Lifestyle

သံလျင်ရောက် ခြေရာများ (သို့) ကညာ မာရီယား သခင်မ၏ ကျောင်းတော်ကို ရှာဖွေခြင်း

၁၇၄၃ နိုဝင်ဘာလ ၂၁ ညနေ၊ Syriam ဟု ခေါ်သည့် သံလျင်မြို့ “ဆီညော်ကိုနိုဗီ” ရပ်ကွက်မှ ရုတ်ခြည်းထွက်ပေါ် လာသည့် မီးတောက်မီးလျံများက တမြို့လုံး သိမ့်သိမ့်တုန်အောင် ခြောက်ခြားသွားစေသည်။ ထို့နောက် စစ်ခေါ်သံ များနှင့်အတူ မြန်မာနှင့် မွန်စစ်သည်များအကြား တိုက်ခိုက်မှုများက နေရာအနှံ့ဖြစ်သွားခဲ့၏။

ရုန်းရင်းဆန်ခတ်မှုများ အကြား အိုးအိမ်စွန့်ခွာ ထွက်ပြေးသည့် စစ်ဘေးဒုက္ခသည်များက ရိုမန်ကက်သလစ် ဘုန်းတော်ကြီး နယ်ရီးနီး၏ ကျောင်းဝင်းအတွင်း၌ အပြည့်။

ဘုန်းတော်ကြီး၏ လက်ထောက် ဆေးဘက်ဆိုင်ရာ တတ်ကျွမ်းကျင်သူ ကိုရင်ကြီး အန်းဂျေလိုလည်း မီးဒဏ်၊ စစ်ဘေးဒဏ် ကြောင့် အနာတရဖြစ်လာသော ဒုက္ခသည်များကို လက်မလည်အောင် ဆေးဝါး ကုသပေးနေရလေသည်။

တိုက်ပွဲများ ရှည်လာသည်နှင့် အမျှ နောက်ဆုံး၌ သံလျင်မြို့သည် မြန်မာတပ်များ၏ လက်အောက်သို့ ကျရောက်သွား လေတော့သည်။

ထိုအဖြစ်အပျက်များ အပြီး နှစ်ပေါင်း ၂၇၃ နှစ်အကြာ၊ ယနေ့ခေတ် သံလျင်မြို့ကား ပဲခူးမြစ်ကူး တံတားပေါ်၌ ယာဉ်ကြော ပိတ်ဆို့မှုမရှိပါက ရန်ကုန်မြို့မှ နာရီဝက်အတွင်း၌ပင် သွားရောက်နိုင်သည့် မြို့တမြို့ ဖြစ်လာလေသည်။

ပင်လယ်ဆိပ်ကမ်းမြို့ တမြို့ဖြစ်ခဲ့သည် နှင့်အညီ ဟိုစဉ်ကတော့ သံလျင်မြို့၌ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလိပ်နှင့် အာမေနီးယန်း စသည့် ဥရောပသား ကုန်သည်များနှင့် သင်္ဘော တည်ဆောက်သူများ၊ သင်္ဘောပိုင်ရှင်များ၊ ၎င်းတို့နှင့် ဆက်နွှယ်သည့် အလုပ်သမားများ၊ ကြေးစားစစ်သား၊ အထူးသဖြင့် ပေါ်တူဂီ လူစွန့်စားများ အခြေစိုက်နေထိုင်ခဲ့ရာ မြို့တမြို့ဆိုလျှင် မမှားပေ။

ထို့အတွက်လည်း ကျန်ရစ်ခဲ့သည့် သမိုင်းဆိုင်ရာ အထောက်အထားကား ရန်ကုန်-သံလျင်တံတားထိပ် BOC ရေနံဝန်း အတွင်းဘက် ကုန်းမို့ထိပ်ရှိ ရှေးဥပရောပလက်ရာ ရိုမန်ကက်သလစ် ရှေးဟောင်းဘုရား ကျောင်းကြီးပင် ဖြစ်၏။

ရိုမန်ကက်သလစ် ဘာသာဝင် ပေါ်တူဂီများ လာရောက် အခြချခဲ့သည်ကို အစွဲပြု၍ ပေါ်တူဂီဘုရားကျောင်းဟု ခေါ်ဆိုကြ သော်လည်း အမှန်စင်စစ် ဤကျောင်းကြီးက ပေါ်တူဂီတို့ ကောင်းစားစဉ်ကာလက ဆောက်လုပ်ထားခြင်း မဟုတ်ပေ။ ထုထည်ကြီးမားစွာဖြင့် တည်ဆောက်ထားသည့် ဘုရားကျောင်းကြီးသည် အီတလီ ဗိသုကာလက်ရာဟန် စစ်စစ် ဖြစ်ပေသည်။

