သီတင်းကျွတ်ပြီဆိုတော့ လက်ထပ်မင်္ဂလာပွဲတွေ ဆင်နွှဲဖို့ ပြင်ဆင်နေကြပါပြီ။ မင်္ဂလာဆောင်ဖိတ်စာဟာလည်း အရေးကြီးပါတယ်။ ခမ်းခမ်းနားနား ဆင်နွှဲတဲ့ မင်္ဂလာပွဲအခမ်းအနားကို လာရောက်ချီးမြှင့်ဖို့ ဖိတ်ကြားတဲ့ “မင်္ဂလာဆောင် ဖိတ်စာ”ကို အရင်လို သမားရိုးကျ ဖိတ်စာတွေ မဟုတ်တော့ဘဲ ဒီဇိုင်းဆန်းဆန်း ဖန်တီးထားတဲ့ Handmade ဖိတ်စာတွေ ယနေ့ခေတ်မှာ ပိုပြီး ပြုလုပ်လာကြပါတယ်။
“Handmade ဖိတ်စာတွေကတော့ တဖြည်းဖြည်း ပြောင်းလဲလာတာပေါ့။ အရင်တုန်းကတော့ ပုံမှန် ရိုးရိုးဖိတ်စာတွေပဲ လုပ်ကြတယ်။ နောက်ကျတော့ တဖြည်းဖြည်းနဲ့ ခေတ်ရေစီးက ပြောင်းလဲလာပြီး Handmade လေးတွေကို လူတွေက ပိုပြီးနှစ်သက်လာကြတယ်” လို့ မန္တလေးမြို့က “ရွှေဝတ်လွှာ” ဖိတ်စာလုပ်ငန်း လုပ်ကိုင်သူ ကိုသုတအောင်က ဧရာဝတီကို ပြောပါတယ်။
အသက် ၂၆ နှစ် အရွယ်၊ ကိုသုတအောင်က မိသားစုလက်ထက်ကတည်းက ၂၆ နှစ်ကျော် လုပ်ကိုင်လာတဲ့ ဖိတ်စာ လုပ်ငန်းကို ၂၀၀၆ ခုနှစ်မှာ ကိုယ်တိုင်ဦးစီးပြီး သမားရိုးကျ ဖိတ်စာလုပ်ငန်းကနေ Handmade ဖိတ်စာလုပ်ငန်းအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ဖိတ်စာလုပ်ငန်းကို ကျနော့် အဖေလက်ထက်ကတည်းက စလုပ်ခဲ့တာ၊ အဲဒီတုန်းက Readymade ဖိတ်စာတွေပဲ လုပ်ခဲ့တာပေ့ါ။ ကျနော့် လက်ထက်ကျတော့ နည်းနည်းပုံစံ ပြောင်းလုပ်မယ် ဆိုပြီးတော့ Handmade ဘက်ကို ပြောင်းလုပ်ကြည့်တာ။ အဲဒီလို ပြောင်းလုပ်ကြည့်ရင်းနဲ့ အဆင်ပြေသွားတော့ ဆက်လုပ်ဖြစ်သွားတာ။ လုပ်လာတဲ့ လုပ်ငန်း သက်တမ်းက ၂၆ နှစ်ကျော်ပြီ။ ကျနော့် တသက်ပါပဲ။ ကျနော်က ၂၀၀၆ လောက်ကတည်းက စလုပ်ခဲ့တာဆိုတော့ ကျနော် လုပ်နေတာ အခု ၁၀ နှစ် ရှိသွားပါပြီ” လို့ ကိုသုတအောင်က ပြောပါတယ်။
ခေတ်စားတဲ့ Handmade ဖိတ်စာ ပုံစံတွေကတော့ ဒီဘက်ခေတ်အပိုင်းမှာဆိုရင် ပြီးခဲ့တဲ့နှစ် ၂၀၁၅ ခုနှစ်က ဖိတ်စာတွေမှာ ဇာ၊ ဖဲကြိုးတွေနဲ့ အလှဆင်တာကို လူကြိုက်များပြီး ယခုနှစ် ၂၀၁၆ ခုနှစ် မှာတော့ လေဆာစာလုံးတွေနဲ့ ပုံဖော်တာမျိုးကို မင်္ဂလာမောင်နှံအများစုက သဘောကျကြတယ်လို့ သူက ဆိုပါတယ်။
“ဖိတ်စာ အရောင်ပိုင်းမှာ ဆိုရင် ဒီနှစ်က ပန်းသခွားရောင်ကို အရွေးများကြတယ်။ တချို့ကျလည်း အရောင် ဆန်းဆန်းလေးတွေ သုံးတယ်။ အနက်ရောင်တွေတောင် သုံးကြတာမျိုး ရှိတယ်” လို့ ကိုသုတအောင်က ပြောပါတယ်။
