Lifestyle

သူခိုးကြီးည ပျောက်ဆုံးသွားခြင်း

Want create site? Find Free WordPress Themes and plugins.

ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ကာလအတန်ကြာ အမြစ်တွယ်ခဲ့တဲ့ ယဉ်ကျေးမှုတွေ ဓလေ့ထုံးစံတွေ ပျောက်ကွယ်လာ နေပါတယ်။ ခေတ်ကာလ ရေစီးကြောင်းရဲ့ တိုက်စားမှုအောက်မှာ ဒရောသောပါး မျောပါသွားကြတဲ့ ဓလေ့ထုံးစံတွေ ထဲမှာ ရိုးရာဓလေ့ကောင်းလေးတွေ ပါသလို တချို့က ခေတ်နဲ့ မဆီလျော်တော့တဲ့ ဓလေ့ဆိုးတွေလည်း ပါဝင်ကြ တယ်။ အဲဒီထဲမှာ တန်ဆောင်မုန်းလပြည့်ညမှာ ကျင်းပတဲ့ သူခိုးကြီးည ပျောက်ကွယ်သွားတာ လွမ်းစရာကောင်း လှတယ်။

သူခိုးကြီးည ပျောက်ကွယ်သွားတာ ဆယ်စုနှစ် နှစ်စုကျော် ကြာခဲ့ပါပြီ။ သုတေသန အားသန်သူတွေ သုတေသန လုပ်ဖို့ ကောင်းတယ်။ ဘာကြောင့် သူခိုးကြီးည ပျောက်သွားရသလဲ။ ဘယ်လို ကွယ်ပျောက် သွားသလဲ။ သူခိုးကြီးည ကွယ်ပျောက် သွားဖို့ ဘယ်လို အကြောင်းအရာတွေ ဖန်လာခဲ့သလဲ။ လက်လှမ်းမီသမျှ တူးဆွကြည့်ကြရအောင်ပါ။

သူခိုးကြီးည ဆိုတာ ရပ်ကွက်ထဲမှာ ရှိတဲ့ အိမ်တွေက အဖိုးသိပ်မတန်တဲ့ ပစ္စည်းတွေကို ဟိုနေရာဒီနေရာ ရွှေ့ပြောင်း ပြီး ကာလသားတွေက တန်ဆောင်မုန်း လပြည့်ညမှာ နောက်ပြောင် ကစားကြတာပါ။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသ အချို့မှာတော့ တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်နေ့ ညသန်းခေါင်ယံ ရောက်မှ ပြုလုပ်ကြတာပါ။ အကျိူး ပျက်စီးစေတဲ့ စိတ်နဲ့ ခိုးဝှက်ကြတာ မဟုတ်ဘဲ အချင်းချင်း ချစ်ခင်စိတ်ကို အရင်းခံပြီး လုပ်ကြတာ ဖြစ်လို့ ခိုးဝှက် နောက်ပြောင်ကြသူရော အခိုးခံကြရတဲ့ ပစ္စည်းပိုင်ရှင်တွေပါ ပျော်ရွှင်ကြရတယ်။

တပ်မက်စိတ်နဲ့ ခိုးဝှက်ကြတာ မဟုတ်လို့ ပိုင်ရှင်က မိုးလင်းလို့ သူ့ပစ္စည်း ရှာမတွေ့ခဲ့ရင်လည်း ဖွက်ထားကြသူတွေက ပြန်ပေးကြတယ်။ တချို့က ရေစည်လှည်းတွေ ချယ်ဂါလီတွေကို လမ်းမလယ်မှာ ထားပြီး ဘုံကထိန်က ညှပ်မကြီး ပဒေသာပင်သီးသလို တွေ့ရာ ပစ္စည်းတွေ ကောက်ချိတ်ဆွဲထားလိုက်ကြတယ်။

