ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးပြီး သရုပ်ဆောင် ရန်အောင်၊ မြင့်မြတ်၊ခင်လှိုင်၊ ငြိမ်းချမ်းကျော်၊ နေဝင်း (Snare) ၊ နန်းဆုဦး၊ ပိုးအိအိခန့်နဲ့ သက်ထားဝေဇင်တို့ ပါဝင်သရုပ်ဆောင်ကြမယ့် “အယူတော်မင်္ဂလာ” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကန်တော့ပွဲပေးနေတဲ့အချိန်မှာပဲ အဆိုပါ ဇာတ်ကားရဲ့အမည်ကို ပြန်လည်ပြောင်းလဲရမယ့် အခြေအနေတရပ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။
ဒီ ရုပ်ရှင်ဇာတ်ကားရဲ့ ကန်တော့ပွဲပေးခြင်း အခမ်းအနားကို ဒီနေ့ နံနက်(အောက်တိုဘာ ၂၆) တွင် ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလို ရုပ်ရှင်ဇာတ်ကားရဲ့ မူလအမည်ကို ပြောင်းလဲပေးရမယ့် အခြေအနေကို ဒါရိုက်တာ ညိုမင်းလွင်က ပွဲသို့ ရောက်ရှိလာတဲ့ စာနယ်ဇင်းများကို ပြောကြားခဲ့ပါတယ်။

“ကျနော်အခု စာနယ်ဇင်းပွဲ လုပ်နေတဲ့အချိန်မှာပဲ ကျနော် လက်ခံနားထောင်လိုက်ရတဲ့ ဖုန်းတခုရှိပါတယ်။ အဲ့ဒါလေးတခုကိုတော့ လေးလေးနက်နက် ပြောချင်ပါတယ်။ ကျနော်နားထောင်လိုက်ရတဲ့ ဖုန်းအရ ဒီနာမည်ဟာ ပြောင်းချင်လည်း ပြောင်းရပါလိမ့်လို့ ကြားထားရပါတယ်။ ဒါကြောင့် ကန်တော့ပွဲပေးပြီး နာမည်ပြောင်းလိုက်ရတဲ့ အပေါ်မှာ ပရိသတ်တွေအားလုံးနဲ့ စာနယ်ဇင်းဆရာများအားလုံးက နားလည်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်လို့” ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ဒီ ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်လို့ ဒါရိုက်တာ ညိုမင်းလွင်က ကန်တော့ပွဲမတိုင်ခင်က ဇာတ်ကားရဲ့အမည်ကို စာနယ်ဇင်းများအား အသိပေးပြောကြားခြင်း မရှိဘဲ ပွဲသို့ရောက်ရှိလာတော့မှသာ “အယူတော်မင်္ဂလာ” လို့ အမည်ပေးထားတဲ့အကြောင်းကို အသိပေးတာပါ။
ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ ဇာတ်ကားတော်တော်များများဟာ ဆင်ဆာမရရှိခြင်း၊ ဇာတ်ကားအမည် ပြောင်းလဲရခြင်းတို့နဲ့ မကြာခဏ ကြုံရလေ့ရှိကြောင်း သိရပါတယ်။
အခုလည်း ဒီ “အယူတော်မင်္ဂလာ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကား အမည်ပြောင်းချင်ပြောင်းရလိမ့်မယ်လို့ ဆိုတဲ့အပေါ် ဒါရိုက်တာ ညိုမင်းလွင်က “ကျနော်မေးချင်တာက ဒီ ဇာတ်ကားနာမည်က ဘာများညစ်ညမ်းတာပါလို့လဲ။ အများပြည်သူ မကြားဝံ့စေတဲ့ နာမည်မျိုးဖြစ်နေလို့လား။ မောင်နဲ့အမိ နားထောင်လို့ အဆင်မပြေတဲ့ နာမည်မျိုး ဖြစ်နေလို့လား။ နိုင်ငံရေး အသွေးအရောင်ပါလို့လား။ ဘာသာရေး လူမျိုးရေးကို ထိခိုက်လို့လား ဆိုတာကိုပဲ ပြန်မေးချင်ပါတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး အယူတော်မင်္ဂလာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအမည်ကိုပေးဖြစ်ခြင်းနဲ့ ပတ်သက်လို့ “ကျနော်တို့ မြန်မာရာဇဝင်မှာ အယူတော်မင်္ဂလာဦးနိုး ဆိုတာ ရှိတယ်။ သူက အတိတ်တွေ နိမိတ်တွေကို အရမ်းယုံကြည်တဲ့ တယောက်၊ အဲ့ဒီလိုပဲ စီးပွားရေးသမားထဲမှာလည်း အတိတ်တွေ နိမိတ်တွေကို ယုံကြည်တဲ့သူတွေရှိတယ်။ အဲ့ဒီလိုယုံကြည်တဲ့သူကို ဝိုင်းပြီး ဒုက္ခပေးကြတဲ့ ဇာတ်လမ်းဖြစ်တဲ့အတွက် ဒီ နာမည်ပေးထားတာ” လို့လည်း ဒါရိုက်တာ ညိုမင်းလွင်က ရှင်းပြပါတယ်။
ဒီ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ညွှန်းမှာ ဆူးခက်မင်းဖြစ်ပြီး ဒီ ဇာတ်ကားကို နိုဝင်ဘာ ၂ ရက်နေ့မှာစတင်ပြီး ရိုက်ကူးတော့မှာဖြစ်တယ်လို့ သိရပါတယ်။