လူတိုင်းလူတိုင်း အလှအပကို နှစ်သက်ကြပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ လှပမှုမျိုးမဟုတ်ရင်တောင် ကိုယ် နေ့စဉ်နေထိုင်ရာ နေရာပတ်ဝန်းကျင်များကိုတော့ သန့်ရှင်းသပ်ရပ် လှပနေအောင် ပြုပြင်ဖန်တီး အလှဆင်တတ်ကြတာပါပဲ။
အလုပ်စားပွဲ၊ အိပ်ခန်း၊ ဧည့်ခန်းစားပွဲလို နေရာမျိုးတွေမှာ အလှပန်းအိုး ဒါမှမဟုတ် အလှရုပ်များ အလှပန်းများ စသဖြင့် ကိုယ်နှစ်သက်ရာ အရာဝတ္ထုပစ္စည်းတွေနဲ့ မျက်စိပသာဒဖြစ်အောင် ပြုပြင်ဖန်တီး အလှထားတတ်ကြပါတယ်။
ဒီလို ပြုပြင်ဖန်တီးအလှဆင်ရတာကို နှစ်သက်သဘောကျသူတွေအတွက် နှစ်တော်တော်ကြာကြာ မနွမ်းမခြောက်ပဲရှိနေမယ့် ပြုပြင်ဖန်တီးထားတဲ့ နှင်းဆီပန်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
နှင်းဆီပန်းစစ်စစ်ဖြစ်ပြီး တောင်အမေရိကတိုက်ရှိ အီကွေဒေါနိုင်ငံမှ နာမည်ကြီး Rose Amor အမှတ်တံဆိပ် နှင်းဆီပန်းများဖြစ်တယ်လို့ သိရပါတယ်။
“ဖုန်ထူတဲ့နေရာတွေ၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ ထားလို့မရပါဘူး။ ရေလည်း စိုလို့ မရဘူးပေါ့နော်။ အရောင်အနေနဲ့ အနီ၊ အနက်၊ အဝါနဲ့ သက်တံ့ရောင်ပေါ့။ နှင်းဆီစစ်စစ်ဆိုပေမယ့် ကြာရှည်ခံအောင် ဆေးထိုးထားရတဲ့အတွက် နှင်းဆီနံ့တော့မရှိတော့ပါဘူး။ သူ့ရဲ့ အဓိက ထူးခြားချက်က တာရှည်ခံတာပေါ့။ သေချာ ထိန်သိမ်း ထားမယ်ဆိုရင်တော့ အနည်းဆုံး ၄၊ ၅နှစ်တော့ အထားခံပါတယ်” လို့ Royal Roses Yangon မှ ကိုညီညီထွန်းက ဧရာဝတီကို ပြောပါတယ်။
နှင်းဆီပန်းအမျိုးအစားတွေကတော့ Tierra နဲ့ Amoroso အမျိုးအစားတွေဖြစ်ပြီး အဆိုပါ ပန်းများကို ကြာရှည်ခံအောင် ပြုပြင်ဖန်တီးယူထားခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။
ပန်းရဲ့အရွယ်အစားအနေနဲ့ XL နဲ့ XXL ဆိုပြီး ၂ မျိုးရရှိနိုင်တယ်လို့ သိရပါတယ်။
ပန်းရဲ့အရွယ်အသေးက ၅.၅ စင်တီမီတာကနေ ၆ စင်တီမီတာရှိပြီး ဈေးနှုန်းက ၂၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ဆိုဒ်အရွယ်အကြီးကတော့ ၉ စင်တီမီတာကနေ ၁၀ စင်တီမီတာရှိပြီး ဈေးနှုန်းအနေနဲ့ ၃၀၀၀၀ ကျပ်လို့ သိရပါတယ်။
အခုချိန်မှာ လက်ဆောင်ပေးဖို့ ဝယ်ယူသူ ပိုများနေတယ်လို့လည်း သိရပါတယ်။ အခန်းအပူချိန်အပေါ်လိုက်ပြီး ညှိုးနွမ်းတတ်တာမို့ အခန်းရဲ့ အပူအအေးကိုလည်း ဂရုစိုက်ရပါမယ်။
“ခုလက်ရှိမှာတော့ လက်ဆောင်ပေးတဲ့သူတွေ အများဆုံး စိတ်ဝင်စားကြပါတယ်။ လက်ဆောင်ပေးချင်သူတွေအတွက်လည်း လိုအပ်တဲ့ accessories တွေ၊ ဥပမာ- ပန်းထည့်တဲ့ ဖန်လုံးပေါ့။ တခါတည်း ပြင်ဆင်ပေးပါတယ်။ ဒီအတွက်တော့ ဈေးသပ်သပ်ပေးရတာပေါ့” လို့ ကိုညီညီထွန်းက ဆက်ပြောပါတယ်။
ကိုယ့်အခန်းစားပွဲပေါ်မှာ အလှထားရုံတင်မဟုတ်ဘဲ မွေးနေ့ ဒါမှမဟုတ် ချစ်သူ၊ ခင်သူ မိတ်ဆွေ သူငယ်ချင်းတွေကို လက်ဆောင်ပေးမယ်ဆိုရင်လည်း သင့်တော်ပါတယ်။
အဆိုပါ နှင်းဆီပန်းများကို Royal Roses Yangon ဆိုတဲ့ အွန်လိုင်းအရောင်းဆိုင်မှာ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။