၁၆၁၃ ခုနှစ် အနောက်ဘက်လွန်မင်း သံလျင်ကို သိမ်းပိုက်ကာ ပေါ်တူဂီတို့အား အထက်အညာသို့ သုံ့ပန်းအဖြစ် ပို့ဆောင် ခဲ့ပြီးနောက် ၁၃၇ နှစ်အကြာမှ ဘားရ်နာဘိုက် သာသနာပြု အီတလီ ဘုန်းတော်ကြီး ပေါလို မာရီ နယ်ရီးနီ (Rev. Fr. Paolo Marie Nerini) က ဦးဆောင်ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

၁၇၄၁ ခုနှစ်တွင် အီတလီနိုင်ငံ ရောမမြို့ သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေးဌာနချုပ်က မြန်မာပြည် သာသနာအတွက် ဘားရ်နားဘိုက် အသင်းဂိုဏ်းကို တာဝန်ပေးခဲ့ရာ ဘုန်းတော်ကြီး ပေါလို မာရီ နယ်ရီးနီ (Rev. Fr. Paolo Marie Nerini) နှင့် ကိုရင်ကြီး အန်းဂျေလို ကာပဲလို (Rev. Bother Angelo Capello) တို့ကို သံလျင်၌လည်းကောင်း၊ ဘုန်းတော်ကြီး အာလက်ဇန်းဒရို မွန်ဒယ်လီ (Rev.Fr Allesandro Mondelli) နှင့် ဘုန်းတော်ကြီး ဂျွန်အန်းနက်စ် ဒယ်လ် ကွန်းတေ (Rev. Fr. Joannes Del Conte) တို့ကို ပဲခူးမြို့၌ လည်းကောင်း ကက်သလစ်သာသနာ၏ လုပ်ငန်းများကို ဆောင်ရွက်စေခဲ့၏။

အဆိုပါ ဘုန်းတော်ကြီးများမှာ တက္ကသိုလ် ပညာတတ်များပီပီ ဂျီသြမေတြီ၊ နက္ခတ္တဗေဒ၊ သင်္ချာ၊ လက်သမားအတတ် ပညာ၊ ဆည်မြောင်း ဆောက်လုပ်ရေးနှင့် ဆေးဘက်ဆိုင်ရာ အတတ်ပညာများ နှင့်လည်း ပြည်စုံသူများ ဖြစ်သည်။
၁၇၄၉ ခုနှစ်တွင် ဘုန်းတော်ကြီး ပေါလို မာရီ နယ်ရီးနီနှင့် ကိုရင်ကြီး အန်းဂျေလို ကာပဲလိုတို့က မြို့ပေါ်ရှိ အာမေနီးယန်း လူမျိုးကုန်သည်ကြီး နီကောလားစ် ဒေ အာဂွာလာ (Nicolas de Agualar) ၏ လှူဒါန်းမှုဖြင့် အလျားပေ ၈၁ ပေ၊ အနံ ၃၁ ပေ၊ အမြင့်ပေ ၄၀ ကျယ်ဝန်းသည့် အီတလီလက်ရာ ဘုရားကျောင်းကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ထိုခေတ်ကပင် တန်ဘိုး ငွေကျပ် ၆ သောင်းကျော် ကုန်ကျသည်ဟု သိရ၏။

ထိုဘုရားကျောင်းကြီးကို ဘုန်းတော်ကြီး ပေါလို မာရီနယ်ရီးနီက “အပြစ်မဲ့ သန္ဓေယူသည့် အလွန်မွန်မြတ်သော ကညာ မာရီယား သခင်မ၏ ကျောင်းဗိမ္မာန်” ဟု အမည်ပေးကာ၊ ကျောင်း၏ ဒါယိကာ ဒါယိကာမတို့ကို ဂုဏ်ပြုသောအားဖြင့် လက်တင်၊ အာမေးနီးယန်း ဘာသာစကား ၂ ရပ်ဖြင့်လည်းကမ္ပည်းထိုးကာ မှတ်တမ်းတင်ခဲ့သည်။

ဆောက်လုပ်စဉ်က မယ်တော်သခင်မ ကျောင်းကြီးကိုသာမက ရဟန်းဘုန်းကြီးများအတွက် ကျောင်းတိုက်၊ မိဘမဲ့ဂေဟာ၊ ဆေးပေးခန်း၊ ခန်းမဆောင်နှင့် မီးဖိုတဆောင်ကိုလည်း တည်ဆောက်ခဲ့ပြီး၊ လောကီ အတတ်ပညာများ ကိုသာမက ဘာသာရေး စာပေများကိုလည်း သင်ကြား ပို့ချပေးခဲ့ပြီး သမ္မာကျမ်းစာနှင့် ဓမ္မသီချင်းများ သင်ကြားပေးခဲ့သည်။

