ခုဆိုရင် ပြည်တွင်းပြည်ပ စာရေးဆရာ၊ ဆရာမတွေရဲ့ စာအုပ်ပေါင်းများစွာကို ဝယ်ယူစရာမလိုဘဲ အွန်လိုင်း ကတဆင့် အခမဲ့ ဖတ်ရှုနိုင်တဲ့အခြေအနေကို ရောက်လာခဲ့ပါပြီ။ ကောင်းကင်နိုင်ငံ (Sky state) ကနေ မောက်စ်တကမ်း အကွာက ကလစ်တချက် ခေါက်ပြီး ဆွဲယူဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
သတင်းဆက်သွယ်ရေးနည်းပညာခေတ်ကြီးမှာ ဒါမျိုးကိစ္စတွေက မလွဲမသွေကြုံကြရမယ့် ကိစ္စဖြစ်ပါတယ်။ ဉာဏပစ္စည်း မူပိုင်ခွင့် (intellectual property right) နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေဖြစ်လာတယ်။
အွန်လိုင်းပေါ်ကနေ မိုးမိုး(အင်းလျား)တွေ ဒေါင်းလုတ်ဆွဲ ဖတ်နိုင်သလို ဆရာကြီး ရွှေဥဒေါင်းရဲ့ဝတ္ထုတွေလည်း အလွယ် တကူ ဒေါင်းလုတ်ဆွဲပြီး ဖတ်ရှုနိုင်တယ်။ သတင်းနည်းပညာခေတ်ကြီးမှာ ဘယ်လိုလုပ်ကြမလဲ။ ကိုယ်တိုင်အားထုတ်ထား ရတဲ့ စာရေးဆရာတွေ ငွေကုန်ကြေးကျများစွာ စိုက်ထုတ်ထားတဲ့ ထုတ်ဝေသူတွေအတွက် ထည့်သွင်း စဉ်းစားစရာ ဖြစ် လာပါပြီ။
အခုနောက်ပိုင်းမှာ အွန်လိုင်းက ဒေါင်းလုတ်လင့် (Link) တွေက ပိုပြီး အတင့်ရဲလာတယ်။ ပီဒီအက်ဖ်နဲ့ အသင့်ဖတ်လို့ ရရုံမက စတစ်ထဲ ထည့် အခကြေးငွေယူပြီး ရောင်းချလာကြတဲ့အထိ ဖြစ်လာတယ်။ မိုးမိုး (အင်းလျား) စီးရီးလိုက်၊ နုနုရည် (အင်းဝ) စီးရီးလိုက်၊ ဂျူး စီးရီးလိုက်၊ တာရာမင်းဝေ စီးရီးလိုက် ဆိုတာတွေ ဖြစ်လာတယ်။
စာရေးဆရာ (ဦး)နေဝင်းမြင့် က “အွန်လိုင်းကနေ အလွယ်တကူဒေါင်းလုတ်ဆွဲပြီး ယူတဲ့သူတွေ အရင်ထက် များလာတယ်။ အရင်က ဒေါင်းလုတ်ဆွဲပြီး ဖတ်ကြတယ်ဆိုတာ ကိုယ်ကြိုက်နှစ်သက်တဲ့ စာရေးဆရာရဲ့ ကြိုက်နှစ်သက်တဲ့ စာအုပ်တွေ ကိုသာ ဒေါင်းယူတယ်။ အခုတော့ နယ်တွေအထိ ဒေါင်းလုတ်ဆွဲပြီးသားတွေကို စတစ်ထဲထည့်ရောင်းတဲ့ ဝန်ဆောင်မှု ပေါ် နေပြီ။ ကူးယူရောင်းချတဲ့ စာအုပ်လင့်တွေက ပီဒီအက်ဖ်ဖိုင်တွေဆိုတော့ မသမာတဲ့သူနဲ့ တွေ့ရင် စာအုပ်ထုတ်မယ်ဆိုထုတ် လို့ရတဲ့ အခြေအနေ ဖြစ်နေပြီ” လို့ ပြောပါတယ်။
ဒါဟာ စာအုပ်ရေးသား ထုတ်ဝေကြသူတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။
စာအုပ်ရေးသားပြုစုတယ်ဆိုတာ အသိဉာဏ်တွေကို ဈေးကွက်တင်ခြင်းတမျိုးဖြစ်ပါတယ်။ စာအုပ်ဖြစ်မြောက်ဖို့ အချိန်၊ ငွေ ကြေး၊ လုပ်အားတွေ ရင်းနှီးမြှုပ်နှံကြရတယ်။ စာအုပ်ကောင်းဖြစ်ဖို့ အချိန်တွေ ယူကြရတယ်။ အွန်လိုင်းပေါ်ကနေ ဈေးကွက် ရှာဖွေပြီး ရောင်းဝယ်ဖောက်ကားကြတဲ့အခါ စာရေးသူရော ထုတ်ဝေသူပါ နစ်နာကြရတယ်။
