ပုံမှန် အနေနဲ့ ကားတစီးရဲ့ အင်ဂျင် အရွယ်အစားနဲ့ မောင်းနှင်နေချိန် အသုံးပြုနေတဲ့ အကူစနစ်နဲ့ ဖျော်ဖြေရေးစနစ် အသုံးပြုမှုတွေ အပေါ်ကို မူတည်ပြီးတော့ အင်ဂျင် အပူချိန် လွန်ကဲခြင်းတွေ ဖြစ်လေ့ရှိပါတယ်။ ဥပမာ အင်ဂျင် အရွယ်အစားကလည်း ၁.၃ လီတာသုံး အရွယ်လောက်ပဲ ရှိမယ်၊ ခရီးဝေး မောင်းနှင်နေချိန်မျိုးမှာ Air-Con လည်း ဖွင့်ထားမယ်၊ TV-DVD လို စနစ်တွေလည်း သုံးနေမယ်၊ ဒါဆိုရင်တော့ အင်ဂျင်က အပူချိန် အတက်မြန်လာမှာ ဖြစ်သလို အင်ဂျင်အပူချိန် အတက်မြန်ရတဲ့ အကြောင်းကလည်း အင်ဂျင်ပိုင်း ပြစ်ချက်ကြောင့် မဟုတ်ဘဲ မိမိ အသုံးလွဲမှုကြောင့်ပါ။
ဒါပေမယ့် ကိုယ်က မြို့တွင်းလောက်ပဲ သွားနေတယ်၊ Air-Con လိုမျိုးလည်း ဖွင့်မထားဘူး။ ဘယ်လောက်မှလည်း မမောင်းရသေးဘူး။ ဒီအခြေအနေမှာ အင်ဂျင် အပူချိန် အတက်မြန်နေပြီ ဆိုရင်တော့ အင်ဂျင်ပိုင်းမှာ ချို့ယွင်းချက် ရှိလာနေပါပြီ။ ဒီလို OverHeat ဖြစ်ရပ်တွေ အတွက် ဖြစ်နိုင်ခြေအများဆုံး စစ်ဆေးရမယ့် အပိုင်းလေးတွေကို ပြောပြသွားချင်ပါတယ်။
(၁) Coolant ရည် စိမ့်နေခြင်း၊ ယိုနေခြင်း – ဒီအတွက်ကတော့ ရေတိုင်ကီနဲ့ ဆက်စပ်နေတဲ့ အပိုင်းတွေကို စစ်ဆေးပါ၊ ယိုစိမ့်နေမှု ရှိ၊ မရှိ မျက်မြင် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
(၂) Radiator ရေတိုင်ကီအဖုံး၊ ရေပိုက်၊ ရေပန့်များ ပျက်စီးခြင်း – ဒီအတွက်လည်း ရေယိုစိမ့်မှု ရှိ၊ မရှိကို အဆိုပါ နေရာတွေကို မျက်မြင်နဲ့ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
(၃) အင်ဂျင်ဝိုင် သက်တမ်းပြည့်နေခြင်း၊ လျော့နည်းခြင်း – အင်ဂျင်ဝိုင်ကို ကီလို ၃ ထောင် မောင်းနှင်ပြီးတိုင်း စစ်ဆေးဖို့ လိုအပ်ပါတယ်။ လိုအပ်မယ် ဆိုရင် ထပ်ဖြည့်ဖို့၊ အသစ်လဲလှယ်ပေးရမှာ ဖြစ်ပြီး အင်ဂျင်ဝိုင် ပျစ်ရည်ကျခြင်းနဲ့ အတူ လျော့ခြင်းကလည်း အင်ဂျင်အပူချိန် အတက်မြန်စေနိုင်ပါတယ်။
(၄) Coolant ပျစ်ရည်ကျလာခြင်း – တချို့က Coolant အရည်အသွေး ကျခြင်းလို့လည်း ခေါ်ပါတယ်၊ အင်ဂျင်ဝိုင်လိုမျိုးပဲ ပုံမှန် စစ်ဆေးပေးသင့်သလို တန်ကြေးနည်းတဲ့ Coolant အတွက်ကတော့ အသစ်လဲလှယ်တာ အကောင်းဆုံးပါ။
(၅) ရေတိုင်ကီအတွင်း ဖုန်တင်များပြီး လေလမ်းကြောင်း ပိတ်ဆို့ခြင်း – ဒီအချက်ကတော့ ပြင်ဆိုင်မှာ ပြသ စစ်ဆေးတာ အကောင်းဆုံး ဖြစ်ပြီး လိုအပ်ရင် တခါတည်း ပြင်ဆင် ဖုန်ခါနိုင်မှာ ဖြစ်လို့ပါပဲ။
(၆) ဝန်ပိုတင်ဆောင် မောင်းနှင်ခြင်း – ဒီတချက်ကတော့ ကုန်တင် မော်ဒယ်အနေနဲ့ပဲ ဖြစ်ဖြစ်၊ အိမ်စီး မော်ဒယ် အနေနဲ့ပဲ ဖြစ်ဖြစ် ဝန်ပိုတင်ဆောင်မှု၊ ခရီးဝေး မောင်းနှင်မှု၊ အချိန်ကြာမောင်းနှင်မှု၊ လမ်းကြမ်းပိုင်း မောင်းနှင်မှု၊ တောင်တက်လမ်း တောက်လျှောက် မောင်းနှင်မှုတွေကြောင့် အင်ဂျင်အပူချိန်တက် မြန်နိုင်ပါတယ်။ သတိပြု ဆင်ခြင် မောင်းနှင်သင့်ပါတယ်။
(၇) သတ်မှတ်မိုင်နှုန်းထက် ပိုမို မောင်းနှင်ခြင်း – ဒီအချက်ကတော့ လမ်းရဲ့ သတ်မှတ်မိုင်နှုန်းလည်း ဖြစ်သလို ကားရဲ့ သတ်မှတ် မိုင်နှုန်းလည်း ဖြစ်ပါတယ်။ အင်ဂျင် အရွယ်အစားအပေါ်ကို မူတည်ပြီး သတ်မှတ်မိုင်နှုန်းတွေ ကွဲပြားပါတယ်။ အများဆုံး အသုံးပြုနေတဲ့ ၁.၃ လီတာသုံး မော်ဒယ်တွေ အနေနဲ့ ခရီးဝေး မောင်းနှင်မှုမှာ တနာရီ ကီလို ၉၀ နှုန်း ဝန်းကျင်ပဲ မောင်းနှင်တာ အကောင်းဆုံး ဖြစ်ပါတယ်။