မြန်မာနိုင်ငံမှာ ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲတွေ စတင်ပြသလာရာမှ လွှမ်းမိုးလာခဲ့တဲ့ ကိုရီးယားယဉ်ကျေးမှုတွေမှာ ကိုရီးယားလူမျိုးတွေရဲ့ ဝတ်စားဆင်ယင်ပုံ၊ ဘာသာစကား၊ အစားအစာ စတာတွေ ပါဝင်လာခဲ့တာပါ။
ဒီလို လွှမ်းမိုးလာပြီးနောက်ပိုင်း ကိုရီးယားယဉ်ကျေးမှုတွေထဲကမှ ကိုရီးယားလူမျိုးတွေရဲ့ အစားအသောက်တွေရရှိနိုင်မယ့် စားသောက်ဆိုင်များကို ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ တွေ့မြင်လာရပါတယ်။
ကိုရီးယား အစားအသောက်တွေထဲကမှ တမျိုးဖြစ်တဲ့ တော့ပိုကီ အစားအစာဟာ မြန်မာနိုင်ငံမှာ တော်တော် လူကြိုက်များတဲ့ အစားအစာလည်းဖြစ်ပါတယ်။
ဒီလို လူကြိုက်များ နာမည်ကြီးနေတဲ့ တော့ပိုကီကို တာမွေ၊ အရိုးကုန်းလမ်းက “တော့ပိုကီ ကိုရီးယားစားသောက်ဆိုင်” မှာ သွားရောက်မြည်းစမ်းကြည့်ဖြစ်ခဲ့ပြီး အဲ့ဒီဆိုင်မှာ ကိုရီးယားအစားအစာနဲ့ပတ်သက်လို့ နောက်ထပ် ဘယ်လိုအမျိုးအမည် တွေ ရရှိနိုင်ဦးမလဲဆိုတာ မိတ်ဆက်ပေးပါ့မယ်။
“တော့ပိုကီ ကိုရီးယားစားသောက်ဆိုင်” မှာ တော့ပိုကီ၊ တုံယမ်းထမင်းကြော်၊ စီချွန်ဝက်သားပြားနှင့်ဆော့စ်၊ ကင်းမွန် အစာသွပ်ပေါင်း၊ ထိုင်းစတိုင် ပြည်ကြီးငါးသုပ်၊ ရေခဲသုပ်၊ ရေခဲခြစ် စတဲ့ အစားအစာတွေအပြင် အခြား menu အမျိုးပေါင်း (၃၀)လောက် ရှိပါသေးတယ်။
အဲ့ဒီထဲကမှ ငါးအူချောင်း တော့ပိုကီ၊ ပင်လယ်စာ တော့ပိုကီ၊ ဝက်ဆလပ်၊ ကိုရီးယားဝက်သားပြား အာပူလျှာပူနဲ့ သီးစုံ ဝေဖာရေခဲသုပ်တို့ကို ပိုမို ကြိုက်နှစ်သက်ကြတယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေအနေနဲ့လည်း ၅၀၀ က စပြီး ၅၀၀၀ အထိ အစားစားရှိပါတယ်။