တောမင်းသမီးစာအုပ် ရေးသားခဲ့တဲ့ စာရေးဆရာမ( ဒေါ်) ခင်ခင်ထူးက သူရေးသားခဲ့ပုံကို အခုလို ပြောပြတယ်။ “တော မင်းသမီးစာအုပ်ဖြစ်ဖို့ အချိန် ၆နှစ်လောက် ယူခဲ့ရတယ်။ မြင်းခြံ၊ သာစည်၊ ရေစကြိုနယ်ဘက်တွေသွားပြီး တွေ့ဆုံမေးမြန်းမှု တွေ လုပ်ရတယ်။ တချို့နယ်တွေဆို တခေါက်တည်းနဲ့ မပြီးလို့ ၃၊ ၄ခေါက် သွားရတယ်။ အင်တာဗျူးထားတာတွေ အသံဖိုင် ဖြည်တာ အေဖိုးစာမျက်နှာ ၄၀၀ ကုန်တယ်” လို့ ပြောပါတယ်။
အွန်လိုင်းပေါ်မှာ စာအုပ်တွေ တင်ကြတဲ့အခါ မျက်နှာဖုံးတွေပါ တင်ကြတယ်။ ငိုအားထက် ရယ်အား သန်တဲ့ အဖြစ်တွေ လည်း ကာယကံရှင်တွေ ကြုံရပါတယ်။ စာရေးဆရာမ ဒေါ်ခင်ခင်ထူးရဲ့ စာအုပ်တအုပ်က မူရင်း မျက်နှာဖုံးမဟုတ်ဘဲ မျက် နှာဖုံးဒီဇိုင်း အသစ်နဲ့ တင်ထားတာပါ။
အွန်လိုင်းပေါ်တင်တဲ့ ဒီဇိုင်းက မူရင်းစာအုပ်ဒီဇိုင်းနဲ့ မတူဘဲ ကျောင်းဆရာမ တယောက်က ကျောင်းသားလေးတွေ လက် ဆွဲပြီး စာသင်ကျောင်းဆီသွားတဲ့ ဒီဇိုင်း ရေးဆွဲထားတာဖြစ်တယ်။ ဒီဇိုင်းကို ဖြစ်ကတတ်ဆန်း ဆွဲထားတာ မဟုတ်ဘဲ သပ်သပ်ရပ်ရပ် ဆွဲထားတာကြောင့် စာရေးဆရာကိုယ်တိုင် မျက်စိလည်ခဲ့ရတဲ့အဖြစ် ကြုံခဲ့ရတာပါ။
ဒါဟာ ကာယအား၊ ဉာဏအား ငွေကြေးအင်အား စိုက်ထုတ်မှုမရှိဘဲ တခြားသူရဲ့လုပ်အားနဲ့ အရင်းအနှီးတွေကို စီးပွားရေးဆန်ဆန် ခိုးယူပြီး ရောင်းဝယ်ဖောက်ကားနေကြတာပါ။ ကျနော်တို့ သူခိုးအားပေး မဖြစ်ဖို့ လိုတယ်။
အွန်လိုင်းပေါ်က အလွယ်တကူ ဒေါင်းလုတ်ရယူသုံးစွဲကြရုံမက စီးပွားရေးဆန်ဆန် ရောင်းဝယ်ဖောက်ကားမှုတွေ လုပ်လာတာကို ဘယ်လိုတားဆီးကြမလဲ။ ဒါဟာ ရေစီးကြောင်းပါပဲဆိုပြီး မျက်နှာလွှဲခဲပစ် လုပ်ကြတော့မှာလား။ ဘာစိုက်ထုတ်မှုမှ မရှိဘဲ တပါးသူတွေရဲ့ ကာယဉာဏအားတွေကို ခိုးယူပြီး ဈေးကွက်ချဲ့ထွင်နေတာက စာရေးသားခြင်းနဲ့ အသက်မွေးဝမ်း ကြောင်းကြသူတွေ ထုတ်ဝေဖြန့်ချိသူတွေအတွက် အခက်အခဲဖြစ်စေတာ အမှန်ပဲ။
အသိဉာဏ် ဂိုဒေါင်တွေ ဖောက်ထွင်းမှုတွေအတွက် ဘယ်လို ဆောင်ရွက်ကြမလဲ။ ဒါဟာ တကယ်တော့ ရာဇဝတ်မှု မြောက်တဲ့ ပြစ်မှု ဖြစ်ပါတယ်။ အသိဉာဏ်ဂိုဒေါင်တွေကို ရည်ရွယ်ချက်ရှိရှိ ဖောက်ထွင်းတာဖြစ်ပါတယ်။
ဉာဏပစ္စည်း မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပေမယ့် အွန်လိုင်းက စာရေးဆရာတွေ ရဲ့ ဝတ္ထုတွေ ကဗျာတွေ အက်ဆေးတွေ ဒေါင်းလုတ်ဆွဲပြီး အခကြေးငွေယူ ရောင်းချနေတဲ့ ဈေးကွက်ကတော့ နယ်တွေအထိ အရောက်ပို့စနစ်နဲ့ ကျယ်ပြန့်နေပါပြီ။
မြန်မာ့စာအုပ်ထုတ်ဝေရေးလောက ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အသက်ရှူကျပ်နေချိန်မှာ အွန်လိုင်းဈေးကွက်က အရှိုက်ထိုးလိုက် သလို ဖြစ်စေပါတယ်။ မြန်မာ့စာအုပ်ဈေးကွက် ကျယ်ပြန့်ရေးအတွက် ရေးသူ၊ ထုတ်ဝေသူ၊ ဖြန့်ချိသူ အားလုံးစုပေါင်း အဖြေ ရှာကြရမယ့်အချိန် ရောက်ပါပြီ။