မြန်မာနိုင်ငံမှာ ကာတွန်း ခေါ် ရုပ်ပြောင် ရေးဆွဲတဲ့ပညာ စတင်ခဲ့တာဟာ အခုဆိုရင် နှစ်ပေါင်း ၁၀၀ ရှိနေပါပြီ။ အနောက် နိုင်ငံတွေမှာတော့ ကာတွန်းလောကဟာ ၁၈၆၀ ပြည့်နှစ်များမှာ စတင်ခဲ့ ပြီး မြန်မာနိုင်ငံ မှာတော့ ၁၉၁၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ မြန်မာ့ ကာတွန်းလောကရဲ့ ပထမဆုံး ကာတွန်း ပညာရှင်က ဦးဘကလေး ဖြစ်ပြီး ပထမဆုံး အမျိုးသမီး ကာတွန်းပညာရှင်က ဒေါ်သိန်းရှင် ဖြစ်ပါတယ်။
ဒေါ်သိန်းရှင်ရဲ့ ဖခင်က နာမည်ကျော် မီးပုံပံျ ဦးကျော်ရင်ဖြစ်ပြီး မိခင်က အမည်က ဒေါ်မမ ဖြစ်ပါတယ်။ ဒေါ်သိန်းရှင်ကို ၁၉၀၆ ခုနှစ်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် ပထမဆုံး ကာတွန်းဆရာမ ဒေါ်သိန်းရှင်ရဲ့ နှစ် ၁၁၀ ပြည့်လို့ ဆိုနိုင်ပါတယ်။
မွေးချင်း ၁၀ ယောက် အနက် တတိယသမီး ဖြစ်ပြီး စာရေးဆရာ ထားဝယ် ကျော်မင်းနဲ့ ကာတွန်းဆရာ ကျော်ဆန်း (က.ဆ) တို့ဟာ ဒေါ်သိန်းရှင်ရဲ့ အစ်ကိုတွေပါ။
သူဟာ ထားဝယ်မြို့မှာ ပညာသင်ကြားခဲ့ပြီး ၁၀ တန်းအောင်မြင်ပြီးနောက် ရန်ကုန်ယူနီဗာစီတီကို တက်ရောက်ခဲ့ပါတယ်။ ၁၉၂၉ ခုနှစ်ထုတ် ကောလိပ်မဂ္ဂဇင်းမှာ ကာတွန်းများ စတင်ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။
ထိုစဉ်က ကောလိပ်ကျောင်းသားတွေဟာ ကျောင်းသူတွေကို ရယ်မောစရာ ခနဲ့ပြီး ကာတွန်းပုံတွေ ရေးဆွဲတာကြောင့် ဒေါ်သိန်းရှင်ကလည်း ပြန်လည်ခနဲ့ပြီး ကာတွန်းပုံတွေ ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်သိန်းရှင်ဟာ အိုင်အေ (ဥပစာဝိဇ္ဇာ) အထက်တန်းထိ ပညာသင်ယူပြီးနောက် နေရှင်နယ်ကျောင်းမှာ ဆရာမအဖြစ် အမှုထမ်းခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးကျော်ရင်ကလည်း အစိုးရ အထက်တန်းကျောင်းမှ ပုံဆွဲဆရာအဖြစ် အငြိမ်းစား ယူပြီးတဲ့ အခါ ဒေါ်သိန်းရှင်ဟာ အစိုးရ အထက်တန်းကျောင်းကို ပြောင်းပြီး ပုံဆွဲဆရာမ အဖြစ် အမှုထမ်းခဲ့တာကြောင့် သူဟာ ပထမအမျိုးသမီး ကာတွန်းလက်ရာရှင် ဖြစ်သလို အစောဆုံး အမျိုးသမီး ပုံဆွဲဆရာမလည်း ဖြစ်ပါတယ်။
ဖခင် မီးပုံးပျံဦးကျော်ရင်ရဲ့ ဇာတိက ထားဝယ်မြို့အနောက်ဘက် ၇ မိုင်ခန့် အကွာရှိ ပန်းဒလဲရွာ ဇာတိဖြစ်ပြီး ငယ်စဉ်က ကျောင်းနေဘက် ဆရာကျော်နဲ့အတူ ဘားကျွမ်းပညာကို လေ့လာလိုက်စားခဲ့ပါတယ်။ ဦးကျော်ရင်ဟာ ဘားကျွမ်းပညာ သာမက နပန်း၊ အလေးမ၊ ပြေးခုန်ပစ် စတဲ့ အားကစားဘက်မှာလည်း ထူးချွန်သူ ဖြစ်တာကြောင့် သမီးဖြစ်သူ ဒေါ်သိန်းရှင်လည်း ငယ်စဉ်ကပင် ဘားကျွမ်းပညာကို စိတ်ဝင်စားခဲ့ပြီး ကြိုးတန်းလျှောက်ခြင်းနဲ့ တခြား ဘားကစားနည်းများကိုလည်း ကစားနိုင်တယ်လို့ သိရပါတယ်။
ကာတွန်းဆရာမ ဒေါ်သိန်းရှင်ဟာ ၁၉၆၆ ခုနှစ်၊ အသက် ၆၀ အရွယ်၊ ထားဝယ်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။