၁၉၉၇ ခုနှစ်ဝန်းကျင်လောက်က နာမည်ကျော်ကြား အောင်မြင်ခဲ့တဲ့ အဆိုရှင် အေးချမ်းမေက အမေရိကန်ကနေ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာပြီး ဂီတဖျော်ဖြေပွဲများ ပြုလုပ်ဖို့ရန် အောက်တိုဘာလကုန်ပိုင်းလောက်ကို မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။ ဒါဟာ အမိမြန်မာပြည်နဲ့ အနှစ် ၂၀ ကျော်ကြာ ဝေးကွာခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ အဆိုတော် အေးချမ်းမေဟာ “တစစီ ကျိုးပဲ့နေတယ်” သီချင်းအပါအဝင် မိန်းကလေးများအကြိုက် တေးသီချင်းများကို သီဆိုခဲ့သူတဦးအဖြစ် အောင်မြင်နေချိန်မှာပဲ အမေရိကန်နိုင်ငံကို ထွက်ခွာသွားတာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အဆိုတော် အေးချမ်းမေနဲ့ပတ်သက်ပြီး ကောလဟလများကို ကြားသိခဲ့ရပေမယ့် အဖြစ်အပျက်အမှန်ကိုတော့ သူ့အနေနဲ့ ဖြေရှင်းခဲ့ခြင်း မရှိခဲ့ပါဘူး။ အမေရိကန်နိုင်ငံမှာ နိုင်ငံခြား သားတဦးနဲ့ အိမ်ထောင်ကျပြီး လက်ရှိမှာ အသက်သုံးနှစ်အရွယ် သမီးလေးတဦးလည်း ရှိတယ်လို့ သိရပါတယ်။ ပြည်တော်ပြန်လာတဲ့ အဆိုတော်အေးချမ်းမေကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော် က ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး။ ။ မအေးချမ်းမေရဲ့ အနှစ်၂၀ ကျော်ကြာပြီးမှ အမိမြန်မာပြည်ကို ပြန်လည်ခြေချမိတဲ့ ခံစားချက်ကို အရင်ဆုံး စပြောပြပေးပါ။
ဖြေ။ ။ ဟုတ်ကဲ့ အရမ်းလည်း ဝမ်းသာပီတိဖြစ်မိတယ်။ မတွေ့တာကြာတဲ့ ကိုယ့်ရဲ့ မွေးရပ်မြေကို ပြန်ခြေချမိတဲ့အချိန် မှာ အရမ်းလည်းဝမ်းသာတယ်။ ပီတိဖြစ်တယ်။ ဒီမှာရှိနေတဲ့ မြန်မာပြည်သူတွေကို ပြန်လည်တွေ့ရတဲ့အတွက် အရမ်း လည်း ကြည်နူးတယ်။
မေး။ ။ အမေရိကန်နိုင်ငံမှာ အချိန်အကြာကြီး နေထိုင်ခဲ့တဲ့အတွက် ဒီကိုပြန်မလာဘူးလို့ မအေးချမ်းမေရဲ့ ပရိသတ်တွေက ထင်ကြတယ်။ အခု ပြန်လာဖြစ်တာက ဘယ်လိုကြောင့်ပါလဲ။
ဖြေ။ ။ အခုက တကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ်ပေါ့။ သီချင်းတွေဆိုဖို့အတွက် ဝါသနာကတော့ တားလို့မရဘူးလေ။ ဟိုမှာနေလည်း ကျမ သီချင်းဆိုဖြစ်တာပါပဲ။ ဒီမှာပြန်လာပြီးလုပ်ဖြစ်တာက သူငယ်ချင်းတွေက ပြန်လာဆိုပါ။ ဟိုမှာ ရှိတဲ့သူတွေကလည်း ပြန်ဆိုပါလို့ ပြောကြတယ်။ ကိုယ်ကလည်း ဆိုတော့ဆိုချင်တယ်။ ဒါပေမယ့် အသက်ကလည်း ကြီးနေပြီ၊ လူကလည်း ပုံပျက် ပန်းပျက်ဝနေတယ်ဆိုတော့ ဒီက ပိန်ပိန်လေးတွေ လှလှလေးတွေရှိတယ်လေ။ ကိုယ်က သီချင်းမဆိုတာကြာပြီဆိုတော့ အဆင်ပြေပါ့မလားလို့ စိုးရိမ်မှုကတော့ ရှိတယ်လေ။ ဒါပေမယ့်လည်း