Pee Mak ဇာတ်ကားနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ သရုပ်ဆောင် Mario Maurer ဟာ နိုဝင်ဘာ ၁၄ ရက်နေ့က မြန်မာနိုင်ငံကို ဒုတိယ အကြိမ်မြောက် ထပ်မံ ရောက်ရှိလာပါတယ်။ ယခုတခေါက် မြန်မာနိုင်ငံကို ရောက်ရှိလာတာဟာ Penshoppe အမှတ်တံဆိပ် အဝတ်အထည်များအတွက် Fashion Show လျှောက်ဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ Mario နဲ့ မြန်မာနိုင်ငံက စာနယ်ဇင်းများ တွေ့ဆုံတဲ့ အခမ်းအနားကိုတော့ နိုဝင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာတော့ Mario Marer က Penshoppe Fashion Show ကို မြန်မာ မော်ဒယ်လ်များနဲ့ အတူတူ ပါဝင်ခဲ့ပါတယ်။
စာနယ်ဇင်းများနဲ့တွေ့ဆုံတဲ့ အခမ်းအနားမှာ Mario က “မြန်မာပြည်ကို ဒုတိယအကြိမ်မြောက် လာရောက်ခွင့်ရတာ ဖြစ်ပါတယ်။ ဒီကိုလာတိုင်းလည်း အရမ်း စိတ်လှုပ်ရှားပြီး ပျော်ရွှင်ဖွယ် ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ နွေးထွေးပျူငှာမှုကို သဘောကျမိပါတယ်။ ဒီက ပရိသတ်တွေနဲ့လည်း တွေ့ဆုံရတဲ့ အရမ်းပျော်ပါတယ်၊ နွေးထွေးစွာ ကြိုဆိုတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ပြီးခဲ့တဲ့တခေါက်က မြန်မာမုန့်ဟင်းခါးကို အရမ်းကြိုက်ပါတယ်။ မြန်မာ ဟင်းတွေကလည်း အရမ်းစားလို့ ကောင်းတယ်လို့ ကြားရတဲ့အတွက် ဒီတခေါက် စားကြည့်ပါဦးမယ်” လို့ ပြောကြားခဲ့ပါတယ်။