တချို့သူတွေက သူခိုးကြီးညမှာ ပစ္စည်းခိုးဝှက်တာ မလုပ်ဘဲ အများသူငါ ပြုံးပျော်အောင် လုပ်ကြသူတွေ ရှိတယ်။ အဲဒီတုန်းက (လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က) သမဝါယမခေတ် ဆိုတော့ သမဆိုင်ရှေ့က ကုန်ပစ္စည်း ကြော်ငြာ သင်ပုန်းမှာ အိမ်ထောင်စုတိုင်း ရွှေဝါဆပ်ပြာနှင့် ရေနံဆီ လိုသလောက်ထုတ်ယူနိုင်ပြီလို့ မြေဖြူရောင်စုံနဲ့ ရေးပြီး ကြော်ငြာ ထိုးပေးကြတယ်။ ခွဲတမ်းနဲ့ ဦးရာလူသာ ရတဲ့ခေတ်မှာ ဒီလို ဆိုင်းဘုတ်ရေးတယ် ဆိုတာ တကယ်မဟုတ်မှန်း ရပ်ကွက်ထဲက လူတွေက သိကြတာပါပဲ။ ဒါပေမယ့် သမဝါယမရှေ့က ဆိုင်းဘုတ်ဖတ်ပြီး ရပ်ကွက်ထဲကလူတွေ ပျော်ရွှင်အောင် လုပ်ခဲ့ကြတယ်။ တခါတရံ ရန်ဖြစ်ပြီး မခေါ်နိုင် မပြောနိုင်ဖြစ်နေတဲ့ ရပ်ကွက်ထဲက အိမ်ထောင်စုတွေကို ဒီဘက်အိမ်က ပစ္စည်း ဟိုဘက်အိမ်ပို့ ဟိုဘက်အိမ်က ပန်းအိုး ဒီဘက်အိမ်ပို့ ငြိမ်းချမ်းရေး အကျိုးဆောင်ခဲ့ကြ သေးတယ်။

သူခိုးကြီးညမှာ သူခိုးနက္ခက် ထွန်းတယ်လို့ ယုံကြည်ကြသူတွေ ရှိတယ်။ ဒါပေမယ့် တပ်မတော်အစိုးရ အာဏာသိမ်းပြီး ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တွေ အောက်မှာ သူခိုးကြီးညလို ရိုးရာပွဲလမ်း သဘင်တွေလည်း ဆိတ်သုဉ်း သွားရတယ်။ ည မထွက်ရ အမိန့်၊ လူ ၅ ယောက်ထက် ပိုပြီး မစုဝေးရ အမိန့်တွေကို ကာလအတန်ကြာ ထုတ်ခဲ့ပြီး ပြည်သူတွေကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်ခဲ့ကြတယ်။ အဲဒီအမိန့်တွေ ရုတ်သိမ်းပြီး နောက်မှာလည်း ရိုးရာပွဲလမ်း တွေကို အိုးမည်းသုတ်ကြတဲ့ တောကြောင်တွေ ပေါလာတယ်။ အပျော်အပျက် စနောက်တဲ့ အနေနဲ့ ခိုးဝှက်ရာက တပ်မက်စိတ်နဲ့ တကယ်လိုချင်လို့ တကယ်ခိုး လာတာတွေလည်း ရှိတယ်။ ပျော်ချင်လို့ စနောက်သူတွေ ကြားမှာ လောဘသားတွေက ရောင်တော်ပြန် အဖြစ် ပါလာကြတော့ ရိုးရာပွဲတော်တွေက ပျော်စရာ မကောင်းတော့ ဘူး။

ဒါ့အပြင် ပျော်ချင်လို့ စနောက်ရာက အရက်ပေါပေါများများ ရလာတဲ့ ခေတ်မှာ စနောက်ရာက ခိုက်ရန် ဖြစ်ပွားမှုတွေပါ ရှိလာတယ်။ ငွေကြေးတတ်နိုင်တဲ့ အိမ်ထောင်စုတွေက လူငယ်တွေ ပျော်ပါးစားသောက်ကြဖို့ သူခိုးကြီးညမှာ ပိုက်ဆံကြဲတယ်၊ ပံ့သကူ ဖွက်ကြတယ်။ သူခိုးကြီးည အလွန်နောက် တနေ့မနက် ပံ့သကူ ဖွက်ထားတဲ့ ပိုက်ဆံတွေကို ရှာကြဖွေကြ ပျော်စရာအချိန်တွေ ပါပဲ။ ငွေကြေးပြည့်စုံသူရော နွမ်းပါးချို့တဲ့ သူတွေပါ အယုတ်အလတ် အမြတ်မရွေး တန်းတူရည်တူ ပျော်ရွှင်ခဲ့ကြရတဲ့ နှစ်ကာလတွေ အသေအချာ ဖြစ်ခဲ့ပါတယ်။

