ဂျာနယ်တခုရဲ့ အင်တာဗျုးမှာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ အင်တာဗျုးအဖြေက ပုဂ္ဂိုလ်ရေး ထိခိုက်မှုရှိတဲ့အတွက်ကြောင့် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက အသိပေးစာ ပို့ခဲ့တဲ့အပေါ် တောင်းပန်ခြင်း မဟုတ်ဘဲ ညှိနှိုင်းဆွေးနွေးမှုပြုလုပ်မယ်ဆိုရင် လက်ခံမှာဖြစ်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဧရာတီကို ပြောပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က “တရားရင်ဆိုင်မှာကတော့ ရှင်းရှင်းလေးပါ။ ကျနော် သူနဲ့ အင်တာဗျူးမှာ ကြည့်လိုက်ရတာ သူက ကျနော်ကို တောင်းပန်ဖို့ notice စာပို့ထားတာလေ။ တောင်းပန်ဖို့ဆိုရင်တော့ ကျနော်က မဖြစ်နိုင်ဘူး။ တကယ်လု့ိ ညှိနှိုင်းဖို့ ဆွေးနွေးဖို့ဆိုရင်တော့ ကျနော့်ဘက်က အဆင့်သင့်ရှိပါတယ်။ တောင်းပန်ဖို့ ဆိုတာကတော့ အစီအစဉ်မရှိပါဘူး။
တရားရင်ဆိုင်သွားဖို့ ကျနော့်ဘက်ကလည်း အဆင့်သင့်ရှိနေပါပြီ။ အရှိန်ပြင်းတဲ့ ကားနှစ်စီး ခေါင်းချင်း ယှဉ်တိုက်သလိုပါပဲ။ နှစ်ဘက်စလုံး ဒဏ်ရာရမယ်။ ဒီတော့ကိုယ်လည်း အတွင်းလူနာလောက် တော့ ရှိမယ်ဆိုတာ သေချာပါတယ်။ notice စာကလည်း ညှိနှိုင်းဆွေးနွေးမယ်ဆိုတာ မပါပါဘူး။တောင်းပန်ဖို့ပဲ ပါပါတယ်” လိို့ ဧရာဝတီကို ပြောပါတယ်။
အရုဏ်ဦးဂျာနယ်ရဲ့ အင်တာဗျူးမှာ ဒါရိုက်တာမောင်မျိုးမင်းက “ ဥက္ကဋ္ဌကအစ အပြာကားဆန်ဆန် တဏှာရူးဆန်ဆန် ဇာတ်ကားတွေ ရိုက်ကူးတယ်”လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအပေါ် ဖြေကြားမှုအပေါ် ဥက္ကဋ္ဌ ဦးလူမင်းက ဒါရိုက်တာ မောင်မျိုးမင်းထံ တပတ်အတွင်းတောင်းပန်ဖို့ အသိပေးစာ ပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အသိပေးစာပို့ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဦးလူမင်းက “ကိုယ်အနေနဲ့ကတော့ သိက္ခာနဲ့ပတ်သက်ပြီး ထိပါးတဲ့ အတွက် ဥပဒေကြောင်းအရ ဆောင်ရွက်တာပါ။ ဘယ်လိုနည်းနဲ့မှ ဆက်သွယ်ဆွေးနွေးတဲ့အကြောင်းမရှိလို့ တရားစွဲဆိုရတာပါ။ notice ပေးပို့ပြီး အကြောင်းပြန်တဲ့ကာလကတော့ ပြည့်သွားပြီ၊ တရားဥပဒေအရ တရားစွဲဆိုခြင်း ကို ဆောင်ရွက်ရပါတော့မယ်” လို့ ဆိုပါတယ်။