ဤကျောင်းကြီးကို ဆောက်လုပ်ခဲ့သည့် ဘုန်းတော်ကြီး ပေါလို မာရီ နယ်ရီးနီးနှင့် ကိုရင်ကြီး ကာပဲလို တို့၏ နိဂုံးကမ္ပတ် နောက်ဆုံးနေ့ရက်များက ဝမ်းနည်းကြေကွဲစရာလည်း ကောင်းလှပေ၏။

၁၇၅၆ ခုနှစ် သန်လျင်မြို့ကို မွန်နှင့် ပြင်သစ်တို့၏ လက်မှ အလောင်းဘုရား သိမ်းယူသည့် တိုက်ပွဲများ၌ ကိုရင်ကြီး ကာပဲလိုမှာ စစ်ဘေးဒုက္ခသည်များကို ပြုစုရင်း အမြောက်ဆန် သင့်ကာ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့သလို၊ ဘုန်းတော်ကြီး နယ်ရီးနီးမှာလည်း နှစ်ဖက် လူမျိုးစုများအကြား သင်္ကာမကင်းခြင်းခံရကာ “မယ်တော်ကျောင်းကြီး” အတွင်း၌ပင် ခေါင်းဖြတ် ကွပ်မျက်ခြင်း ခံခဲ့ရသည်။

ထို့ကြောင့် ဤနေရာသည် သမိုင်းဝင် နေရာတခု ဖြစ်သကဲ့သို့ ဘာသာရေးအရ အထွဋ်အမြတ်ထားရာ နေရာတခု ဖြစ်ခဲ့သည်။

ဤသို့ သန့်ရှင်းမွန်မြတ်ပြီး သမိုင်းအရ တန်ဖိုးရှိသည့် “အပြစ်မဲ့ သန္ဓေယူသည့် အလွန်မွန်မြတ်သော ကညာ မာရီယား သခင်မ၏ ကျောင်းဗိမ္မာန်” ကား ယနေ့ခေတ်ကာလတွင် အပြစ်ရှိသည့် ဒုစရိုက်သမားများ ခိုအောင်းရာ နေရာတခုအဖြစ် တွေ့မြင်ရခြင်းက ဝမ်းနည်းစရာပင်။

ရှေးဟောင်းယဉ်ကျေးမှုဌာနက ထိန်းသိမ်းထားသည် ဆိုသော်ငြားလည်း မည်ကာမတ္တာပင်၊ အပြာခံပေါ်တွင် အဖြူနှင့် ရေးသားထားသည့် ပေါ်တူဂီဘုရား ကျောင်းဟောင်း ဆိုသော ဆိုင်းဘုတ်သည်ပင် ညပိုင်း အမူးသမားများတို့၏ လက်ချက်ဖြင့် မြေခလျှက်။

အနီးပတ်ဝန်းကျင်၏ ပြောဆိုချက်အရ ချုံနွယ်ပိတ်ပေါင်းများ အကြားရှိ ရှေးဘုရားကျောင်းကြီးမှာ မူးယစ်ဆေး သုံးစွဲသူများ ၏ စားကျက်တခု ဖြစ်နေသကဲ့သို့၊ စုံတွဲများ၊ ပြည့်တန်ဆာနှင့် ပျော်ပါးလိုသူများ၏ နေရာလည်း ဖြစ်နေ၏။

ဘုရားကျောင်းကြီးအတွင်း အမိုးအကာဖြင့်ဖြင့် ပြုလုပ်ထားသည့် အဆောက်အဦးငယ်အတွင်း လက်တင်ဘာသာဖြင့် ရေးထိုးထားသည့် ပေါ်တူဂီသင်္ချိုင်းဂူ တခုရှိသည်။ ထိုသင်္ချိုင်းဂူ၏ ပရိဝုဏ် အတွင်း၌ အမှိုက်သရိုက်များ၊ ကွမ်းတံတွေး များနှင့် နံရံပေါ်၌ ညစ်ညမ်းစာများက အပြည့်။

ထုထည်ကြီးမားစွာဖြင့် ဆောက်လုပ်ခဲ့သည့် ဘုရားကျောင်းကြီးမှာ ကပ်ပါးပင်များ တွယ်ကပ်ကာ ပေါက်လျှက်၊ သန့်ရှင်းရေး လုပ်ကိုင်ခြင်းလည်း မရှိ။

ဤနေရာမှာ အနည်းငယ်ပြောလိုသည်က ရှေးဟောင်းနေရာများနှင့် ပတ်သက်၍ ထိန်းသိမ်းမှုပင် ဖြစ်သည်။ ဥပမာပေး ပြောရလျှင် ထိုင်းနိုင်ငံ အယုဒ္ဓယရှိ ပေါ်တူဂီ ကျေးရွာနှင့် နှိုင်းယှဉ်ပြလိုသည်။

