ပြည်ပရောက် မြည်မာများအတွက် ရည်ရွယ်ပြီး ပြည်ပနိုင်ငံမှာ ပထမဆုံး ထုတ်လွှင့်လိုက်တဲ့ Mahar TV Channel (မဟာ) ရုပ်သံလိုင်း မိတ်ဆက်ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Mahar TV Channel ရုပ်သံလိုင်းကို ABC Content Solutions ကုမ္ပဏီလီမိတက်နဲ့ ထိုင်းနိုင်ငံမှ စလောင်း ဖြန့်ဖြူးတဲ့ ကုမ္ပဏီ PSI တို့ ပူးပေါင်းထုတ်လွှင့်တာဖြစ်ပြီး ပြည်ပရောက် မြန်မာများ၊ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကြသူများအတွက် ရည်ရွယ်ပြီး မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ထုတ်လွှင့်မယ့် ရုပ်သံလိုင်းလို့ သိရပါတယ်။
“မဟာ”ရုပ်သံလိုင်းဟာ အခမဲ့ရုပ်သံလိုင်းတခုဖြစ်ပြီး မဟာမှ ထုတ်လွှင့်မယ့် မြန်မာ ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများကို PSI Set Top Box မှ တဆင့် ဖမ်းယူကြည့်ရှုနိုင်တဲ့ ဘယ်နိုင်ငံမှာမဆို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
“မဟာ ရုပ်သံလိုင်းကို အဓိကထုတ်လွှင့်ရတဲ့ ရည်ရွယ်ချက် ၃ ခုရှိတယ်။ ပထမတချက်က ကျနော်တို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် မြန်မာပြည်က ထုတ်လုပ်တဲ့ မြန်မာဇာတ်ကားတွေကို ကြည့်ရှုစေချင်တယ်။ ဒုတိယတချက်က သူတို့အားလုံး အလုပ်အားလို့ အနားယူတဲ့အချိန်မှာ မီဒီယာကို အကြောင်းပြုပြီး စုစည်းတဲ့နေရာလေး ဖြစ်ချင်တယ်။ တတိယအချက်အနေနဲ့က သူတို့အတွက်ကို လိုအပ်တဲ့အခါမှာ သတင်းတွေ၊ အရေးကြီးတာတွေ ပြန်ကြားပေးတဲ့အရာ ဖြစ်ချင်တယ်” လို့ ABC Content Solutions ကုမ္ပဏီလီမိတက်ရဲ့ CEO ဖြစ်သူ ဦးဝင်းခိုင်က ဧရာဝတီကို ပြောပါတယ်။
မဟာ ရုပ်သံလိုင်းကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့မှာ စတင် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပြီး နေ့စဉ် ထိုင်းစံတော်ချိန် မနက် ၆ နာရီခွဲ (မြန်မာစံတော်ချိန် မနက် ၆ နာရီ) မှ စတင်ပြီး တရက်ကို ၂၂ နာရီ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်နဲ့ အခြား ဖျော်ဖြေရေး အစီအစဉ်များလည်း ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။
မဟာ ရုပ်သံလိုင်းမှ ထုတ်လွှင့်တဲ့ အစီအစဉ်များဟာ DVB S2 နည်းပညာကို အသုံးပြုထားပြီး HD နီးပါး ကောင်းမွန်တဲ့ အရည်အသွေးရှိ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကား၊ အစီအစဉ်များကို ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ မြန်မာဗီဒီယိုဇာတ်ကားများကို တလလျှင် ၄ ကားမှ ၈ ကားအထိ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
မဟာ ရုပ်သံလိုင်းကို TV ပရိသတ်များသာမက အွန်လိုင်းပရိသတ်များအတွက် Mahar Application ကို ထုတ်လုပ်ပေးထားပြီး ပြည်ပရောက် မြန်မာလူမျိုးများအနေနဲ့ အဆိုပါ Application ကို အခမဲ့ရော အခပေး ပုံစံနဲ့ပါ လွယ်ကူစွာ အသုံးပြုကြည့်ရှုနိုင်ပြီလို့ သိရပါတယ်။
“Mahar Application ကတော့ Free to Download ပါ။ Free ကြည့်လို့ရတဲ့ မြန်မာကား Content တွေလည်းရှိပါတယ်။ Application ပေါ်မှာ မြန်မာကားတွေကော၊ တရားတွေကော၊ ရုပ်သံ သတင်း တွေကော တင်ပေးထားပါတယ်။ ဒီ Application ကို iOs မှာကော Android မှာပါ Free Download လုပ်ပြီး ကြည့်ရှုနိုင်ပါတယ်” လို့ ဦးဝင်းခိုင်က ဆိုပါတယ်။