UK Mobo Awards က ပေးသော ယခုနှစ်အတွက် RnB band ဆုကို တခြားတဖွဲ့အား မှားယွင်း ကြေညာလိုက်ပါတယ်။ ဆုပေးအဖွဲ့က လူတွေဟာ ထိုဆုကို MC Abra Cadabra ရရှိကြောင်း ထုတ်ဖော် မပြောကြားမီ Londoners WSTRN တွေဟာ အကောင်းဆုံး ဂီတဆုကို ရကြောင်း မှားယွင်း ကြေညာခဲ့ပါတယ်။
ဒီလို တိုက်ရိုက်ပြတဲ့ တီဗီအစီအစဉ်တွေ၊ ဆုပေးပွဲတွေမှာ ဆုရသူကို သို့မဟုတ် ဆု မရသူကို မှားယွင်းဖော်ပြ ကြေညာခြင်းဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
မယ်စကြဝဠာ မှားယွင်းကြေညာခြင်း
သမိုင်းမှာ အချိန်အတိုဆုံး သရဖူဆောင်းခွင့် ရလိုက်ခြင်းလို့ ပြောရမှာပါပဲ။ ကိုလံဘီယာ ကိုယ်စားပြုမယ် အရီရက်ဒနာ ဂူတီယာရက်ဇ် (Ariadna Gutierrez) ဟာ မယ်စကြဝဠာပြိုင်ပွဲမှာ တမိနစ်ကြာ သရဖူ ဆောင်းခွင့် ရလိုက်ပါတယ်။ မှားယွင်းကြေညာမိလို့ တမိနစ်အကြာမှာ ဖိလစ်ပိုင်မယ် ပီယာ အလွန်ဇို ဝါ့ဇ်ဘက်ချ် (Pia Alonzo Wurtzbach) ကို သရဖူ လွှဲပြောင်းပေးလိုက်ရလို့ပါ။
၂၀၁၅ ခုနှစ် မယ်စကြဝဠာ ပြိုင်ပွဲမှာ စတိဗ် ဟာဗေးဟာ မယ်နာမည်ကို မှားယွင်းကြေညာကာ သရဖူကိုလည်း ကိုလံဘီယာမယ်ကို ဆောင်းပေးပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဟာဗေးဟာ စင်ပေါ် ပြန်ပေါ်လာပြီး သူကြေညာတာ မှားသွားပြီလို့ ပြောလိုက်တဲ့အခါ အကုန် ခွကျကုန်ပါတော့တယ်။
တေလာ ဆွစ်ဖ်နဲ့ ကိန်း ဝက်စ်
ဆုပေးပွဲ စီစဉ်သူတွေ အကြီးအကျယ် မှားတယ်လို့ နာမည်ကြီး ပရိသတ်က ထပြောတဲ့ ပွဲမျိုးလည်း ရှိဖူးပါတယ်။
၂၀ဝ၉ MTV Video Music ဆုကို You Belong With Me သီချင်းနဲ့ အကောင်းဆုံး အမျိုးသမီး ဗီဒီယိုဆု တေလာ ဆွစ်ဖ် (Taylor Swift) ရရှိကြောင်း ကြေညာတဲ့အခါ နာမည်ကြီး အဆိုတော့ ကိန်း ဝက်စ် (Kanye West) က ထကန့်ကွက်ခဲ့ပါတယ်။
တေလာ ဆွစ်ဖ်က ဆုရရှိလို့ ကျေးဇူးတင်စကား ပြောရုံရှိသေး ရပ်ပါ အဆိုတော် ကိန်း ဝက်စ်က မိုက်ခရိုဖုန်းကို ဆွဲယူလိုက်ပြီး တီဗီကနေ Live ပြနေချိန်မှာ ဒီဆုကို ရသင့်သူဟာ ဘီယွန်ဆေး (Beyonce) ဖြစ်တယ်လို့ ပြောချလိုက်ပါတယ်။ တေလာ ဆွစ်ဖ်လည်း ရုတ်တရက် အငိုက်မိပြီး ပါးစပ် အဟောင်းသား ဖြစ်သွားပါတယ်။
ဆုရ မော်ဒယ် အမှား
ကယ်လ်ဆီ မာတီနိုဗစ်ချ် (Kelsey Martinovich) ဟာ သူ့ကိုယ်သူ Australia ရဲ့ Next Top Model ဖြစ်ပြီလို့ ထင်ထားပါတယ်။
Next Top Model အစီအစဉ် တင်ဆက်သူ ဆရာ မားဒေါ့ချ်က စိတ်ပျက်စရာပဲလို့ ပြောချလိုက်တော့ ပရိသတ်တွေ အံ့သြကုန်ပါတယ်။