ပေါ်တူဂီများသည် အရှေ့တောင်အာရှသို့ အစောဆုံး ရောက်ရှိဖြန့်ကျက် လာသူများဖြစ်ရာ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ မလက္ကာ၊ တရုတ်၊ မကာအို စသည့်နိုင်ငံများသို့ အနှံရောက်ခဲ့သူများ ဖြစ်သကဲ့သို့ ဒေသတွင်း စစ်ပွဲများတွင်လည်း ထဲထဲဝင်ဝင် ပါခဲ့သူ များဖြစ်သည်။

ထိုင်းနိုင်ငံ ရာမ ၂ ဘုရင်လက်ထက် ပေါ်တူဂီ ၃ ထောင်ခန့် လာရောက် အခြေချနေထိုင်ခဲ့ရာ ယခုတိုင် အယုဒ္ဓယမြို့ဟောင်း တောင်ဘက်၌ သူတို့နှင့်ဆိုင်သော သမိုင်းဆိုင်ရာ အထောက်အထားများ ဖြစ်သည့် ဘုရားကျောင်းများ၊ သင်္ချိုင်းဂူများကို ထိုင်းအစိုးရနှင့် လူမှုအဖွဲ့အစည်းက အထူးအလေးပေး ထိန်းသိမ်းကာ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ထားသည်။

အိန္ဒိယ- ဂိုအာ၊ မလက္ကာ၊ မကာအို၊ ဟောင်ကောင်သည်ပင် ထို့အတူ ဖြစ်သည်။

သို့သော် ပျူနှင့် ပုဂံ အပါအဝင် ထိန်းသိမ်းစရာ များပြားသည့် မြန်မာပြည်တွင် ရှေးဟောင်း သုတေသနဌာန အတွက် ဤ ခရစ်ယာန် ဘုရားကျောင်းကြီးမှာ နံပါတ် ၁ ဦးစားပေး ဟုတ်ဟန် မတူသလို၊ ထိန်းသိမ်းနိုင်ရန်လည်း ရန်ပုံငွေ လုံလောက်အောင် ရှိပုံမရ။

ထို့အတွက် ရှေးဟောင်း ရိုမန်ကက်သလစ် ဘာသာဝင်တို့၏ သားမြေးများကို ပူးပေါင်း ထိန်းသိမ်းနိုင်ရန်အတွက် အခွင့်အရေး ပေးသင့်သည်ဟု ထင်မြင်မိသည်။

ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ကိုယ်တိုင်လည်း ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ မူဘောင်အတွင်း ထိန်းသိမ်းခွင့် လျှောက်ထားဖူးသည်။ ရှေးဟောင်း သုတေသနဌာနကလည်း ပူးပေါင်းထိန်းသိမ်းရန် သဘောတူခဲ့သည်ဟု ကြားသိရသော်လည်း အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။

ဘုရားကျောင်းကြီး၏ ပရိဝုဏ်အတွင်း ချုံနွယ်များနှင့် အမှိုက်သရိုက်များကို ဖယ်ရှားကာ မြေယာရှုခင်း (Landscaping) ကို ပြုပြင်ပါက လှပသောမြင်ကွင်းနှင့် ပနံရနေသည့် ရှေးဟောင်း ဘုရားကျောင်းကြီးကို မြင်တွေ့ရမည် ဖြစ်သည်။

ဤဘုရားကျောင်းကြီးက ၁၆၀ဝ ခုနှစ်မှ ၁၇၀ဝ ခုနှစ်များအကြား သံလျင်ဆိပ်ကမ်းနှင့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး အကျိုး ဖြစ်ထွန်းမှု၏ ပြယုဂ်တခုဟု ဆိုနိုင်သလို၊ ပင်လယ်ရပ်ခြား နိုင်ငံခြား အသိုင်းအဝန်းနှင့် ဒေသခံတို့၏ အပြန်အလှန် ဆက်စပ်မှုကိုလည်း ညွှန်းဆိုနေ၏။

ထို့ကြောင့်လည်း စပိန်နှင့် ပေါ်တူဂီ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစားရှိသည့် သံလျင်ရှိ ရှေးဟောင်း ဘုရားကျောင်း ကိုလည်း အသေအချာ ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်မိပါသည်။

ကိုးကား – အင်းဝရောက် ခြေရာများ (ဖာသာ အေ ကိုလေး)
ကိုးကား – မန္တလေး ကက်သလစ် သာသာနာနှင့် ဘုရင်ဂျီရွာကြီးများ ( ဆရာအောင်ညွန့်)

ဆက်စပ်ဖတ်ရှု့ရန် အညာမြေရောက်ပေါ်တူဂီ မျိုးဆက်များ

Loading