ရောက်သွားတဲ့အချိန်က နေ့လယ်ဘက်ဆိုပေမယ့် ဆိုင်မှာ စားသုံးတွေနဲ့ ပြည့်လို့နေပါတယ်။ ဒါ့အပြင် မှာထားတာတွေရဖို့ ၁၅ မိနစ်လောက်ပဲ စောင့်ဆိုင်းလိုက် ရတာဖြစ်လို့ တော်တော်မြန်တယ်လို့ ပြောလို့ရပါတယ်။ ပူပူနွေးနွေးနဲ့ စားစရာတွေ ရောက်ရှိလာလို့ မြည်းစမ်းကြည့်တဲ့အခါမှာတော့ ပုဇွန်နဲ့ ပြည်ကြီးငါးတို့ ပါဝင်တဲ့ ပင်လယ်စာ တော့ပိုကီကတော့ ခပ်ချိုချို စပ်စပ်ပါပဲ။ ကိုရီးယားအရသာအတိုင်းမဟုတ်ဘဲ အသားပိုထည့်၊ ကင်ချီထပ်ထည့်၊ ကိုရီးယားငရုတ်နှစ်နဲ့ ကိုယ့်ဘာသာ ကြိတ်တဲ့ ငရုတ်နှစ်ရောပြီး မြန်မာပါးစပ်နဲ့ အစပ်အဟပ်တည့်အောင် အနည်းငယ် ပြန်ပြုပြင်ထားတယ်လို့ သိရပါတယ်။
တော့ပိုကီကို ကြက်၊ ဝက်၊ ပင်လယ်စာ၊ ငါးအူချောင်း၊ သတ်သတ်လွတ် စသည်ဖြင့် အမယ်စုံစုံလင်လင်ရနိုင်ပြီး ဈေးနှုန်းတွေအနေနဲ့ကတော့ ပင်လယ်စာတော့ပိုကီ ၂၀၀၀ ကျပ်၊ ကင်ချီထမင်းကြော် ၂၀၀၀ ကျပ်၊ ဝက်ဆလပ် ၃၅၀၀ ကျပ်၊
ပုဇွန်အစိမ်းသုပ် ၃၀၀၀ ကျပ်၊ ကိုရီးယားဝက်သားပြား အာပူရှာပူ ၂၀၀၀ ကျပ်၊ သီးစုံဂျယ်လီဝေဖာရေခဲသုပ် ၂၀၀၀ ကျပ်၊ သီးစုံရေခဲသုပ် ၁၅၀၀ ကျပ် တို့ပဲဖြစ်ပါတယ်။
ဝက်ဆလပ်ကတော့ ပျားရည်နဲ့ နှပ်၊ ပြီးတော့မှ ပြန်ကင်ထားတာမို့ ခပ်နွေးနွေးလေးဖြစ်နေတဲ့ ဝက်သားကို ပဲငပိ ငရုတ်သီးနှစ်အချဉ်ရည်နဲ့ တို့၊ ဆလပ်ရွက်နဲ့ အုပ်ပြီး စားရတာပါ။ ဝက်သားကလည်း အိနေတာမို့ သိပ်မဝါးရဘဲ ပျားရည်ရဲ့ ခပ်ချိုချိုအရသာက လျှာပေါ်မှာ စွဲပြီးကျန်ခဲ့ပါတယ်။ ပျားရည်ရော ပဲငပိပါ ပါတာမို့ အများကြီးစားရင်တော့ အီလာမှာပါ။
ဆန်ချောင်းဟင်းချို (ဆိုင်အခေါ်- ကိုရီးယားဝက်သားပြား အာပူလျှာပူ) ကတော့ မြန်မာပါးစပ်နဲ့ လုံးဝတွေ့မယ့် ဟင်းလျာပါ။ ဝက်သားပြား ခပ်ပါးပါးလေးတွေကို ပြုတ်ထည့်ထားတာဖြစ်ပြီး ဂေါ်ဖီပန်းပွင့်၊ ကြာစွယ်နဲ့ ကိုရီးယား ဆန်ချောင်းများ ပါဝင်ပါတယ်။ ငရုတ်သီးစိမ်းအတောင့်တွေကို ၂ ခြမ်းခွဲ၊ ရှာလကာရည်ထည့်ထားတဲ့ ချဉ်ချဉ်စပ်စပ်ဟင်းရည်ကို ခပ်ပူပူသောက်ရတာမို့ တကယ်ပဲ အာပူလျှာပူဆိုတဲ့ နာမည်နဲ့ လိုက်သလို ဒီလို မိုးအကုန် ဆောင်းအကူး ရာသီနဲ့ လိုက်ဖက်ပါတယ်။