ခေတ်က မတောင်းဆိုတော့ရင် ဘယ်အရာမဆို ပျောက်ကွယ်ရမှာ ဖြစ်ရိုးဖြစ်စဉ် ပါပဲ။ မပျောက်ကွယ်ခင်မှာ ထိန်းသိမ်းသင့်တာ ထိန်းသိမ်းကြရမှာ ပါ။ မှတ်တမ်းတင်ဖို့ လိုအပ်ရင် စာနဲ့ရော အရုပ်နဲ့ပါ စနစ်တကျ မှတ်တမ်း တင်ကြရမှာ ဖြစ်တယ်။ ဒီနေ့ခေတ်လို သတင်းနည်းပညာ ခေတ်ကြီးမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်း တွေကို ပိုလို့တောင် မှတ်တမ်းတင်ကြရဦးမယ်။

ယဉ်ကျေးမှုရဲ့ သဘောက ကူးလူးဆက်ဆံတဲ့ သဘောသဘာ၀ ရှိတယ်။ စီးမျောတဲ့ သဏ္ဍာန်ရှိတယ်။ ယဉ်ကျေးမှု ကိုယ်ခံအားနည်းရင် အားများတဲ့ ယဉ်ကျေးမှုရဲ့ လွှမ်းမိုးခြင်းကို ခံကြရမှာပါပဲ။ ဒါဟာ ရိုးရာယဉ်ကျေးမှု ဆိုပြီး မျက်စိစုံမှိတ် ဖက်တွယ်ထားဖို့ တောင်းဆို နေတာ မဟုတ်ပါဘူး။ ဗဟုယဉ်ကျေးမှု ထွန်းကားတဲ့ ကာလမှာ တောင်းဆို လို့လည်း မရနိုင်ဘူး။ ကျန်ကောင်း ကျန်ရာ ကျန်ရှိနေသေးတဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေကို စနစ်တကျ မှတ်တမ်း တမ်းကြဖို့ ပြောနေရတာပါ။

မြင်သာထင်သာတဲ့ သာဓက က ဒီနေ့ခေတ်မှာ ရိုးရာယဉ်ကျေးမှု ဆိုပြီး ဘယ်အမျိုးသားကမှ သျှောင်ထုံး မထုံး၊ တောင်ရှည်မဝတ် ထိုးကွင်း မထိုးကြတော့ဘူး။ ဒါဟာ အမျိုးသားယဉ်ကျေးမှုကို မချစ်လို့ မဟုတ်ဘဲ ခေတ်နဲ့ မဆီလျော်တော့လို့ ရာဇဝင်ထဲမှာ ထားရစ်ခဲ့ကြရတာပါ။ အခုချိန်ထိ ခေတ်နဲ့ လိုက်လျောညီထွေမှု မရှိတော့ပေမယ့် ကျန်နေသေးတဲ့ ဓလေ့ထုံးတမ်း အချို့လည်း ရှိနေသေးတယ်။ ရပ်ဝေးမှာ ကွယ်လွန်ခဲ့ရင် ရပ်ထဲရွာထဲ သေဆုံးနေတဲ့ ခန္ဓာကိုယ်ကို အဝင်မခံတာ၊ ဒေသအချို့မှာ ကျန်းမာရေးကိစ္စအ၀၀ကို ပယောဂဆရာထဲ ဝကွက်အပ်နေသေးတာ၊ စတဲ့ ဓလေ့ဆိုးတွေတော့ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ပျောက်ကွယ်စေချင်ပါပြီ။

အားလုံးပျော်ရွှင်ရတဲ့ သူခိုးကြီးညလို ရိုးရာဓလေ့ ပွဲတွေကိုတော့ တောကြောင်တွေမပါ မူးရူးခိုက်ရန်ဖြစ်ပွားတာတွေ မပါပဲ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် လုပ်လို့ရတဲ့ ပွဲလေးတွေတော့ မပျောက်ကွယ်စေချင်ဘူး။ မြန်မာ့ လူ့အဖွဲ့အစည်း ဆိုတာ ဒါမျိုးဆိုပြီး နောက်လူတွေကို လက်ဆင့်ကမ်းချင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading