မြန်မာလူမျိုးတွေအတွက် တန်ဆောင်တိုင်ကာလ၊ နိုဝင်ဘာလဟာ ခရီးထွက်လို့ ကောင်းတဲ့ ရာသီတခုပါ။ ရာသီဥတုက အေးအေးနဲ့ မိုးအကုန် ဆောင်းအကူး မိုးလေကင်းစင်တဲ့ အချိန်ကာလတခုဖြစ်ပြီး တန်ဆောင်တိုင် ပိတ်ရက်လည်းရှိတာကြောင့် မြို့ပြမှာ ကျောင်းတက်၊ ရုံးတက် အလုပ်လုပ် သူတွေ အားလပ်ရက် ခရီးရှည် ထွက်ကြတဲ့ အချိန်ဆိုလည်း မမှားပါဘူး။
ဒီနှစ် တန်ဆောင်တိုင်ကတော့ ပိတ်ရက် ၃ ရက်ဆက်တိုက် ရှိတာကြောင့် ခရီးထွက်ဝါသနာပါသူတွေ အတွက် ၂ ညအိပ် ၃ ရက် ခရီးတွေက ပိုအဆင်ပြေပါတယ်။ တပတ်၊ ၁၀ ရက် ခရီးထွက်ချင်သူတွေက ခွင့်ရက်ရှည်ယူလို့ ခရီးထွက်ကြတဲ့ အချိန်ခါပါပဲ။ ဒီလိုအချိန်၊ ဒီလိုရာသီမှာ ခရီးထွက်လို့ကောင်းတဲ့ နေရာဒေသ ၇ ခုကို ပြောပြပေးချင်ပါတယ်။
(၁) တောင်ကြီး
ပထမဦးဆုံး ပြောပြပေးချင်တဲ့ နေရာကတော့ တန်ဆောင်တိုင်ကာလလည်း ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ နာမည်ကြီး တန်ဆောင်တိုင်ပွဲတော် ကျင်းပရာနေရာဖြစ်တဲ့ တောင်ကြီးမြို့ကို သွားလည်ဖို့ အကြံပြုချင်ပါတယ်။ တောင်ကြီး တန်ဆောင်တိုင်ပွဲကို အလည်သွားရင်း အင်းလေး၊ ပင်းတယ၊ ကလော စတဲ့ အနီးနားက သွားရောက်လည်ပတ်စရာ မြို့ငယ်လေးတွေကိုလည်း အလည်အပတ် သွားနိုင်ပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံလွှတ်ပွဲဟာဆိုရင် မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ နာမည်ကြီး ထင်ရှားတဲ့ပွဲတော်တခုပါ။ နိုင်ငံခြားခရီးသည်တွေလည်း စိတ်ဝင်တစားနဲ့ လာရောက် လေ့လာ ကြည့်ရှုကြတဲ့ ရိုးရာပွဲတော်တခုဖြစ်တာကြောင့် မရောက်ဖူးသေးဘူးဆိုရင် တခါလောက် အရောက်သွားကြည့်ဖို့ လက်တို့ ညွှန်းပေးချင်ပါတယ်။ အရမ်းလှတဲ့ မီးပုံးပျံတွေကို မိုးလေကင်းစင်တဲ့ ကောင်းကင်ပြင်မှာ လွှင့်တင်သွားတဲ့ အလှဟာ စိတ်ကြည်နူးစရာ မြင်ကွင်းတခုလို့ ဆိုနိုင်ပါတယ်။
(၂) ပြင်ဦးလွင်
တောင်ကြီး တန်ဆောင်တိုင် မသွားရောက်နိုင်သူတွေအတွက် နောက်တနေရာ ညွှန်းပေးချင်တာကတော့ တောင်ကြီး တန်ဆောင်တိုင်လိုပဲ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲပါ။ ပြင်ဦးလွင်က သွားရောက် လည်ပတ်စရာ ပေါများပြီး ရာသီဥတုသာယာသလို ရှုခင်းတွေ အရမ်းလှတဲ့ တောင်ပေါ်မြို့လေးဖြစ်တာကြောင့် တန်ဆောင်တိုင်ပွဲသွားရင်း ဓာတ်တော်ချိုင့်ရေတံခွန်၊ ပွဲကောက်၊ ဒီးဒုတ်ရေပြာအိုင် စတဲ့နေရာတွေနဲ့ ကမ္ဘာ့နာမည်ကြီး ဂုတ်ထိပ်တံတားကိုလည်း သွားရောက် လည်ပတ်လေ့လာနိုင်ပါတယ်။
ဒီ ခရီးစဉ် ၂ ခုလုံးက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီး ၃ မြို့လုံးကနေ အလွယ်တကူ သွားရောက်နိုင်တဲ့ နေရာဒေသတွေပါ။ ပွဲတော်ရက်လည်း ဖြစ်တာကြောင့် ဒီလို တန်ဆောင်တိုင် ပိတ်ရက်မှာ သွားမယ်ဆိုရင်တော့ လူတွေကားတွေ ပြည့်ကြပ်နေမှာ အမှန်ပါပဲ။
(၃) ချောင်းသာ၊ (၄) ငွေဆောင်၊ (၅) ငပလီ
