Lifestyle

အိမ်စီးအနေနဲ့ အဆင်ပြေနိုင်မယ့် Honda Partner

Want create site? Find Free WordPress Themes and plugins.

တကယ်ဆို မော်ဒယ်က ပြည်တွင်းမှာ Taxi အဖြစ် အသုံးများတဲ့ Nissan AD Van လို ရုပ်ထွက်မျိုးနဲ့ ဖြစ်ပေမယ့် အပြင်အဆင်၊ စွမ်းဆောင်ရည်နဲ့ အရည်အသွေးတွေက အိမ်စီး မော်ဒယ်အဖြစ်နဲ့ အသုံးပြုနိုင်လောက်အောင် အဆင်ပြေမှာပါ။

အတွင်းခန်းလည်း ကျယ်တယ်၊ မိသားစုသုံး အတွက် အဆင်ပြေတယ်၊ ခရီးဝေး သွားတတ်သူတွေ အတွက်လည်း အင်ဂျင် အရွယ်က အနေတော်ပါပဲ။ မြို့တွင်းသုံးမယ် ဆိုရင်လည်း ဆီစား မများနိုင်ပါဘူး။ နောက်ပြီးတော့ ကီလိုနည်းနည်းနဲ့ ဈေးကွက်မှာရနိုင်တာပဲ ဖြစ်ပါတယ်။

ဈေးကွက်မှာ ပြိုင်ဘက်လို့ ဆိုနိုင်မယ့် AD Van နဲ့ Probox အများစုက ပြည်ပကနေ တင်သွင်းလာကတည်းက ဖြစ်စေ၊ ပြည်တွင်းမှာပြန်ပြီး သုံးထားလို့ပဲ ဖြစ်စေ ကီလိုတွေ များတတ်ပါတယ်။ ပျမ်းမျှ ၁ သိန်းကျော် လောက်ထိအောင် ရှိနေတတ်ပေမယ့် အခု Partner ကတော့ ကီလို နည်းနည်းနဲ့ ဈေးကွက်မှာ ရနိုင်နေတာ ဖြစ်ပါတယ်။

အင်ဂျင်ပိုင်းမှာတော့ ၁.၅ လီတာသုံး ဖြစ်နေတဲ့ တချက်ရယ်၊ နောက်ထပ် ရွေးချယ်စရာ အင်ဂျင် အသေးစနစ် သိပ်မဝင်တာတွေက ပြိုင်ဖက်တွေထက် ရွေးချယ်နိုင်စရာတော့ နည်းစေပါတယ်။ ဒါပေမယ့် ၁.၅ လီတာသုံး အင်ဂျင်ဟာ လုပ်ငန်းသုံးအတွက် မဟုတ်ဘဲ အိမ်စီးသက်သက် ဆိုရင် တကယ်ကို အနေတော်ပါပဲ။ မြို့တွင်းသုံး အတွက်လည်း Air-Con စိတ်ကြိုက် အသုံးပြု မောင်းနှင်နိုင်မယ်၊ ဆီစားလည်းချိုမယ်၊ ခရီးဝေး မောင်းမယ် ဆိုရင်လည်း တဆက်တည်း မိုင် ၁၀ဝ ကို ပုံမှန် အနေအထားနဲ့ မောင်းနှင်နိုင်မှာပါ။ နောက်ပြီးတော့ Partner ရဲ့ အားသာချက် တချက်က မော်ဒယ်တော့ အရမ်းမမြင့်ပေမယ့် ပါရှိ နည်းပညာပိုင်းနဲ့ တပ်ဆင် ပစ္စည်းတွေ မြင့်မားတာပဲ ဖြစ်ပါတယ်။

ညာမောင်း မော်ဒယ် အနေနဲ့ အများဆုံး ဈေးကွက်မှာတွေ့ရပြီး Auto စနစ်နဲ့ သွားပါတယ်။ ဒီနေရာမှာ ပြောစရာ ရှိတာ တချက်က မော်ဒယ်ကို အသားမကျခင်မှာ မောင်းနှင်ရ စိတ်ကြိုက် သိပ်မတွေ့ ဖြစ်ပေမယ့် အသားကျသွားရင် တကယ်ကို ကောင်းပါတယ်။ ဒါက ဂီယာပိုင်းကြောင့် ဖြစ်ပြီး အထူးသဖြင့် အထွက်လေးတွေမှာ အသားမကျလို့ နည်းနည်း အထွက် ကြမ်းချင်တယ်လို့ ထင်ရပေမယ့် အသားကျသွားချိန်မှာတော့ စိတ်ကြိုက်ဖြစ်လာစေပါတယ်။

Gasolineသုံး အင်ဂျင်ဖြစ်မယ်။ အတွင်းခန်း တပ်ဆင် ပစ္စည်း၊ ထိုင်ခုံစွပ်၊ ခြေနင်း အားလုံး အခြေခံက အစ ပြည့်စုံအောင် ပါရှိမယ်၊ အသက်ကယ် လေအိတ်စနစ်လည်း ပါမယ်၊ ABS ဘရိတ်စနစ်နဲ့ ဖြစ်မယ်၊ TV အပြင် ပုံမှန် တန်ဖိုးနည်း မော်ဒယ်တွေက CD လောက်ပဲ ပါတတ်ပေမယ့် Partner မှာတော့ DVD ထိအောင် ပါရှိကြတယ်။ Touch စနစ်က အထိအတွေ့ပိုင်း အားနည်းချင်ပေမယ့် သုံးရတော့ လွယ်ကူတာတွေ့ရပါတယ်။

ဈေးကွက်မှာတော့ ၁.၅ လီတာသုံး အင်ဂျင်တပ် အဖြူရောင် Partner တွေကို ကီလို ၈ သောင်းကျော်လောက်နဲ့ သိန်း ၁၆၀ လောက် ခေါ်ပါတယ်။ AD Van တွေထက် စာရင် ဈေးနည်းနည်း ပိုချင်နေပေမယ့် အိမ်စီး မော်ဒယ်ဖြစ်လို့ ဈေးက သင့်ပါတယ်။

ဒါပေမယ့် ဝယ်လက်အတွက် အားသာတာ တချက်က တခြား ပြိုင်ဖက် မော်ဒယ်တွေလောက် လူသိ မများသေးတာကြောင့် မောင်းနှင်ပြီး ကီလို အပိုင်းမှာ ကြည့်ပြီး ဈေးချပေးနိုင်ပါတယ်။ အခု ပြောတဲ့ ကီလို ၈ သောင်းခွဲ အနေအထားမှာတော့ ဈေးက သင့်ပြီး အနည်းငယ် လျှော့ဈေးနဲ့ ပွဲတည်နိုင်လောက်ပေမယ့် အခုထက် ကီလို များနေတာမျိုး ဆိုရင်တော့ အောက်ဈေးကို ထပ်ချလိုက်ပါ၊ အဆင်ပြေပါလိမ့်မယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading