မကြာသေးခင်က မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ အဖွဲ့အစည်းများပူးပေါင်းပြီး မြန်မာနိုင်ငံ အနုပညာဆိုင်ရာ မူပိုင်ခွင့် ချိုးဖောက်ခံရမှု ကာကွယ်တားဆီးရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဒီ ကော်မတီက မူပိုင်ခွင့် ချိုးဖောက်ခံရတဲ့ အနုပညာရှင်များ၊ထုတ်လုပ်သူများဘက်မှ ခိုးကူးများကို ထိရောက်စွာ အရေးယူဖို့ တာဝန်ရှိသူများနဲ့ပူးပေါင်းပြီး ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ရုပ်ရှင် ဗီဒီယိုနဲ့ ပတ်သက်လို့ အရည်အသွေးပိုင်း ကျဆင်းလာတဲ့အတွက် မြန်မာဗီဒီယိုဈေးကွက်လည်း ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အရည်အသွေးမပြည့်ဝတဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးလာတယ်လို့ ရုပ်ရှင်ကြည့်ပရိသတ်နဲ့ အနုပညာရှင်များကြား အငြင်းပွားမှုတွေရှိလာတဲ့အတွက်ကြောင့် ဒီ ကော်မတီဖြစ်ပေါ်လာနဲ့ပတ်သက်လို့ မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုဈေးကွက်ကို ဘယ်လိုမြှင့်တင်လာနိုင်မလဲဆိုတာကို ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဒါရိုက်တာ ကြည်ဖြူသျှင်ကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။အခုဖွဲ့စည်းလိုက်တဲ့ မူပိုင်ခွင့်ချိုးဖောက်ခံရမှုအတွက် ကာကွယ်ရေး ပူးပေါင်း ကော်မတီရှိလာတဲ့အတွက် ရုပ်ရှင်၊ ဗီဒီယိုလောကအတွက် ဘယ်လိုအကျိုးတွေရှိလာမယ်လို့ မြင်မိလဲ။
ဖြေ။ ။ပြောရမယ်ဆိုရင် ကျမတို့ရဲ့ ရုပ်ရှင် ဗီဒီယိုကို ပရိသတ်တွေက အားပေးပါတယ်။ ဒါပေမယ့် ပရိသတ်တွေက အနုပညာရှင်တွေကို အားပေးမှုက တရာမှာ သုံးဆယ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ အမှန်က ခိုးကူးခွေသမားတွေပဲ ခံစား နေရတာပါ။ အခုလို ခိုးကူးတွေကို ထိထိရောက်ရောက် နှိမ်နင်းမယ်ဆိုရင်တော့ အနုပညာလောက က အနုပညာရှင် တွေ ထုတ်လုပ်သူတွေဆီကို ပရိသတ်အားပေးမှုက အပြည့်အဝရရှိမှာပါ။ အဲဒီအခါ ဝင်ငွေတိုးလာတဲ့အခါ ကျမတို့ရဲ့ အနုပညာလောကကလည်း Quality တွေလည်း အကောင်းဆုံး ထိထိရောက်ရောက် ရိုက်လာနိုင်မှာပါ။
