Lifestyle

မလေးရှား Kota Kinabalu ကျွန်းမြို့သို့ အလည်တခေါက်

Want create site? Find Free WordPress Themes and plugins.

Tourism Malaysia ရဲ့ ဖိတ်ခေါ်မှုနဲ့ မလေးရှားနိုင်ငံကို အောက်တိုဘာလ ၅ ရက်နေ့ ကနေ ၁၃ ရက် နေ့အထိ ရက်သတ္တပတ်ကျော်ကြာ အလည်အပတ် ရောက်ခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူ (Kuala Lumpur) မြို့မှာ ၃ ရက်တာ လည်ပတ်ပြီး ကိုတာ ကင်နာဘာလူ (Kota Kinabalu) လို့ ခေါ်တဲ့ ကျွန်းမြို့တော်လေးကို အောက်တိုဘာလ ၉ ရက်နေ့မှာ ထပ်ခရီးဆက်ခဲ့ပါတယ်။

မလေးရှားကို အလည်ရောက်တာ ဒုတိယအကြိမ်ဖြစ်လို့ ပထမဆုံးအကြိမ်လောက် အရမ်း စိတ်လှုပ်ရှား မနေပေမယ့် ကိုတာ ကင်နာဘာလူ ကျွန်းမြို့ကိုတော့ မရောက်ဖူးသေးတာကြောင့် ကွာလာလမ်ပူကနေ လေယာဉ် စစီးကတည်းက စိတ်လှုပ်ရှားနေမိပါတယ်။

ကျနော်တို့ ကွာလာလမ်ပူကနေ ကိုတာ ကင်နာဘာလူကို လေယာဉ် ၃ နာရီကြာ စီးရပါတယ်။ ကိုတာ ကင်နာဘာလူမြို့ဟာ ဘော်နီယိုကျွန်း မြောက်ဘက်မှာ တည်ရှိပြီး မလေးရှားနိုင်ငံ Sabah ပြည်နယ်ရဲ့ မြို့တော် ဖြစ်ပါတယ်။ Kota Kinabalu ကို KK လို့ အတိုကောက် ခေါ်ပြီး မိုးသစ်တောများ ဝန်းရံထားတဲ့ ပင်လယ်ကမ်းခြေ ကျွန်းမြို့တခု ဖြစ်ပါတယ်။

Tourism Malaysia ရဲ့ စီစဉ်မှုနဲ့ ကျနော်တို့ ကိုတာ ကင်နာဘာလူရဲ့ အဆင့်မြင့် ကြယ်ငါးပွင့်အဆင့် The Magellan Sutera Resort မှာ ၃ ည တည်းခိုခဲ့ပါတယ်။ လေဆိပ်ကနေ ဟိုတယ်ကို ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်သာ မောင်းနှင်ရပြီး ဟိုတယ်က Magellan Sutera Harbour သဘောင်္ ဆိပ်ကမ်းနဲ့ တစပ်တည်း တည်ရှိတာပါ။

The Magellan Sutera Resort ကို ရောက်ရောက်ချင်း လူရိုင်းပုံစံ ဝတ်ဆင်ထားတဲ့ Murut လူမျိုး တွေရဲ့ အကဆန်းဆန်းတွေနဲ့ ကြိုဆိုတာ ခံရပြီး Murut လူမျိုးတွေဟာ Borneo ကျွန်းရဲ့ ကုန်းတွင်းဒေသ မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ မလေးရှားနိုင်ငံ၊ ဆာဘားပြည်နယ်ရဲ့ တိုင်းရင်းသား လူမျိုးနွယ်စု တစုဖြစ်တယ်လို့ သိရပါတယ်။

Murut လူမျိုးတွေက သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကား Murut ဘာသာစကားကို ပြောကြပြီး ဝတ်စား ဆင်ယင်မှုက လူရိုင်းတွေလိုမျိုး ခေါင်းပေါ်မှာ ငှက်မွေးငှက်တောင် အဆောင်းနဲ့ ဝတ်စား ဆင်ယင်တာ တွေ့ရပါတယ်။ သူတို့ကို ဘော်နီယိုကျွန်းအနီးမှာ နေထိုင်တဲ့အတွက် ဘော်နီယိုကျွန်းသူ၊ ကျွန်းသားတွေ လို့လည်း ခေါ်ပါတယ်။

အဲဒီညပိုင်းမှာတော့ Murut လူမျိုးတွေရဲ့ တိုင်းရင်းသားရိုးရာ မင်္ဂလာဆောင်ပွဲကို အာဆီယံ အင်ဒိုနီးရှားမှ အဆိုတော်မင်းသား Yonggi Miladian နဲ့ မလေးရှား အဆိုတော် Kaka Azraff တို့က မင်္ဂလာသတို့သား၊ သတို့သမီးများအဖြစ် သရုပ်ပြခဲ့ပြီး အာဆီယံမှ အနုပညာရှင်များနဲ့ မီဒီယာများက ဧည့်သည်များအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

နောက်တရက် မနက်ခင်းမှာတော့ Murut လူမျိုးတွေနေထိုင်တဲ့ Mari-Mari Culture Village ကို လေ့လာရေးခရီးအဖြစ် အလည်သွားခဲ့ပါတယ်။ စိမ်းလန်းတဲ့ ရေမြေတောတောင် ရှုခင်းတွေကို ကျော်ဖြတ်ပြီး တသွင်သွင်စီးနေတဲ့ စမ်းချောင်းငယ်ကနေတဆင့် တောအုပ်ငယ်လေးထဲ ဝင်သွားလိုက်ရင် Murut လူမျိုးတွေနေထိုင်တဲ့ ရွာလေးကို ရောက်ပါတယ်။

Murut လူမျိုးတွေရဲ့ နေထိုင်မှုပုံစံတွေက မြန်မာပြည်က တိုင်းရင်းသားတွေရဲ့ နေထိုင်မှုပုံစံနဲ့ သိပ်မကွာခြားလှပါဘူး။ ထရံကာ၊ ဓနိမိုး၊ ခြေတံရှည် စတဲ့ အိမ်လေးတွေမှာ နေထိုင်ကြပြီး စပါး သိုလှောင်ရာ စပါးကျီကိုလည်း ခပ်မြင့်မြင့်တနေရာ၊ အိမ်အနီးမှာ ထားရှိပြီး အရင်ခေတ်က ဆိုရင် စပါးကျီထဲက စပါးကို လာမခိုးအောင် ထောင်ချောင်တွေ ဆင်ထားတတ်ပြီး ဆန်စပါးခိုးတဲ့သူဆို ခေါင်းဖြတ်သတ်တဲ့အထိ အတိတ်ရာဇဝင် ရှိခဲ့ဖူးတယ်လို့ Tour Guide က ရှင်းပြပါတယ်။

ဆက်လက်ပြီး တအိမ်ပြီး တအိမ် သွားရောက်လေ့လာရာမှာ Murut လူမျိုးတွေရဲ့ ဆန်ဝိုင် ပြုလုပ်ပုံ၊ ပျားရည်ပြုလုပ်ပုံ၊ ဒေသအစားအစာအချို့ ပြုလုပ်ပုံတို့ကို လေ့လာခွင့်ရခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့ရဲ့ ရိုးရာ ဂျက်ခုတ်အကကို Performance ရှိုးအနေနဲ့ ကြည့်ခဲ့ရပါတယ်။ သူတို့ရဲ့ ရိုးရာဂျက်ခုတ် အကကလည်း မြန်မာ တိုင်းရင်းသားထဲမှာဆို ချင်းပြည်က ချင်းလူမျိုးတွေရဲ့ အကနဲ့ အလားသဏ္ဍာန် တူပါတယ်။

နောက်တရက်မှာတော့ ဆာဘားပြည်နယ်၊ ကိုတာ ကင်နာဘာလူရဲ့ နာမည်ကြီး Kulu River (ကီလူးမြစ်) ကို သွားရောက်ပြီး အဖွဲ့လိုက် Water Rafting လုပ်ကြပါတယ်။ တသွင်သွင် တအိအိ စီးဆင်းနေတဲ့ ကီလူးမြစ်ထဲမှာ Rafting လုပ်ရတာက မနှစ်က Ipoh မှာ Rafting လုပ်ရတာလောက် စိတ်လှုပ်ရှားဖို့ မကောင်းပါဘူး။ Ipoh မှာက မြစ်ကျဉ်းပြီး ရေစီး အနည်းငယ်ကြမ်းတာကြောင့် အန္တရာယ်လည်း နည်းနည်းများသလို Rafting လုပ်တာလည်း အရမ်း စိတ်လှုပ်ရှားခဲ့ပါတယ်။

ကီလူးမြစ်ကတော့ မြစ်ပြင်ကျယ်ပြီး ရေစီးလည်း မကြမ်းတာကြောင့် ငြိမ်ငြိမ့်ညောင်းညောင်းနဲ့ လူမပင်ပန်းဘဲ Rafting လုပ်ခဲ့ရပါတယ်။ နေ့လည်ပိုင်းမှာတော့ စိတ်လှုပ်ရှားစရာ စွန့်စားရတဲ့ Activities တွေဖြစ်တဲ့ Zipline နဲ့ Wall Climbing တို့ ပြုလုပ်ရပါတယ်။ Zipline အတွေ့အကြုံကို မနှစ်က လန်ကာဝီကျွန်းမှာ သစ်ပင်တပင်နဲ့ တပင် Zipline ကူးဖူးပေမယ့် ဒီနှစ်မှာတော့ အမြင့်ပေ ၁၈ မီတာ (တိုက် ၅ ထပ်အမြင့်) ကနေ ကီလူးမြစ်ကိုဖြစ်ပြီး တဖက်က သစ်ပင်ကို ကူးရတဲ့အတွက် စိတ်လှုပ်ရှားမှုက သဲထိတ်ရင်ဖိုပါပဲ။ Wall Climbing အမြင့်ကလည်း Zipline နဲ့ အမြင့်အတူတူပါပဲ။

Zipline နဲ့ Wall Climbing စတဲ့ စွန့်စားမှု Activity တွေ ပြုလုပ်အပြီး နောက်တရက်မှာတော့ ကိုတာ ကင်နာဘာလူရဲ့ အရမ်းလှတဲ့ Manukun ကျွန်းကို အလည်သွားခဲ့ပါတယ်။ Manukun ကျွန်း ကိုတော့ ဟိုတယ်ရဲ့ သဘောင်္ဆိပ်ကနေပဲ Speed Boat နဲ့ ၁၀ မိနစ်ခန့်သာ မောင်းနှင်သွားရပါတယ်။

Manukun ကျွန်းမှာတော့ ရေတွေက ကြည်ပြာလဲ့နေပြီး ကမ်းစပ် ကမ်းခြေမှာတောင် ငါးလေးတွေ ကူးလူး သွားလာနေတာကို ရေအောက်အထိ ထိုးထွင်းမြင်နေရပါတယ်။ ကမ်းခြေမှာတော့ ထုံးစံအတိုင်း နေပူဆာခံသူကခံ၊ ရေကူးသူကကူး၊ ရေငုပ်ပြီး ငါးတွေကြည့်တဲ့သူက ကြည့်နဲ့ တကယ့်ကို Paradise ပါပဲ။ Manukun ကျွန်းလေးက ကျနော်တို့ မြန်မာနိုင်ငံမှာဆို မြိတ်ကျွန်းစုလို ဒေသလေးပါ။

Manukun ကျွန်းဟာ မလေးရှားနိုင်ငံ၊ ကိုတာ ကင်တာဘာလူမြို့၊ ဆာဘူးပြည်နယ်ရဲ့ အရှေ့ဘက် ပိုင်းမှာ တည်ရှိတဲ့ ကမ်းခြေဖြစ်ပြီး မလေးရှားရဲ့ ပထမဆုံး Marine National Park ဖြစ်တဲ့ Tunku Abdul Rahman National Park မှာ ဒုတိယအကြီးဆုံး ကျွန်းတခုလို့ သိရပါတယ်။ ဆာဘားပြည်နာ်မှာတော့ ထပ်မံ လည်ပတ်စရာတွေ အများကြီးပါ။ ကျွန်းတွေ၊ ရေမြေတောတောင် သဘာဝတွေနဲ့ ပင်လယ်ရေအောက်အလှတွေကို သွားရောက်လည်ပတ် လေ့လာကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် ဆာဘားရဲ့ Trademark တခုဖြစ်တဲ့ နှာခေါင်းရှည်မျောက်မျိုး (Proboscis Monkey) တွေ နေထိုင်ရာဒေသကို သွားရောက်လေ့လာနိုင်ပါတယ်။ အဲဒီ နှာခေါင်းရှည်မျောက်တွေဟာ အင်ဒိုနီးရှား မှာဆိုရင် Bekantan လို့ ခေါ်ပြီး သူတို့တွေက အရှေ့တောင်အာရှ ဘော်နီယိုကျွန်းမှာ နေထိုင်ကြတဲ့ မျောက်မျိုးနွယ်တွေပါ။

ဆာဘားပြည်ရဲ့ စိတ်ဝင်စားစရာ ထူးဆန်းတဲ့ မျောက်တွေနဲ့ လှပတဲ့ ရေအောက်ကမ္ဘာကို မလေ့လာခဲ့ ရပေမယ့် ၃ ရက်တာ နေထိုင်ခွင့်ရခဲ့တဲ့ ကိုတာ ကင်နာဘာလူကျွန်းမြို့လေးမှာ စိတ်ဝင်စားစရာ Murut လူမျိုးတွေရဲ့ နေထိုင်မှုဘဝ ပုံစံအကြောင်း၊ စိတ်လှုပ်ရှားစရာ Water Rafting, Zipline နဲ့ Wall Climbing Adventure ၊ စိတ်အပန်းဖြေစရာ သိပ်လှတဲ့ Manukun ကျွန်းတို့ကို လည်ပတ်ခွင့် ရခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading