Lifestyle

လူမှုဘဝရောင်စုံမှ ယာယီလွတ်မြောက်ရာ အဖြူ အမည်းကမ္ဘာ

ပန်းချီကား၊ ပန်းပုလက်ရာနဲ့ အင်စတော်လေးရှင်း အနုပညာလက်ရာ စုစုပေါင်း ၂၀၀ ကျော် ပြသမယ့် Artist မင်းသူရိန်ရဲ့ B N W (အမည်းနဲ့ အဖြူ) လို့ အမည်ပေးထားတဲ့ ၈ ကြိမ်မြောက် တကိုယ်တော် အနုပညာပြပွဲကို နိုဝင်ဘာ ၁၈ ကနေ ၂၄ ရက်နေ့ အထိ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ် အနုပညာပြခန်းမှာ ကျင်းပနေပါတယ်။

“Temporary escape from colorful social life into the Black and White World” (လူမှုဘ၀ ရောင်စုံမှ ယာယီ လွတ်မြောက်ရာ အဖြူအမည်း ကမ္ဘာသို့) လို့ ပြပွဲ ဖိတ်စာမှာ ဖော်ပြထားတဲ့ အပြင် ပြပွဲမှာ ပြသထားတဲ့ အနုပညာ လက်ရာတွေ အားလုံးဟာလည်း အဖြူအမည်း အရောင် ၂ မျိုးတည်းနဲ့ ဖန်တီးထားတာ တွေ့ရတာကြောင့် အလှအပ ပသာဒ ဖြစ်ဖို့ ထက် Concepts အဓိကပြု ဖန်တီးထားတဲ့ လက်ရာတွေလို့ ဆိုနိုင်ပါတယ်။

Contemporary Art ဖန်တီးတင်ပြမှုမှာ Concept အခြေပြု ဖန်တီးတင်ပြမှုတွေ ပါဝင်ဖို့ လိုသလို Artist တွေဟာ ကိုယ့်ရဲ့ Concept ကို ပိုင်နိုင်သေချာဖို့နဲ့ တင်ပြမှုမှာလည်း ကျွမ်းကျင်မှု ရှိဖို့ အရေးကြီးပါတယ်။ အရောင်အသွေး စုံလင်လှတဲ့ ပြင်ပလောကနဲ့ ပြခန်းထဲက အဖြူအမည်း အရောင်နှစ်မျိုးတည်းနဲ့ ဖန်တီးထားတဲ့ အနုပညာလက်ရာတွေ ကြား ပြောင်းလဲသွားတဲ့ ခံစားမှု အတွေးစိတ်ကူး ဘယ်လို ဖြစ်လာသလဲ။

“၂၀၁၅ ခုနှစ်တုန်းက the Outsider & Crow တကိုယ်တော် ပန်းချီ ပြပွဲပြီးတဲ့ နောက်မှာ ကျီးကန်းကားတွေ ဆက်တိုက် ဆိုသလို ရေးဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်း နောက်ခံအဖြူ ကျီးကန်းက အမည်း၊ ကျီးကန်းလို့ ဆိုတာထက် တဖြည်းဖြည်း အနက်ရောင် စုတ်ချက်တွေလို့ပဲ ထင်စရာ Abstract ကားတွေ ပိုရေးလာမိတယ်။ နောက်ပိုင်း အဖြူအမည်း နှစ်ရောင်တည်းကိုပဲ ဓာတ်ကျသလို ဖြစ်ပြီး Art work တခုခု လုပ်ဖို့ပြင်တိုင်း အဖြူနဲ့ အမည်းအပေါ်မှာပဲ အခြေပြုစဉ်းစားမိနေတယ်။ ဒါနဲ့ အခုလို Black n White ပြပွဲ လုပ်ဖို့ ဖြစ်လာတာ” လို့ မင်းသူရိန်က ရှင်းပြတယ်။

“လွန်ခဲ့တဲ့ ၂၀၁၃ နှစ်ကတည်းက အင်စတော်လေးရှင်းနဲ့ ပန်းပု လက်ရာတွေ ဖန်တီးဖို့ စိတ်မှာ ဖြစ်နေခဲ့တာ။ ဒါနဲ့ အလျဉ်းသင့်တိုင်း သံပြားဝိုင်း အဟောင်းတွေ၊ ပန်ကာ အဟောင်း၊ သံချောင်းအဟောင်းတွေ၊ စက်ဘီးစုတ်လို စတဲ့ အဟောင်းအမြင်း စွန့်ပစ် ပစ္စည်းတွေ စုဆောင်းထားခဲ့တယ်။ ပြပွဲမှာတော့ သူတို့ကို Recycle သဘောမျိုး ပြန်သုံးတာ မျိုးလည်း ပါပါတယ်။ တချို့ကတော့ ပန်းပု လက်ရာ၊ တချို့ကျတော့ အင်စတော်လေးရှင်း လက်ရာ ဖြစ်သွားတာပဲ” လို့ မင်းသူရိန်က ပြောပြတယ်။

Artist မင်းသူရိန်ဟာ ပန်းချီရေးဆွဲသလို လင်းသဏ်ညီ ကလောင်အမည်နဲ့လည်း ကဗျာတွေ ရေးဖွဲ့နေတဲ့ ကဗျာဆရာ တဦး ဖြစ်ပါတယ်။ “ပန်းချီနဲ့ ကဗျာဟာ ကျနော့်ဘ၀ သူ့ဖြတ်သန်းမှု ဖြစ်တယ်၊ တခုနဲ့တခုလည်း ဆက်စပ်နေတယ်၊ ကဗျာပဲရေးရေး ပန်းချီပဲ ဆွဲဆွဲ ကျနော့် ဘဝထဲက ရလာတာတွေ ဖြစ်တယ်” လို့ ပန်းချီရေးဆွဲတဲ့နဲ့ ကဗျာ ရေးဖွဲ့တဲ့ အကြောင်း ပြောပြပါတယ်။

Artist မင်းသူရိန်ကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ၁၉၈၂ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့မှာ မွေးဖွားပါတယ်။ ငယ်စဉ်က တောင်ကုတ်မြို့ရှိ ရသရင်ပြင် ပန်းချီအနုပညာ လုပ်ငန်းမှ ပန်းချီ ကျောင်းဆင်း ဆရာတွေထံမှာ သင်ယူခဲ့ပြီး၊ ပန်းချီဆရာကြီး ဘယေးညိုထံမှာ အနီးကပ် သင်ယူဖြစ်ခဲ့ပါတယ်။ သူဟာ ပန်းချီရေးဆွဲခြင်း၊ ကဗျာစာပေ ရေးသားခြင်းနှင့် သရုပ်ဖော် ပန်းချီပုံ ရေးဆွဲခြင်းကို အချိန်ပြည့် လုပ်ကိုင်လျက် ရှိပါတယ်။

မင်းသူရိန်ရဲ့ ပြပွဲကို သုံးသပ်ရရင် ဒုတိယကမ္ဘာစစ် အပြီး ပေါ်ပေါက်လာတဲ့ အနုပညာ ဖန်တီးတင်ပြမှု ပုံစံတမျိုး ဖြစ်တဲ့ မီနီမယ်လစ်ဇင် (Minimalism အနည်းဆုံးဝါဒ) သဘောနဲ့ တင်ပြပုံ သဘာဝကို တွေ့ရှိရပါတယ်။ မီနီမယ်လစ်ဇင်ဟာ ဖြစ်ပြီး ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေမှာတော့ နိုင်ငံရေးလောက အထိ ရိုက်ခတ်လာပါတယ်။ လက်ရှိခေတ်ပြိုင် အနုပညာ ဖန်တီးမှုမှာလည်း မီနီမယ်လစ်ဇင် အနုပညာတင်ဆက်မှုက အရေးပါနေဆဲ ဖြစ်ပါတယ်။

Loading