တောင်ပေါ်ဒေသကို မသွားဘဲ ပင်လယ်ကမ်းခြေဒေသ အလည်သွားချင်သူတွေအတွက်လည်း ဒီရာသီက ကမ်းခြေကို အပန်းဖြေခရီး ထွက်လို့ကောင်းတဲ့ အချိန်ကာလတခုလို့ ပြောလို့ရပါတယ်။ ၂ ညအိပ်၊ ၃ ရက် ခရီးထွက်မယ့် သူတွေအတွက် ချောင်းသာ၊ ငွေဆောင်ခရီးတွေအပြင် အခုဆိုရင် ငပလီ ကမ်းခြေ ကိုလည်း ခရီးသွားဧည့်သည်တွေ သွားလာမှု ပိုမို များပြားလာတာကြောင့် ငပလီဘက်လည်း ခြေဆန့်ခရီး ထွက်နိုင်ပါတယ်။
ဒီအချိန်က ပင်လယ်ပြာပြာ၊ ကောင်းကင်ပြာပြာနဲ့ ရာသီဥတု သာသာယာယာမှာ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်စားပြီး ပင်လယ်လေ သန့်သန့်ကို ရှုရှိုက်ပြီး အပန်းဖြေချင်သူတွေအတွက် ပင်လယ်ကမ်းခြေက အသင့်တော်ဆုံးနေရာပါ။ ကမ်းခြေမှာ အပန်းဖြေရုံတင်မကဘဲ ဂေါ်ရင်ဂျီကျွန်း၊ သဲဖြူကျွန်း စတဲ့ ကျွန်းတွေအထိလည်း သွားရောက် လည်ပတ်နိုင်ပါသေးတယ်။
(၆) ရှမ်းပြည်နယ်၊ ကလော
ပင်လယ်ခရီးနဲ့ တန်ဆောင်တိုင် ပွဲတော်ခရီးတွေ မသွားချင်သူတွေအတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ နောက်ထပ် Trekking (ခြေလျင်) ခရီးစဉ်တွေအကြောင်း ပြောပြချင်ပါသေးတယ်။ Trekking ခရီးတွေက ယခုနှစ် ၂၀၁၆ ခုနှစ် နောက်ပိုင်း Facebook အသုံးပြုသူ လူငယ်တွေကြားမှာ အထူးရေးပန်းစား ခေတ်စားလာပြီး သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူတွေနဲ့ အမှတ်တရ Travel Goal အနေနဲ့ သွားရောက် လည်ပတ်မှု များလာတာကို တွေ့ရပါတယ်။
Trekking ဆိုရင်တော့ ပထမဆုံး ပြောပြပေးချင်တာ ရှမ်းပြည်နယ် ကလော Trekking ပါ။ စိမ်းစိုနေတဲ့ ရေမြေတောတောင်၊ တောလမ်းတွေကို ဖြတ်သန်းပြီး Trekking လုပ်၊ တောင်တက်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်လောက်အောင် သဘာဝဆန်ပြီး အရသာရှိလွန်းပါတယ်။ တောရွာတွေ တခုပြီးတခု ဖြတ်သန်းသွားလာပြီး သူတို့ဒေသရဲ့ရိုးရာယဉ်ကျေးမှု၊ ဒေသန္တရဗဟုသုတအကြောင်းအရာတွေကို လေ့လာရတာလည်း စိတ်ဝင်စားစရာပါပဲ။
(၇) ကရင်ပြည်နယ်၊ တောင်ဝိုင်း
Trekking လုပ်လို့ကောင်းတဲ့ နောက်ထပ် တနေရာကတော့ Facebook အသုံးပြုသူ လူငယ်တွေကြား ရေပန်းစားနေတဲ့ ကရင်ပြည်နယ် တောင်ဝိုင်း Trekking ခရီးစဉ်ပါ။ တောင်ဝိုင်းမှာ အဓိက နာမည်ကြီး တာကတော့ ပေပေါင်း ၂၆၀၀ မြင့်တဲ့ တောင်ဝိုင်းတောင်ထိပ်က စိတ်ကူးယဉ်ဆန်ဆန် မိုးပျံလှေကားပါ။ တိမ်တွေ ဖုံးအုပ်နေတဲ့ တောင်တန်းတွေရဲ့အလှကို တောင်ပေါ်ကနေ မြင်ရတာ ဒဏ္ဍာရီဆန်တဲ့ ပန်းချီကား တချပ်လိုပါပဲ။
တောင်ဝိုင်းကို အလည်သွားရင်းနဲ့ ဘားအံမြို့အနီးက သဘာဝအတိုင်း ပြာလဲ့နေတဲ့ လွန်းညရေပြာအိုင်၊ အသစ်ဖွင့်ထားတဲ့ ချစ်သူမြိုင်အပန်းဖြေစခန်း၊ စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေ ပြည့်နှက်နေတဲ့ သမိုင်းဝင် ကော့ဂွန်းဂူ စတဲ့နေရာ တွေကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။
ကဲ… ဒါဆိုရင်တော့ တန်ဆောင်တိုင် အားလပ်ရက်မှာ အလည်အပတ် ခရီးထွက်မယ့်သူတွေအတွက် သွားရောက် လည်ပတ်ဖို့နေရာတွေ တော်တော်လေး စုံသွားပြီ ထင်ပါတယ်။ အားလပ်ရက်မှာ အိမ်မှာ အောင်းမနေဘဲ အပန်းဖြေခရီး၊ ဒါမှမဟုတ် အတွေ့အကြုံ ဗဟုသုတတွေရမယ့် ဒေသန္တရ ခရီးတွေ သွားရောက်လည်ပတ်ဖို့ လည်ပတ်စရာ နေရာကောင်းတွေ သတင်းပေး လက်တို့လိုက်ပါတယ်။