“ရွှေဝတ်လွှာ” ဖိတ်စာလုပ်ငန်းမှာဆိုရင် မင်္ဂလာဆောင် ဖိတ်စာအပြင် အလှူ၊ မွေးနေ့ဖိတ်စာတွေနဲ့ မင်္ဂလာဆောင် အမှတ်တရ လက်ကမ်းပစ္စည်းတွေလည်း ပြုလုပ်ပေးတယ်လို့ သိရပါတယ်။ မင်္ဂလာ လက်ကမ်းပစ္စည်းဆိုရင်လည်း အရင်လို သမားရိုးကျ ယပ်တောင်ကမ်းတာမျိုး မဟုတ်ဘဲ ဒီနေ့ခေတ်မှာ ဆိုရင် အမှတ်တရ ပိုဖြစ်စေမယ့် ဖန်ခွက်၊ Note Book, Calendar, ရေမွှေးဖယောင်းတိုင်စတဲ့ အမှတ်တရ ပစ္စည်းတွေကို ပြောင်းပေးလာကြတယ်လို့ သိရပါတယ်။
Handmade ဖိတ်စာတွေ လုပ်တဲ့အခါ တခုနဲ့တခု မတူအောင် အိုင်ဒီယာအသစ်တွေ စဉ်းစား ဖန်တီးရတဲ့ အပိုင်းကိုတော့ ကိုသုတအောင်က နိုင်ငံခြားဝက်ဘ်ဆိုက်တချို့ကိုကြည့်ရှု လေ့လာပြီး မြန်မာမှုပြုလို့ရတဲ့ အရာတွေကို ပြန်စဉ်းစား၊ အိုင်ဒီယာထုတ်ပြီး လေ့လာ ဖန်တီးဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ကျနော်က တခါတလေကျရင်လည်း ကိုယ်အလုပ်လုပ်နေရင်း ခေါင်းထဲ ဖျက်ခနဲ ပေါ်လာတာမျိုး ဖန်တီးဖြစ်တယ်။ တခါတလေ Customer က တောင်းဆိုတဲ့ ဒီဇိုင်းမျိုးကိုလည်း ကျနော့် အိုင်ဒီယာနဲ့ ပေါင်းစပ်ပြီး ဖန်တီးပေးဖြစ်တာ ရှိတယ်။ တချို့ ဖိတ်စာ ဒီဇိုင်းတွေကျတော့ အသေးစိတ် ဖန်တီးရတာ အရမ်း လက်ဝင်တာမျိုးလည်း ရှိတယ်” လို့ ကိုသုတအောင်က ပြောပါတယ်။
ရွှေဝတ်လွှာရဲ့ Handmade ဖိတ်စာတွေရဲ့ ဈေးနှုန်းကတော့ အနိမ့်ဆုံး ပုံမှန် တစောင်ကို မြန်မာငွေ ကျပ် ၆၀၀ ကနေ၊ အမြင့်ဆုံး တစောင်ကို ကျပ် ၃၅၀၀ အထိ ရှိတယ်လို့ သိရပါတယ်။ ရိုးရိုး ဖိတ်စာနဲ့ Handmade ဖိတ်စာရဲ့ ကွာခြားချက်ကတော့ ရိုးရိုးဖိတ်စာဆိုရင် ဘောင် တခုတည်းကနေ ရွေးချယ်ရတာ ဖြစ်ပြီး မင်္ဂလာမောင်နှံရဲ့ အကြိုက်နဲ့ တထပ်တည်းကျဖို့ ခက်သလို၊ ဖန်တီးမှု အပိုင်းကလည်း ဘောင်ကျဉ်းတယ်လို့ သိရပါတယ်။
“Handmade ဖိတ်စာတွေကျတော့ မင်္ဂလာမောင်နှံရဲ့ စိတ်ကူးဖြစ်နိုင်သလို ဖန်တီးပေးသူရဲ့ စိတ်ကူး ဖြစ်နိုင်တယ်။ ကိုယ်စိတ်ကူးရှိရင်ရှိသလို ချဲ့ရင်ချဲ့သလို အရောင်ဒီဇိုင်း မျိုးစုံသုံးလို့ရတယ်။ Readymade ကျတော့ သူတို့ လုပ်ပြီးသား ဒီဇိုင်းကို ရွေးရတာဆိုတော့ နောက်ပိုင်းမှာ မင်္ဂလာမောင်နှံတွေက Handmade ကို ပိုသဘောကျလာကြတာ” လို့ ကိုသုတအောင်က ဆိုပါတယ်။
ယခု လက်ရှိမှာ Handmade ဖိတ်စာ ဒီဇိုင်းပေါင်း ၃၀၀ ကျော် ဖန်တီးထားပြီးဖြစ်တဲ့ ကိုသုတအောင်က ၂၀၁၆ ခုနှစ်အတွင်းမှာ ဖိတ်စာ ဒီဇိုင်းပေါင်း ၁၀၀ နီးပါး အသစ်ဖန်တီးဖြစ်ပြီး သူဖန်တီးထားတဲ့ ဖိတ်စာ ဒီဇိုင်းတွေကို မင်္ဂလာမောင်နှံတွေအနေနဲ့ စိတ်ကြိုက် အရောင်တွေကို ရွေးချယ်ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံများနဲ့ အချက်အလက်များကို ၄၃ လမ်း၊ ၈၀x၈၁ လမ်းကြား၊ မန္တလေးမြို့မှာရှိတဲ့ “ရွှေဝတ်လွှာ” ဖိတ်စာလုပ်ငန်းကနေ ရယူထားတာ ဖြစ်ပါတယ်။