ဒီနှစ်မြန်မာတို့ရဲ့ ကထိန်ပွဲတော်မှာ အများဆုံးကြားခဲ့ရတဲ့ သီချင်းကတော့ တေးသံရှင် မနောရဲ့ “ဗိုလ်အောင်ဒင်” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာလည်း ဗိုလ်အောင်ဒင် သီချင်းထဲက စာသားတွေမှာလည်း ရေပန်းစားခဲ့ပါတယ်။ ဒီသီချင်းကို သီဆိုသူ မနော ဆိုတာကလည်း ပရိသတ်များ စိမ်းတဲ့သူ မဟုတ်ဘဲ ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့တဲ့ “ချစ်တယ်” ဆိုတဲ့ သီချင်းကို သီဆိုပြီး အားပေးမှုတွေ ရရှိထားတဲ့ အဆိုရှင်တဦးလည်း ဖြစ်ပါ တယ်။
ငယ်စဉ်ကတည်းက အဆိုတော် ဖြစ်ဖို့ ရည်မှန်းချက် ကြီးခဲ့တဲ့ အဆိုရှင် မနော ဟာ ၂၀၀၆ ခုနှစ် ကတည်းက သီချင်းတွေ ဆိုဖို့ လုပ်ခဲ့တာကြောင့် အခုဆိုရင် ဂီတသက်တမ်း ၁၀ နှစ် ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်မှာ လှိုင်ဦးမော်နဲ့ အတွဲခွေ ထွက်နိုင်ခဲ့တဲ့ မနော၊ ဗိုလ်အောင်ဒင်သီချင်းနဲ့ ပိုပြီး လူသိများ ထင်ရှားလာတဲ့ တေးသံရှင် မနောကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က ဆက်သွယ်ပြီး အခုလိုမေးမြန်းထားပါတယ်။
မေး။ ။ အခုတလော ရပ်ကွက်တိုင်းမှာ ကြားနေရတဲ့ မနောသီဆိုထားတဲ့ ဗိုလ်အောင်ဒင်သီချင်းကို သီဆိုဖြစ်တာ က စပြီး ပြောပြပေးပါ။
ဖြေ။ ။ အဲဒီသီချင်းလေးက တေးရေးဆရာ ကိုသဟာအောင်က ရေးပေးထားတာ…၊ သီချင်းလေးက နည်းနည်း ဟာသလေး ဖြစ်တယ်၊ သူငယ်ချင်း ဆိုမလားလို့ မေးတယ်။ ဆိုလိုက်မယ်ကွာ ဆိုပြီး ဆိုဖြစ်တယ်။ ဒီသီချင်းလေးက ပျော်စရာလေးပါပဲ…၊ ဘယ်သူကိုမှလည်း ထိခိုက်တာလည်းမပါဘူး ဆိုတော့လေ။ ဒါနဲ့ ဗိုလ်အောင်ဒင်သီချင်းကို ဆိုဖြစ် သွားတာပါ။ ပျော်စရာသီချင်းလေးပါ။
မေး။ ။ ဒီသီချင်းက အွန်လိုင်းမှာပဲ ဖြန့်တာလား။
ဖြေ။ ။ ဒီသီချင်းပါမယ့် အခွေက ကျနော် အခု တန်ဆောင်မုန်းလထဲ ဖြန့်တော့မှာ ပါ။ အွန်လိုင်းမှာက ကျနော် Audio ကို အရင်တင်လိုက်တာ ပါ။ တခြားသီချင်းလေးတွေလည်း ကျနော် တင်ထားသေးတယ်။ တင်ဖြစ်တာ လေးငါးပုဒ်လောက် ရှိတယ် ။ နောက်သီချင်းတွေကလည်း မြန်မာသံစဉ်သီချင်းလေးတွေပဲ ။
မေး။ ။ အခုထွက်လာမယ့် တကိုယ်တော် အခွေကို နာမည်ဘယ်လို ပေးထားတာလဲ။ ဘယ်လိုသီချင်းတွေ ပါမလဲ။
ဖြေ။ ။ “ချမ်းမြေ့ပါစေ” လို့ ပေးထားပါတယ်။ သူက တခွေလုံး မြန်မာသံစဉ် သီချင်းလေးတွေ ပါပဲ။ ဗိုလ်အောင်ဒင် လို လိုင်းတူ သီချင်းတွေ ချည်းပဲတော့လည်း မဟုတ်ဘူး။ ပုံစံကွဲလေးတွေ ထည့်ထားတယ်။ ကပြား ပုံစံလေးတွေတော့ နည်းနည်းပါတာပေါ့။ ဗိုလ်အောင်ဒင်ဆိုရင်လည်း ကပြားပေါ့ ဆိုလိုတာက မိုနိုနဲ့ စတူဒီယိုကြားထဲက ပုံစံမျိုးပါ။
မေး။ ။ မနောကို ပရိသတ်က “ချစ်တယ်” ဆိုတဲ့ သီချင်းနဲ့လည်း သိကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ဒီလို မြန်မာသံစဉ် တေးသီချင်းတွေ သီဆိုဖြစ်သွားတာ ဘယ်လိုကြောင့်လဲ။
ဖြေ။ ။ ကျနော်က အစထဲက မြန်မာသံစဉ်ကို လုပ်ဖို့စီစဉ်ထားပါတယ်။ မြန်မာသံစဉ်ကို ဝါသနာလည်း ပါတယ်။ ကြိုက်လည်း ကြိုက်တယ်။ ဒါပေမယ့် ကျနော် အရင်သီဆိုဖြစ်တဲ့ သီချင်းတွေက မြန်မာသံစဉ်လိုင်းတော့ မဟုတ်ဘူး ပေါ့။ မြန်မာသံကတော့ ရှေ့လျှောက်လည်း လုပ်ဖြစ်…၊ သီဆိုဖြစ်ဦးမှာ ပါ။
မေး။ ။ အခု ဗိုလ်အောင်ဒင် သီချင်းကို ပရိသတ်တော်တော်များများ သိသွားကြတယ်။ ကထိန်မှာလည်း တော်တော် များများ ဖွင့်ကြတယ်။ အဲ့ဒီအတွက် သီဆိုသူတယောက်အနေနဲ့ ဘယ်လိုများ ခံစားမိပါလဲ။
ဖြေ။ ။ ကိုယ်ဆိုထားတဲ့ သီချင်းလေးကို ပရိသတ်က ကြိုက်တယ် ဆိုတော့ ဝမ်းသာတယ်ပေါ့၊ ပျော်တယ် ပေါ့။ ဂီတဘက်က ကြည့်ရင် ဒီသီချင်းလေးက ဟိုလို သိပ် ဟဲဗီးကြီး ဖန်တီးထားတာလည်း မဟုတ်ပါဘူး။
ဒါပေမယ့် ကိုယ့်ကြောင့် ဒီသီချင်းလေး နားထောင်ပြီး အားလုံးပျော်တယ်။ အလှူတွေမှာ ဖွင့်ကြတယ်၊ သုံးတယ် ဆိုတော့ ဝမ်းသာပါတယ်။ ဒါကြောင့် ဒါလေးက ကျနော်တို့က သိပ်ပြီး တအား ခက်ခဲတဲ့ သီချင်းကို လုပ်ထားလို႔…၊ ဟဲဗီးကြီး လုပ်ထားလို့ ဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ။ အဲလို သီချင်းမျိုးကျတော့ …၊ လုပ်ပေမယ့်လည်း ပရိသတ်ဆီ မရောက်တဲ့ သီချင်းကျတော့လည်း မရောက်ဘူးလေ။ ဒီလိုပေါ့ပေါ့ပါးပါးလေး ကလည်း ရောက်ချင် ရောက်သွားတာပဲ လေ။
မေး။ ။ မနောရဲ့ အကြောင်းကိုလည်း နည်းနည်းလောက်ပြောပြပေးပါ။
ဖြေ။ ။ ကျနော်က ဗမာလူမျိုး စစ်စစ်ပါ ။ နာမည် မနော လို့ပေးဖြစ်တာက မနော ဆိုတာက ပါဠိလို ‘စိတ်’ လို့ အဓိပ္ပာယ် ရတယ်ပေါ့။ ဒါကြောင့် မနော လို့ပေးဖြစ်တာပါ။ သီချင်းတွေနဲ့ ပတ်သတ်ရင် ရှေ့မှာ ကျနော် အဆိုတော် လှိုင်ဦးမော်နဲ့ လက်ချောင်းများ ဆိုတဲ့ အခွေထွက်ထားတယ်။ ပြီးတော့ ကျနော် တကိုယ်တော် ‘အဆင်ပြေတဲ့ နေ့’ အခွေတခွေ ထွက်ထား သေးတယ်။ အခုက နောက်ဆုံး ကိုလှိုင်ဦးမော်နဲ့ပဲ အတွဲခွေ တခွေ ထပ်ထွက်ထားပါသေးတယ်။ အခု ၁၁ လပိုင်းထဲမှာ ဗိုလ်အောင်ဒင် သီချင်းပါတဲ့ မြန်မာသံစဉ် သီချင်းတွေပါတဲ့ အခွေထပ်ထွက်ဖို့ ရှိပါတယ်။
မေး။ ။ လတ်တလော အဆိုပိုင်းနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်နေလဲ။
ဖြေ။ ။ ကျနော် နယ်ဘက်တွေမှာ စတိတ်ရှိုးတွေ ဆိုဖြစ်နေပါတယ်။ အခု နိုဝင်ဘာ တလလုံး နီးပါး ညတိုင်း စတိတ်ရှိုးတွေ ဆိုဖြစ်နေပါတယ်။ ။