ဆိုတော့ အခုချိန်မှာ ဝင်ငွေကျနေတဲ့အချိန်မှာ ထုတ်ငွေကိုလည်း ကောင်းကောင်းမသုံးနိုင်ပါဘူး။ ဒါကြောင့် ဈေးကွက် ပျက်တာနဲ့အမျှ အနုပညာ အရည်အသွေးတွေကလည်း ကျဆင်းလာပါတယ်။ ဒီတော့ ဈေးကွက်ကောင်းလာတယ် ဆိုရင် ကားကောင်းကောင်းတွေ ရိုက်လာနိုင်မှာပါ။ ခိုးကူးတွေပျောက်သွားမယ်ဆိုရင် ပရိသတ်အတွက်လည်း ကားကောင်းကားသန့်တွေကို ဈေးသက်သက်သာသာနဲ့ ကြည့်လာနိုင်မှာပါ။ အခုချိန်မှာဆိုရင် ကျမတို့ ဇာတ်ကားတွေ ရောင်းတဲ့နှုန်းရော၊ သီချင်းတွေ ရောင်းတဲ့နှုန်းရောက ပုံမှန်ထက်စာရင် ဈေးကြီးတယ်လို့ ပရိသတ်က ပြောကြပါတယ်။ ဈေးကြီးရတဲ့ အကြောင်းအရင်းက ရောင်းရတဲ့နှုန်းက နည်းလို့ပါ။ ရောင်းရတဲ့နှုန်းတွေကလည်း များလာမယ်ဆိုရင် ဈေးနှုန်းတွေကလည်း ကျသွားမှာပါ။ ပရိသတ်အတွက်လည်း မူရင်းမာစတာအချပ်ကို ဈေးသက်သက်သာသာနဲ့ ကြည့်နိုင်ဖို့ ဖြစ်လာမှာပါ။
မေး။ ။မကြည်ဖြူသျှင်က ဒီကော်မတီမှာ ပြန်ကြားရေးကို တာဝန်ယူထားရတယ်လို့ သိရပါတယ်။ ဒီကော်မတီရဲ့လှုပ်ရှားမှုက ဘယ်တော့လောက်စတင်မှာပါလဲ။
ဖြေ။ ။အခု ကျမတို့အဖွဲ့က စတင်လှုပ်ရှားနေပါပြီ။ ဒီရက်ပိုင်းအတွင်း ကြေညာချက်ထွက်မှာပါ။ ကြေညာချက် ထွက်ပြီးတာနဲ့ ကျမတို့အဖွဲ့သည် ထိရောက်သော အရေးယူမှုတွေနဲ့ ဆောင်ရွက်ပေးနိုင်ဖို့ကို တိုက်တွန်းသွားမှာပါ။
မေး။ ။ခိုးကူးတွေက မိရင်လည်း ခဏပဲ၊ ပြီးရင် ပြန်လွတ်တယ်လို့ ပြောကြတယ်။ အဲဒီတော့ ဒီအဖွဲ့ပေါ်လာပြီးရင် ဘယ်လို ထိထိရောက်ရောက် ဆောင်ရွက်မယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ဒါကတော့ အရင်ခေတ်ကာလက ဒီလိုမျိုး ရှိခဲ့တယ်။ ရှိခဲ့တဲ့အခါကျတော့ လူတွေက ဒီလိုမျိုးခံရပါများတော့ မယုံကြည်တာ့ဘူး။ အခုလက်ရှိအချိန်မှာတော့ ကျမတို့ ယုံကြည်ပါတယ်။ သက်ဆိုင်ရာ ဌာနဆိုင်ရာ အသီးသီး ကလည်းကူညီမှာပါ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ထိထိရောက်ရောက် ကူညီမယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အကြီးအကဲတွေကလည်း ပြောပါတယ်။ ခိုးကူးဈေးကွက်ကြောင့် ရုပ်ရှင်၊ ဂီတ၊ သဘင် ဒီလောကကြီး ပျက်ရတယ်ဆိုပြီး စိတ်မကောင်းဘူး။ လိုအပ်တာရှိရင် ကူညီမယ်ဆိုတဲ့သတင်းတွေ ကျမတို့ကြားရပါတယ်။ လက်တွေ့ မှာလည်း ကျမတို့ ဒီအဖွဲ့ကြီးက စနစ်တကျနဲ့သွားတဲ့အခါမှာ စနစ်အကျဆုံးကူညီမှုတွေနဲ့ လက်တွေ့ခံစားရမှာပါ။
မေး။ ။လက်ရှိ ရုပ်ရှင် ဗီဒီယိုဈေးကွက် အခြေအနေကရော ဘယ်လိုရှိနေပါလဲ။ ကိုယ်တိုင် ထုတ်ေ၀ ရိုက်ကူးသူ တယောက်အနေနဲ့ ဘယ်လိုများ မြင်မိပါလဲ။
