လာမယ့် ၂၀၁၇ ခုနှစ်အတွက် ထုတ်လုပ်သွားမယ့် မော်ဒယ်သစ်တခုနဲ့ အကြို မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီတော့ ဇိမ်ခံမော်ဒယ် Cadillac ရဲ့ XT5 ပါ။
XTS မော်ဒယ်လည်း ထွက်ရှိလို့ နာမည်ချင်း ဆင်ပြီး အမှတ်မှားနိုင်ပါတယ်နော်။ XT5 မော်ဒယ်က ရုပ်ထွက်ပိုင်း အထူးဆွဲဆောင်မှု ကောင်းပါတယ်။ တခါမြင်ရုံနဲ့ မှတ်မိနိုင်လောက်အောင် ဆွဲဆောင်မှုကောင်းတယ်၊ လှတယ်၊ တည်ငြိမ်မှုလည်း ရှိတယ်။
SRX လို မော်ဒယ်တွေ ပြည်တွင်းမှာ အစီးများလာသလို နောက်ပိုင်းမှာ XT5 လည်း ရောက်လာပါလိမ့်မယ်။ ကိုယ်ထည်လည်း အနေတော်ဖြစ်ပြီး နည်းပညာပိုင်းမှာလည်း အဆင့်မြှင့် ပွဲထွက်လာတာ ဖြစ်ပါတယ်။
တန်ဖိုးနည်း ဇိမ်ခံမော်ဒယ်တွေထဲမှာ နည်းပညာ အမြင့်မားဆုံး တန်းဝင်ဖြစ်ပြီး ထည့်သွင်းစနစ်တွေနဲ့ အကူစနစ်တွေလည်း အသုံးပြုရမှု လွယ်သလို အလိုအလျောက် စနစ်တွေရဲ့ လုပ်ဆောင်ချက်တွေလည်း မြင့်မားကောင်းမွန်ပါတယ်။
မောင်းနှင်ရမှုအပိုင်းမှာ လက်ကိုင်ပိုင်း အားကောင်းမှုကို သိသိသာသာ ခံစားသိရှိနိုင်စေသလို လမ်းကြောင်းစုံ မောင်းနှင် နိုင်အောင်ပါ ဖန်တီးထားတာ တွေ့ရပါတယ်။
ဒါပေမယ့် အင်ဂျင်စနစ်မှာ V6, V8 လို စသဖြင့် ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်မှု မရှိဘဲ အင်ဂျင်စနစ်တမျိုးတည်း ထုတ်လုပ် လာတာ တခုက အထာမကျချင်ပါဘူး။ ပြီးတော့ နည်းပညာ ထိန်းချုပ် အသုံးပြုရမှုအပိုင်းမှာ ထိတွေ့ အသုံးပြုရမှုအပိုင်း မြန်ဆန်ကောင်းမွန်ပေမယ့် စနစ်ရဲ့ လည်ပတ်လုပ်ဆောင်ပုံက ပုံမှန်ထက် နည်းနည်းနှေးချင်နေတာ တွေ့ရပါတယ်။
ဆိုလိုတာကTouch စနစ်က မြန်ပေမယ့် လည်ပတ်မှုစနစ်က နှေးချင်နေတာကို ပြောတာပါ။ အရောင် ၇ ရောင်ထွက် ရှိသလို အတွင်းခန်းက သားရေနဲ့ ရေမြှုပ်ဦးစားပေး ပုံစံတမျိုးတည်း ရနိုင်ပါတယ်။
မော်ဒယ်မှာ V6 တန်းဝင် ၃.၆ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး ပြောခဲ့ပြီးသလို အင်ဂျင်စနစ် ရွေးချယ်နိုင်မှု မရှိခြင်းက အားနည်းနေပေမယ့် အခု မြင်ရတဲ့ အင်ဂျင်စနစ်ကတော့ လမ်းကြောင်းစုံအတွက် အနေတော်လောက်ပါပဲ။
အင်ဂျင်စွမ်းအင် အနေနဲ့ မြင်းကောင်ရေ ၃၁၀ ထုတ်ပေးနိုင်ပြီး မြန်နှုန်းမြင့် မောင်းနှင်နိုင်အောင်ပါ ဖန်တီးထားတာ တွေ့ရပါတယ်။
ရှေ့ဘီးယက်စနစ်နဲ့ လာသလို ဘီးစုံယက်စနစ်နဲ့လည်း ရနိုင်ပြီး အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းမှာ တနာရီ မိုင် ၆၀ နှုန်း အတွက် အချိန် ၆ စက္ကန့်ဝန်းကျင်ပဲယူမှာ ဖြစ်ပြီး ဘီးစုံယက်စနစ်တွေက စွမ်းဆောင်ရည် ပိုကောင်းတာ တွေ့ရပါတယ်။
Suspension မှာ Four-wheel independent suspension နဲ့ Front and rear stabilizer bar တွေ ကူးထားပါတယ်။ ထိုင်ခုံတွေက Multi-level heating passenger seat တွေ ဖြစ်မယ်၊ 6-way power passenger seat ကို သုံးနိုင်မယ်၊ 8-way power driver seat ရမယ်၊ Multi-level heating driver seat ထည့်လာတယ်၊ Leatherette ပုံစံနဲ့ ဖြစ်ပါတယ်။
Remote keyless power door locks ရယ်၊ Hands-free entry ရယ်၊ 4 one-touch power windows တွေက သိပ်မဆန်းပေမယ့် အသုံးပြုရ လွယ်စေမှာပါ။ မျိုးဆက်ပြောင်းလဲ ထုတ်လုပ်မှု မဟုတ်လို့ အရမ်းတော့ သိသာတဲ့ အဆင့်မြှင့်ထားမှု မတွေ့ရပါဘူး။
ဆီစားနှုန်းအပိုင်းမှာတော့ ပျမ်းမျှ ဆီတဂါလံကို ၂၃ မိုင် စီးနင်းနိုင်မှာ ဖြစ်ပြီး ရှေ့ထွက် မော်ဒယ်တွေ ထက်စာရင် ဆီစား သိသိသာသာ လျော့ပါတယ်။