောင်း သိထားရအောင် ပြောပြချင်တာ ဖြစ်ပါတယ်။
လက်ရှိ အချိန်ထိအောင် သူ့ရဲ့ ဝန်တင်နိုင်အားကို မီတဲ့ မော်ဒယ် မရှိသေးဘူး။ ရုန်းအား၊ ခံနိုင်ရည်၊ စွမ်းဆောင်ရည်၊ အားလုံး ထိပ်တန်းအဆင့်ပါ။ အမေရိကန်ထုတ် မော်ဒယ်ဖြစ်လို့ ဆီစားတော့ များသည့်တိုင် ကမ္ဘာ့ စွမ်းဆောင်ရည် အမြင့်ဆုံးဆိုတဲ့ သတ်မှတ်ချက်က စိတ်ဝင်စားနေစေပါတယ်။ ဒါဆို သူ ဘယ်လောက် စွမ်းဆောင်နိုင်ပါသလဲ။
မော်ဒယ်ကို ရုန်းကန်နိုင်မှု ဦးစားပေး မော်ဒယ် အဖြစ် ဖန်တီးထားတာကြောင့် ဒီဇယ်အင်ဂျင်စနစ်ကို သုံးထားတာ တွေ့ရသလို ဂီယာပိုင်းကတော့ Auto နဲ့လည်း ရနိုင်သလို Manualနဲ့ ထုတ်ပါတယ်။
ဇိမ်ခံမော်ဒယ်မျိုး အပြင်အဆင်ကို ဖန်တီးထားပြီး Ext Cab အနေနဲ့ရော Double Cab အနေနဲ့ပါ ရနိုင်ပါတယ်။ အတွင်းပိုင်းမှာ Vinyl နဲ့ အထည် ဦးစားပေး ပုံစံ ၃ မျိုး ထုတ်လုပ်ပါတယ်။ ကိုယ်ထည်က အကြီးစားတန်းဝင် မော်ဒယ် ဖြစ်ပြီး အလျား ၁၉ ပေနဲ့ ၂.၄ လက်မ၊ မျက်နှာစာ အကျယ် ၆ ပေနဲ့ ၆.၉ လက်မ၊ အမြင့် ၆ ပေနဲ့ ၄.၉ လက်မ ရှိမှာပါ။ လမ်းကြမ်းမောင်း မော်ဒယ် ဖြစ်ပေမယ့် ကိုယ်ထည်က မြေပြင်နဲ့ ၆ လက်မခွဲပဲ ကွာဟပါတယ်။
3500 မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ၅.၇ လီတာသုံး V8 အင်ဂျင် ဖြစ်ပြီးတော့ V8 တန်းဝင်တွေထဲမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။ အင်ဂျင်က အခြေခံ လည်ပတ်အား တမိနစ် အပတ်ရေ ၄၀ဝ၀ မှာတင် ရုန်းအားက ၄၀ဝ ပေါင်-ပေရှိမှာ ဖြစ်ပြီး စွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၃၈၃ ကောင်အား ဖြစ်ပါတယ်။
ရုန်းအားကို ဦးစားပေးထားတာကြောင့် အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းတွေမှာတော့ အားနည်းချင်မှာ ဖြစ်ပြီး အင်ဂျင် အရွယ်ကြီးမားတာကြာင့် ဆီစားနှုန်း ထိန်းနိုင်အောင် အင်ဂျင်ရဲ့ လည်ပတ်အားကိုတော့ ထိန်းထားတာ တွေ့ရပြီး တမိနစ်ကို အမြင့်ဆုံး အပတ်ရေ ၅၆၀ဝ ပဲ လည်ပတ်စေမှာ ဖြစ်ပါတယ်။
မော်ဒယ်ကို နောက်ဘီးယက်စနစ်နဲ့ ဂီယာချက် ၆ ချက်သုံးပြီး မောင်းနှင်နိုင်မှာပါ။ ဝန်တင်ဆောင်နိုင်မှုကတော့ အလေးချိန် ပေါင် ၁၃၉၁၀ ထိအောင် တင်ဆောင် မောင်းနှင်နိုင်မှာ ဖြစ်ပြီး နောက်ဆွဲဝန် အနေနဲ့ကတော့ ပေါင် ၄၄၈၀ ထိအောင် ဆွဲငင်ပေးနိုင်ပါလိမ့်မယ်။
ဒါဟာ Pick-up Truck လောကရဲ့ ကမ္ဘာ့အကောင်းဆုံး စွမ်းဆောင်ရည်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိသွားစေတာလည်း ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ တပ်ဆင် ဆီတိုင်ကီက ၃၂ ဂါလံဆံ့ပါတယ်။ ပျမ်းမျှ ဆီစားနှုန်းက ဆီတဂါလံကို ၁၆ မိုင်လောက်ပဲ ရှိမယ်။ ဒါက ဝန်တင်ဆောင်သည် ဖြစ်စေ၊ မတင်ဆောင်သည် ဖြစ်စေပေါ့။
ဒါပေမယ့် ဝန် အနည်း၊ အများနဲ့ တင်ဆောင်ခြင်း မရှိတဲ့ အပေါ် အနည်းငယ်လောက်ပဲ ကွဲပြားမှာပါ။ ဒါတွေက Ram 3500 ဆိုတဲ့ ကမ္ဘာ့ဝန်တင်ဆောင်နိုင်မှု အကောင်းဆုံး Pick-up Truck အကြောင်း သိကောင်းစရာလေး တချို့ပါ။
Hummer တွေကိုတောင် လက်ခံ စီးနင်းနေတဲ့ ပြည်တွင်း အနေအထားမှာ စွမ်းဆောင်ရည် အကောင်းဆုံးဆိုတဲ့ မော်ဒယ်ကို စိတ်ဝင်စားမယ် ဆိုရင် ရနိုင်နေပြီ ဆိုတာတချက်က စိတ်ဝင်စားစရာပါ။