သီးစုံဝေဖာရေခဲသုပ်ကတော့ ဒီဆိုင်ရဲ့ နာမည်ကြီး စားစရာတခုဖြစ်ပြီး ငှက်ပျောသီး၊ ဖရဲသီး၊ စပျစ်သီး စတဲ့ အသီးတွေ ပါဝင်ကာ ဂျယ်လီ၊ ဝေဖာတို့ရဲ့အပေါ်မှာ ဒိန်ချဉ်ဆမ်းထားတာပါ။ သူက ဒိန်ချဉ်ပါတယ်ဆိုပေမယ့် တကယ်တမ်းစားကြည့်တဲ့အခါမှာတော့ အရသာရှိသော်လည်း အနည်းငယ် အီပါတယ်။
“ဖွင့်တာတော့ ဒဂုံမြို့နယ်မှာ ၂ နှစ်ပေါ့။ ဒီနေရာကိုပြောင်းလာပြီးဖွင့်တာတော့ ၃ နှစ်လောက်ရှိပါပြီ။ food magazine ဖတ်တယ်။ နောက်ပြီး ကိုယ့်ဖာသာလည်း စမ်းသပ်တယ်ပေါ့။ ဝါသနာပါလို့ကို ဖွင့်ထားတာပါ။ ချက်တာပြုတ်တာတော့ ကျမ ကိုယ်တိုင်ပဲ လုပ်ပါတယ်။ ဝန်ထမ်း အားလုံး ၇ ယောက်ရှိတယ်။ သူတို့ကိုတော့ သူ့နေရာနဲ့သူ တာဝန်ပေးထားတယ်။ လွယ်တဲ့ဟာပေါ့၊ ဥပမာ ထမင်းကြော်တို့ဘာတို့ဆိုရင် အန်တီက အရသာလောက်ပဲ စပ်ပေးလိုက်တယ်။ ကျန်တာ သူတို့ဆက်လုပ်တယ်” လို့ ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ဌေးဌေး က ဧရာဝတီကို ပြောပါတယ်။
ဆိုင်အပြင်အဆင်ကတော့ သိပ်ထူးထူးခြားခြားကြီး မဟုတ်ပေမယ့် သန့်ရှင်းသပ်ရပ်ပြီး စားသုံးသူမပြတ် စည်ကားနေတာ တွေ့ရပါတယ်။ ဆိုင်ရှိရာ နေရာသို့ ဝင်ရတဲ့လမ်းက အနည်းငယ်ကျဉ်းတဲ့အတွက် ကိုယ်တိုင်ကားမောင်းပြီး သွားစားမယ့် သူတွေအတွက်တော့ ကားထားဖို့ နေရာ အခက်အခဲရှိမှာပါ။ ကျိုက္ကဆံလမ်းမပေါ်၊ အလုပ်သမားဆေးရုံနဲ့ မျက်နှာချင်းဆိုင် အရိုးကုန်းလမ်းကနေ ဝင်လိုက်ရင် လမ်းနည်းနည်းပဲ လျှောက်ရတာမို့ ကားကို လမ်းမတန်းမှာ ရပ်ပြီး ဆိုင်ကို လမ်းလျှောက်သွားမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ ဝန်ထမ်းများလည်း သွက်လက်ပြီး ယဉ်ကျေးပျူငှာမှုရှိတာမို့လို့ စားသုံးသူများ စိတ်ချမ်းသာရပါတယ်။
ဆိုင်ဖွင့်ချိန်က နံနက် ၁၀ နာရီကနေ ညနေ ၆ နာရီခွဲအထိဖြစ်ပါတယ်။ ဆိုင်ပိတ်ရက်မရှိပါဘူး။ ညနေပိုင်းနဲ့ ပိတ်ရက်တွေမှာ လာရောက်စားသုံးသူ ပိုမိုများပြားတယ်လို့လည်း သိရပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၉၁၊ ၁၄၆ လမ်းထိပ်၊ အရိုးကုန်းလမ်း၊ တာမွေ ဖြစ်ပါတယ်။