ဖြေ။ ။အရေအတွက်အားဖြင့်တော့ အတိအကျ ကျမလည်း မပြောနိုင်ဘူးပေါ့။ ဒါပေမယ့် လောလောဆယ်ဖြစ်နေတဲ့ အခြေအနေအရ ကျမတို့ Pre မှာရော RC မှာရော တပတ်တပတ်ကို ထွက်နေကျ အခွေ အရမ်းနည်းသွားပါတယ်။ အဲဒီအတွက်ကြောင့်မို့ ဆိုင်သမားတွေက စာတွေနဲ့ တင်လာပါတယ်။ ဆိုင်သမားတွေမှာ တပတ်တပတ် ထွက်တဲ့ အရေအတွက်က နည်းလာတဲ့အတွက် ဆိုင်ရပ်တည်ဖို့အတွက် အရမ်းကိုခက်ခဲနေပါတယ်။ ဇာတ်ကားတွေ ထွက်တာများမှ ငှားရတော့မှ သူတို့က ရပ်တည်နိုင်မှာပါ။ ဆိုတော့ သူတို့ဆိုင်တွေက ပိတ်ရမယ့် အခြေအနေတွေ ဖြစ်နေပါတယ်ဆိုပြီး ဖြစ်နေပါတယ်။ ပြောချင်တာက အခုချိန်မှာ ဘာထွက်ထွက်ရှုံးမှာပဲဆိုပြီး တိုက်ကြီးတွေကအစ မရိုက်နိုင်ဘဲ ရပ်ထားရတဲ့ အခြေအနေဖြစ်နေပါတယ်။
မေး။ ။မြန်မာကားက ကြည့်ရှုသူနည်းလာတာ အရည်အသွေးကြောင့်လို့ ပရိသတ်ကလည်းပြောတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုသုံးသပ်ချင်ပါလဲ။
ဖြေ။ ။အရင်တုန်းက ဆင်ဆာရှိတဲ့အချိန်မှာ ကျမတို့က ဒါပဲရိုက်နေရတဲ့အတွက် မဲပြာပုဆိုးပဲ ဖြစ်နေတယ်။ ခွဲထွက်မလာတဲ့ ဇာတ်တွေဖြစ်နေတယ်။ အဲ့ဒီကနေ ဘာဖြစ်လာလဲဆိုရင် အဲ့ဒီလိုဖြစ်နေရတဲ့အထဲ ခိုးကူး ထွက်ပေါ်လာတဲ့အချိန်မှာ ဈေးကွက်တွေက ကျလာတယ်။ ဒီလိုဆိုတော့ ခုနကပြောသလိုပေါ့ ထုတ်လုပ် သလောက်ရှုံးနေတဲ့အခါ ထုတ်လုပ်မှုစရိတ်ကို လျှော့ရတယ်။ ချုံ့ရတယ်။ အဲ့ဒီလို လျှော့၊ ချုံ့တဲ့အခါမှာ ဇာတ်ကားရဲ့ အရည်အသွေးတွေက ကျလာတယ်။ နောက်တခုက ထုတ်လုပ်မှုစရိတ်ကို ချဖို့အတွက် ဇာတ်ကားရဲ့ ဇာတ်အိမ်ကိုက ခပ်ကျဉ်းကျဉ်းရိုက်ရတယ်ပေါ့လေ။
ပြောရမယ်ဆိုရင် ခိုးကူးကြောင့်ပဲ ဇာတ်ကားထုတ်လုပ်မှု ချုံ့ရတဲ့အတွက် ဇာတ်ကားအရည်အသွေး နည်းသွားတယ်။ ဇာတ်ကားအရည်အသွေးတွေ ကျဆင်းသွားတယ်။ ဆိုတော့ ဒါတွေက ဆက်စပ်မှုရှိနေပါတယ်။ အဲဒီဆက်စပ်မှုကို လက်တွေ့ခံစားရတာကတော့ ထုတ်လုပ်သူရယ်၊ ပြည်သူတွေရယ်ပေါ့၊ အနုပညာကို အားပေးတဲ့ပြည်သူတွေပေါ့။ ထုတ်လုပ်သူတွေကလည်း ဝင်ငွေမရှိတဲ့အခါမှာ ခြစ်ကုပ်ပြီး ရိုက်ရတဲ့ ဒုက္ခတွေကို သူတို့ခံစားရတယ်။ အနုပညာကို အားပေးတဲ့ ပြည်သူတွေကလည်း အရည်အသွေးမပြည့်မီသော ဇာတ်ကားတွေကို ကြည့်ရတယ်ပေါ့လေ။ အားလုံးရဲ့ဇစ်မြစ်ကတော့ ခိုးကူးပြဿနာပါပဲ။