တေးသံရှင်ဝေလက ကိုယ်ပိုင်သံစဉ် သီချင်း သုံးပုဒ်ကို သူ့ရဲ့ မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ဖြန့်ချိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “အဓိပတိဖွား” တေးစီးရီးခွေ ထွက်ရှိပြီး သိပ်မကြာသေးခင်မှာပဲ သီချင်းသုံးပုဒ်ကို ဖန်တီးရေးသားပြီး ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
“ကုတင်အမှတ်-၁၈” လို့ အမည်ပေးထားတဲ့ ဒီတေးစီးရီးနဲ့ ပတ်သက်ပြီး အဆိုတော် ဝေလက “အဓိကကတော့ ကျနော်မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၃ ရက်နေ့အတွက် အမှတ်တရ ထုတ်မှာပေါ့။ ပြီးတော့ လတ်တလောကြိုက်နေတဲ့ ပုံစံလေးတွေကိုပဲ သီချင်းရေးသားပြီး ကျစ်ကျစ်လစ်လစ်လေးနဲ့ သီချင်းသုံးပုဒ်ကိုပဲ ထည့်ပြီး ထုတ်ဖြစ်တာပါ။ သီချင်းတပုဒ်ချင်းစီကို ကိုယ်ပေးချင်တဲ့ Message လေးတွေထည့်ပြီး ရေးထားတာပါ” လို့ ဧရာဝတီကို ဆိုပါတယ်။
ပါဝင်တဲ့ တေးသီချင်းတွေကတော့ “ဆေး”၊ “လမ်းဘေးမှာရှိသည်” နဲ့ “ကုတင်အမှတ်-၁၈” တို့ပဲ ဖြစ်ပါတယ်။
ဒီ တေးသီချင်းတွေနဲ့ ပတ်သက်လို့ အဆိုတော်ဝေလက “ပါဝင်တဲ့ သုံးပုဒ်လုံးက အချစ်သီချင်းမဟုတ်ပါဘူး။ “ဆေး” ဆိုတဲ့ သီချင်းက အသည်းကွဲတဲ့ သူငယ်ချင်းတယောက်ကို နှစ်သိမ့်တဲ့ပုံစံ အကြောင်းအရာလေးပါ။ “လမ်းဘေးမှာ ရှိသည်” ဆိုတဲ့သီချင်းက လမ်းဘေးမှာ တွေ့နေကျ အရာလေးတခု မေ့နေကြတဲ့အရာ အကြောင်းကို ကိုယ်က အဲဒီနေရာလေးကနေ ဝင်ခံစားပြီး ရေးထားတာပါ။ “ကုတင်အမှတ်- ၁၈” ကတော့ သေခါနီး လူတယောက် အကြောင်းကို ရေးထားတာပါ။ သူ သေခါနီး နောင်တရတဲ့ အကြောင်းအရာလေးပါ” လို့ ရှင်းပြပါတယ်။

သီချင်းပုံစံတွေဟာလည်း ခါတိုင်းနဲ့မတူဘဲ နည်းနည်းငြိမ့်တဲ့ဘက်ကို သွားထားပြီး ဒီ တေးသီချင်းသုံးပုဒ် စလုံးက အဓိက ပေးချင်တဲ့ အကြောင်းအရာကိုသာ ရေးသားသီဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သီချင်းသုံးပုဒ် ထည့်ဖြစ်တာကလည်း နိုဝင်ဘာ ၃ ရက်နေ့ဖြစ်တဲ့အတွက် သီချင်း ၃ ပုဒ်ထည့် ဖြစ်တယ်လို့သိရပြီး ထွက်ရှိလာမယ့် သီချင်းသုံးပုဒ်ကို ငွေကျပ် ၁၅၀၀ နဲ့ ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်။
အဆိုတော်ဝေလဟာ ၁၉၈၂၊ မိတ်ကပ်မကြိုက်သော သီချင်းများ၊ အဓိပတိဖွား စတဲ့ တေးစီရီး ၃ ခွေ ထွက်ရှိထားပြီး မိတ်ကပ်မကြိုက်သော သီချင်းများ နဲ့ အဓိပတိဖွား တေးစီးရီးတို့ဟာ ပရိသတ်အကြား အလွန်ရေးပန်းစားခဲ့တဲ့ တေးစီးရီးများဖြစ်တယ်လို့ သိရပါတယ်။