မြန်မာတို့ရဲ့ တန်ဖိုးထားရာနယ်မြေပုဂံဒေသတွင် “မြန်မာထုတ်ကုန် ဈေးကွက်မြှင့်တင်ခြင်းပွဲတော်နဲ့ အောင်မြင် ကျော်ကြားထုတ်ကုန်များ” အမည်ရှိတဲ့ (Bagan Trade Show) ဈေးကွက်မြှင့်တင်ရေးပွဲတော်ကြီးကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ကနေ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
Bagan Trade Show ပြုလုပ်မယ့် အကြောင်းသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းပေါ်က “ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်” (UMFCCI) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
၆ ရက်ကြာကျင်းပပြုလုပ်သွားမယ့် အဆိုပါ ဈေးကွက်မြှင့်တင်ရေးပွဲတော်ကြီးကို ပုဂံမြို့ဟောင်း၊ ရွှေစည်းခုံဘုရားဝင်းအတွင်းမှာပြုလုပ်သွားမှာဖြစ်ပြီး ကျင်းပပြုလုပ်မယ့်အချိန်က မနက် ၉ နာရီကနေ ည ၉ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
“ကျနော်တို့ အဓိက ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပွဲပြုလုပ်မယ့် အချိန်ဟာဒီဇင်ဘာလဖြစ်တယ်။ ဒီဇင်ဘာဆိုတာမြန်မာနိုင်ငံမှာဆိုရင် ကျောင်းသားတွေအတွက် ကျောင်းပိတ်ရက်ကာလဖြစ်တယ်။ ပြီးတော့ ခရီးထွက်လို့ ကောင်းတဲ့ ရာသီ၊ ပုဂံမှာဆို နိုင်ငံခြားခရီးသွားဧည့်သည် အများဆုံးလာတဲ့ အချိန်တခုဆိုတော့ ဒီအချိန်မှာ ကျင်းပရခြင်းဖြစ်ပါတယ်” လို့ ဂင်္ဂါရွှေနဒီသဘာဝ ထုတ်ကုန်များ ကုမ္ပဏီတည်ထောင်သူ ဦးကျော်ခိုင်ထက် က ပြောပါတယ်။
ဆက်လက်ပြီး “နှစ်စဉ် အဲဒီအချိန် ပုဂံကို ကျနော်တို့ လေ့လာထားတဲ့ Data Research တွေအရ တရက်ကို နိုင်ငံခြားသားဧည့်သည် တသောင်းဝန်းကျင် ရှိခဲ့ပါတယ်။ ဒီနှစ် ၂ ဆ၊ ၃ ဆ ပိုဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ Bagan Trade Show ကို ကျနော်တို့က ၂၀၁၇ ခုနှစ်၊ နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ မြန်မာတွေတန်ဖိုးထားရာရှေးဟောင်းပုဂံနယ်မြေမှာခမ်းခမ်းနားနားကျင်းပကြိုဆိုသွားမှာဖြစ်ပါတယ်” လို့ ဦးကျော်ခိုင်ထက်က ဆိုပါတယ်။
အဆိုပါ ပွဲတော်အတွင်းဖျော်ဖြေရေးအစီအစဉ်များ အဖြစ် မြန်မာ့နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများမှာဖျော်ဖြေလျက်ရှိတဲ့ ရွှေတံဆိပ် ၄ ဆုရှင် “ရွှေလဝန်း အနုသုခမအလင်္ကာဥယျာဉ် ဂီတအကပဒေသာဖျော်ဖြေရေးအင်အားစု” မှ မြန်မာ့ရှေးမြေဝိုင်းဇာတ်ပွဲများနဲ့ ဖျော်ဖြေတင်ဆက် ကပြသွားမယ်လို့ သိရပါတယ်။
အဆိုပါ Bagan Trade Show ပွဲတော်ရက် အတွင်းမြန်မာ့အစားအစာနှင့် ဆေးဝါးဈေးကွက် မြှင့်တင်ခြင်းခေါင်းစဉ်နှင့် အလုပ်ရုံဆွေးနွေးပွဲများ၊ မြန်မာနိုင်ငံရဲ့ Professional Chef တဦးဖြစ်တဲ့ SyiLiwn (Foods Garden) မှ ဦးစီးပြီးမြန်မာ့ရိုးရာဟင်းပွဲနှင့် အစားအစာများကိုချက်ပြုတ်ပြသမည့် ပွဲများကျင်းပသွားမယ်လို့ သိရပါတယ်။
“ပုဂံဒေသက နိုင်ငံခြားသားခရီးသွားဧည့်သည်တွေစိတ်ဝင်တစားနဲ့ လာရောက်လေ့လာလည်ပတ်တဲ့ နေရာဒေသတခုဖြစ်တယ်။ ဒီနှစ် နိုင်ငံတော်က အခွင့်အလမ်းတွေ ပိုပွင့်လင်းလာတဲ့အတွက် ခရီးသွားဧည့်သည်တွေများလာမယ်လို့ မျှော်လင့်ထားတယ်” လို့ အစာအာဟာရဆိုင်ရာသိပ္ပံနှင့် နည်းပညာအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းကြည်က ပြောပါတယ်။
“နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေလာလည်ရင် အဓိကက သူတို့ ပြည်တွင်းပစ္စည်းတွေ အမှတ်တရဝယ်ယူကြတယ်။ ဆိုတော့ ပြည်တွင်းဖြစ် ကုန်ပစ္စည်းတွေကို ဘေးအန္တရာယ် ကင်းအောင်လုပ်မယ်၊ အစားအသောက်တွေကို လုံခြုံစိတ်ချမှုရှိရှိနဲ့ စားသုံးနိုင်အောင် လုပ်မယ် ဆိုရင် မြန်မာ့ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်း ဈေးကွက်ကလည်း ဒီထက် ပိုပြီးကျယ်ပြန့်လာမယ်” လို့ ဒေါ်ဝင်းဝင်းကြည်က ဆက်လက် ပြောဆိုပါတယ်။
ဇန်နဝါရီလ ၃ ရက်နေ့မှာကျင်းပပြုလုပ်မယ့် “မြန်မာ့အစားအစာနှင့် ဆေးဝါးဈေးကွက် မြင့်တင်ရေး” အလုပ်ရုံဆွေးနွေးပွဲအတွင်းမှာ “ထန်းရည်မှ ထန်းသကြားထုတ်လုပ်ခြင်း” ၊ “အစားအသောက်များကြောင့် ဘေးဥပဒ် မဖြစ်စေရန် ဂရုပြုအပ်သည်များ”၊ “ဆေးဘက်ဝင် မြန်မာ့သနပ်ခါးအလှကုန်ပစ္စည်းထုတ်လုပ်ခြင်း”၊ “ခေတ်မီနည်းစနစ်ဖြင့် ပုန်းရည်ကြီး ထုတ်လုပ်ခြင်းစာတမ်း” စတဲ့ စာတမ်းများဖတ်ကြားခြင်းအစီအစဉ်များ ပါဝင်တယ်လို့ သိရပါတယ်။