ကိုယ် အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားထားတယ်။ ဒီ တကိုယ်တော်ဖျော်ဖြေပွဲကို လုပ်ဖြစ်တာကလည်း ဒီ မြန်မာပြည် ကို ပြန်လာနေတုန်းမှာ ပရိသတ်တွေများ ကိုယ့်ကိုပြန်လက်ခံမလား၊ လက်မခံဘူးလားလို့ စမ်းသပ်တဲ့ပွဲလေးလို့လည်း ပြောရမှာပေါ့။ အခုလို ကိုယ့်ကို ဒီလောက်ကြီး မထင်မှတ်ဘဲ အားပေးမယ်လို့လည်း မထင်ထားဘူး။ လက်မှတ်တွေလည်း အကုန်ရောင်းထွက်သွားတယ်ဆိုတော့ အားလုံးကို တကယ်ကျေးဇူးတင်တယ်။
မေး။ ။ မအေးချမ်းမေက အမေရိကန်ကို ထွက်မသွားခင် မြန်မာနိုင်ငံမှာ တကိုယ်တော်ဖျော်ဖြေပွဲ လုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အခု ဒုတိယအကြိမ်မြောက် ပွဲလုပ်မယ်ဆိုတော့ ဟိုးအရင် အနှစ် ၂၀ ကနဲ့ ဒီအချိန်မှာ တကိုယ်တော် ဖျော်ဖြေပွဲလုပ်တာက ဘယ်လိုကွဲပြားမှုတွေရှိမယ်လို့ ထင်မိပါလဲ။
ဖြေ။ ။ တင်ဆင်မှုအပိုင်းကတော့ အရမ်းကို ကွာခြားမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ နှစ်တွေက ကွာခြားသွားပြီ ဆိုတော့ လုပ်တဲ့အစီအစဉ်တွေကအစ အကုန်လုံးကွာခြားသွားမှာပါ။ ဟိုတုန်းကတော့ သူ့ခေတ်နဲ့သူပေါ့နော်။ အခု ကျတော့လည်း သူ့ခေတ်နဲ့သူပေါ့။ အခုကလည်း ကျမပွဲကို ကိုအီကြာကွေးကပဲ အားလုံးစီစဉ်ပေးတယ်။ ကျမကလည်း သူ့ကို အရမ်းကိုယုံကြည်ပါတယ်။ သူ့ကို ကျမ အပ်ထားတယ်။ ပွဲကတော့ သူရဲ့ အိုင်ဒီယာတွေလည်း အများကြီး ပါတာပေါ့။
မေး။ ။ အခု ပြန်လာပြီး တကိုယ်တော်ဖျော်ဖြေပွဲလုပ်တဲ့အခါ ပရိသတ်အားပေးမှုကိုမြင်ရတာ ဘယ်လိုခံစားမိပါလဲ။
ဖြေ။ ။ ကျမတကယ်ပဲ ဝမ်းသာပီတိဖြစ်မိပါတယ်။ နှစ် ၂၀ နီးပါးလုံးလုံး ပျောက်သွားတဲ့ လူတယောက်ကို အခုထက်ထိ အားပေးတဲ့အတွက်ကြောင့် အယောက်စီတိုင်းကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ မေ့သင့်လောက်ပြီ ဖြစ်တဲ့အရာကို မမေ့ဘဲနဲ့ စွဲစွဲမြဲမြဲနဲ့ သီချင်းတွေကို နားထောင်ပေးတဲ့အတွက်ကြောင့် အယောက်စီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်။
မေး။ ။ မြန်မာပြည်ရောက်တော့မှ ကိုယ်ရဲ့ပွဲအတွက် အလှဓာတ်ပုံတွေ ရိုက်တယ်။ အဲဒီမှာရော စိတ်ခံစားချက်က ဘယ်လိုရှိလဲ။
ဖြေ။ ။ ကိုယ်က ဝနေတော့ ဟဲ့ .. ငါကို ပိန်အောင်လုပ်ပေးလို့လေ။ လက်မောင်းကိုပိန်အောင်လုပ်ပေးလို့ ဓာတ်ပုံက မရိုက်တာကြာတော့ ပို့စ်တွေလည်း လုံးဝမလုပ်တတ်တော့ဘူး။ စကားတွေလည်း မပြောတတ်တော့ဘူး။ စကား မပြောတတ်တော့ဘူးဆိုတာက ဒီလို အရင်ထဲကလည်း စကားကို လျောလျောလျူလျူ ပြောတတ်တဲ့သူလည်း မဟုတ်ပါဘူး။ ကိုယ်ကလူနားထောင်လို့ ကောင်းအောင် ပြောတတ်တာ မဟုတ်ဘူးလေ။ ကျမက ဒဲ့ဒိုးကြီး ပြောတတ်တာ များတယ်။ အခုလို အင်တာဗျူးဆို ကျမ အရမ်းကြောက်တာ။ တော်ရုံတန်ရုံမပြောဘူး။ မပြောဘူး ဆိုတာက စကားများများပြောရင် အမှားပါတတ်တယ်။ တခါတလေကျရင် ကိုယ်ပြောလိုက်တဲ့စကားက ဘာမှ မရည်ရွယ်ပေမယ့် တချို့လူတွေက အဓိပ္ပာယ်တမျိုးပေါက်သွားတတ်တယ်လေ။ ဒါကြောင့်များများမပြောလေ ပိုကောင်းလေဆိုတော့ ကျမ စကားမပြောတာပေါ့။ အခုခေတ်က မီဒီယာခေတ်ဆိုတော့ ကျမ ပြောရတယ် ။ ဒါပေမယ့် အကောင်းဆုံးတော့ ကျမပြောတာပဲလေ။ ပြောခဲ့တဲ့စကားတွေထဲမှာ အမှားတွေပါသွားရင်လည်း သည်းခံပေးကြပါဦးလို့။
မေး။ ။ အမေရိကန်ကိုထွက်သွားပြီး မအေးချမ်းမေနဲ့ပတ်သတ်တဲ့ ကောလဟလတွေ အများကြီး ထွက်ခဲ့တယ်။ ဒါပေမယ့် ဘာမှပြန်ဖြေရှင်းခြင်း မရှိခဲ့ဘူး။ ဘာဖြစ်လို့ပါလဲ။
ဖြေ။ ။ ကျမကိုယ်တိုင်က မဖြေရှင်းချင်တော့လို့ပါ။ ဖြစ်နိုင်ရင် အဲဒီတုန်းက ဘာမှကို လုပ်ချင်စိတ်မရှိတော့တာ ။ ကိုယ့်ဘာသာကိုယ်ပဲ မြန်မာလူမျိုးတွေနဲ့တောင်မှ ကင်းကင်းဝေးဝေးနေလိုက်တယ်။ ဒါက ကိုယ်ကြားရတဲ့ သတင်းတွေက အနှုတ်လက္ခဏာတွေချည်းပဲဆိုတော့ ကိုယ့်ဘာသာပဲ အေးဆေးနေလိုက်တယ်။ ဒါပေမယ့်နောက်ပိုင်း ကျတော့လည်း သီချင်းဆိုချင်တဲ့ ပိုးက ထလာတော့လည်း မနေနိုင်တော့ပြန်ဘူးလေ။ အဲ့ဒီပိုးလေး ထလာတာနဲ့အမျှ ပြန်ပြီးတော့လုပ်ဖြစ်တာ။
မေး။ ။ သီချင်းတွေကို ဘယ်အချိန်မှာ ပြန်ဆိုချင်လာတာလဲ။
ဖြေ။ ။ အဓိက မြန်မာပြည်မှာ Facebook ခေတ်စားတဲ့အခါမှာလေ။ အဲဒီကနေတဆင့်ပေါ့။ သူများတွေ သီချင်းဆိုတာတွေကြည့်ပြီး ဟယ်.. သူတို့ သီချင်းဆိုတာ အရမ်းကောင်းတာပဲ။ ငါလဲ ပြန်လုပ်ချင်တယ် ဆိုပြီး ဖြစ်လာတာ။ အဲဒီမှာ ပိုးက ထလာတာကတော့ ပြောမနေနဲ့တော့။ ကိုယ့်သမီးတောင် အခု ပိုးထနေတယ်လေ။
မေး။ ။ သမီးလေးလည်း ရှိနေတယ်ဆိုတော့ သမီးနဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။
ဖြေ။ ။ သမီးက အသက်သုံးနှစ်ပဲ ရှိပါသေးတယ်။ သူကတော့ လောလောဆယ် အင်္ဂလိပ်စကားပဲ ပြောသေးတာပေါ့။ ဝါသနာပါလားဆိုရင် တော်တော်ဝါသနာပါတယ်။ ကျမ သူ ကတာ၊သီချင်းဆိုတာလေးတွေကို Facebook မှာတော့ Post လုပ်ထားသေးတယ်။ အကကိုတောင်မှ ကျမသူဆီက ပြန်သင်ရမှာ။
မေး။ ။ အမေရိကန်မှာနေထိုင်ခဲ့တဲ့ အနှစ် ၂၀ Lifestyle က ဘယ်လိုရှိခဲ့ပါလဲ။
ဖြေ။ ။ အဲဒီက Lifestyle ကတော့ ထွေထွေထူးထူး မရှိပါဘူး။ နိုင်ငံခြားမှာနေလို့ရှိရင် တနေ့တနေ့ အလုပ်ပဲ လုပ်ရမှာပဲလေ။ အလုပ်လုပ် ပြန်လာ၊ စား၊ အိပ် ဒါပဲ လုပ်စရာရှိတယ်လေ။ ကျန်တာ ဘာမှထွေထွေထူးထူး မရှိခဲ့ပါဘူး။
မေး။ ။ အမေရိကန်ကိုရော ဘယ်နေ့လောက်ပြန်ဖြစ်မလဲ။
ဖြေ။ ။ ကျမ နိုဝင်ဘာ ၃၀ ရက်နေ့ ပြန်မှာပါ။