ကယ်လ်ဆီ မာတီနိုဗစ်ချ်ဟာ ၂၀၁၀ ချန်ပီယံဆုကို ပရိသတ် ရွေးချယ်တဲ့ မဲနဲ့ သာနေပြီး ဆုရရှိတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောမလို့တောင် ပြင်နေပါပြီ။
မီဒီယာ သူဌေးကြီး ရူးပတ် မားဒေါ့ချ် ရဲ့ သားကြီး မားဒေါ့ချ်က အမှန်တကယ် ဆုရရှိသူက အသက် ၁၈ နှစ်အရွယ် အာမန်ဒါ ဝဲရ် (Amanda Ware) ဖြစ်တယ်လို့ ပြောင်းလဲကြေညာလိုက်ပါတယ်။
တီဗီမှာ Live ကြည့်တဲ့အခါ ဖြစ်တတ်တဲ့ အမှားပဲလို့ မားဒေါ့ချ်က ပြောပါတယ်။
အစီအစဉ် ကြေညာသူရဲ့ အလွဲ
ဆုရသူကို လွဲတာမျိုးတင် မကဘူး၊ ဆုမရတဲ့သူကိုလည်း မသင့်တော်တဲ့အချိန် မှားကြေညာမျိုးလည်း ရှိပါသေးတယ်။
X Factor အစီအစဉ် တင်ဆက်သူ အိုလီ မားစ် (Olly Murs) ဟာလည်း ၂၀၁၅ ခုနှစ်မှာ ပြိုင်ပွဲဝင်သူ မိုနီကာ မစ်ချယ် ပြိုင်ပွဲကနေ ထွက်ရပြီလို့ မှားကြေညာမိလို့ သူ့ကို ပြန်တောင်းပန်ခဲ့ရပါတယ်။ အိုလီ မားစ်က ဒိုင် ၄ ဦးရဲ့ မဲတွေကို မှားရေတွက်ပြီး မိုနီကာ မစ်ချယ် အိမ်ပြန်ရပြီလို့ ထင်ခဲ့တာပါ။ တကယ်မှာကလည်း အမှတ်တူနေလို့ ပရိသတ်မဲနဲ့ ဆုံးဖြတ်ရမှာပါ။
အဲဒီလို ဆုံးဖြတ်လိုက်တဲ့ အခါမှာလည်း မိုနီကာ မစ်ချယ်က ရှုံးသွားခဲ့ပေမယ့် ရှုံးမယ့်သူကို ကြိုတင် ကြေညာမိလျက်သား ဖြစ်သွားခဲ့ရပါတယ်။
မွေးနေ့ကိတ်နဲ့ ဆုနဲ့ မှားတဲ့ မိုက်ကယ် ဂျက်ဆင်
ကမ္ဘာကျော် အဆိုတော်ကြီး မိုက်ကယ် ဂျက်ဆင်ဟာ မရှိတဲ့ဆုကို ရဖူးပါတယ်။ ပေါ့ပ် ဘုရင်ကြီး မိုက်ကယ် ဂျက်ဆင် မွေးနေ့မှာ စင်ပေါ်မှာ မွေးနေ့ကိတ်ကိုပေးရင်း အဆိုတော် ဘရစ်တနီ စပီးယားက ပရိသတ်ကို မိုက်ကယ် ဂျက်ဆင်အား “ထောင်စုနှစ်ရဲ့ အနုပညာရှင်” အဖြစ် မှတ်ယူကြောင်း ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။
မိုက်ကယ် ဂျက်ဆင်ကလည်း တကယ် ဆုပေးတယ်ထင်ပြီး ဆုရရှိကြောင်း ကျေးဇူးတင်စကား ပြောဆိုခဲ့ပါတယ်။
ဒါမျိုး အိပ်မက် မက်ဖူးပေမယ့် မယုံနိုင်လောက်အောင်ပါပဲ လို့ ပြောပါတယ်။ သူက ဘုရားသခင်အပါအဝင် ကျေးဇူးတင်ထိုက်သူတွေလည်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
တကယ်က အဲဒါ ဆုမဟုတ်ပါဘူး၊ မွေးနေ့ကိတ်ပါ။
ကေတီ ပယ်ရီ နဲ့ ဆု
ပြင်သစ်နိုင်ငံ၊ ကိန်းစ်မှာ ကျင်းပတဲ့ ၂၀ဝ၉ NRJ Music ဆုကို အဆိုတော် ကေတီ ပယ်ရီ (Katy Perry) က နိုင်ငံတကာ အကောင်းဆုံး သီချင်းဆု ရရှိပါတယ်။ ဒါပေမယ့် ဒီဆုက သူတို့ ပေးဖို့ မဟုတ်ပါဘူး။ အဆိုတော် ရီဟာနာကို ပေးဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် ကေတီ ပယ်ရီ အရှက်ပြေဖို့ ဖြစ်သွားရတာကတော့ အဲဒီပွဲမှာပဲ သူဟာ One of the Boys အယ်လ်ဘမ်နဲ့ နိုင်ငံတကာ အကောင်းဆုံး အယ်လ်ဘမ်ဆု ရရှိခဲ့လို့ပါပဲ။
Ref: BBC