ဒီမော်ဒယ်က ဇိမ်ခံအနေနဲ့ သုံးနိုင်အောင် ဖန်တီးထားတဲ့ မော်ဒယ် ဖြစ်ပေမယ့် လက်ရင်း ထုတ်လုပ်မှု ရည်ရွယ်ချက်ကတော့ ဇိမ်ခံမော်ဒယ် မဟုတ်ပါဘူး။ တန်ကြေးသင့် အကြမ်းခံ SUV တန်းဝင် မော်ဒယ်ပါ။ ဒါပေမယ့် ဈေးနှုန်း၊ အပြင်အဆင်၊ အရည်အသွေးနဲ့ စွမ်းဆောင်ရည်တွေကတော့ ပြည်တွင်း အနေအထားမှာ ဇိမ်ခံ အဖြစ်နဲ့ သုံးနိုင်အောင် အဆင်ပြေပါတယ်။
ရှေ့ပိုင်းမှာတော့ Terrain ရဲ့ ၂၀၁၀ ခုနှစ်အောက်ဘက် မော်ဒယ်တွေ ဈေးကွက် အဝင်များခဲ့ပေမယ့် အခုတော့ ၂၀၁၆ ခုနှစ်လည်း ကုန်တော့မယ့်အချိန် မော်ဒယ်မြင့် ဆိုတာထက် သင့်တဲ့ အနေအထားနဲ့ Terrain တွေ ဈေးကွက်မှာ ရနိုင်နေပါပြီ။ ပြည်တွင်းမှာ လူကြိုက်များတဲ့ အဖြူ၊ အနက်လို အရောင် အနေနဲ့ပါ ရနိုင်လာတာက စိတ်ဝင်စားစရာပါ။
ကျနော်တို့ ပြည်တွင်းမှာ ဈေးကွက်ရဲ့ ဝယ်လက်က တော်တော်လေး အစွဲကြီးတယ်လို့ ဆိုရမှာပါ။ အထူးသဖြင့် အရောင်ကို စွဲကြပါတယ်၊ Brand ကို စွဲကြပါတယ်။ ဒီတော့ အမေရိက GMC အတွက် Toyota တွေလောက်တော့ လူကြိုက်မှာ မဟုတ်ပေမယ့် အရည်အသွေး ကောင်းကောင်းနဲ့ ရေရှည် စိတ်ချရမယ့် မော်ဒယ်မို့ မိတ်ဆက်ပေးချင်ပါတယ်။
မော်ဒယ်ရဲ့ အဓိက အားသာချက်ကတော့ ကိုယ်ထည်ပိုင်း ကြံ့ခိုင်မှုပဲ ဖြစ်ပါတယ်။ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်လည်း ရှိတယ်၊ ကိုယ်ထည်ပိုင်း အကြမ်းခံနိုင်မှုက တန်းတူ မော်ဒယ်တွေထဲမှာ ထိပ်တန်း အဆင့်ရှိတယ်။ ဒါကြောင့် ယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ အသက်အန္တရာယ်ဆိုင်ရာ စိတ်ချရမှုက အကောင်းဆုံး အနေအထားပါ။
ဘရိတ်၊ အသက်ကယ်စနစ်နဲ့ တခြား ဆက်စပ် အကူစနစ်တွေလည်း ကောင်းမွန်ပါတယ်။ အတွင်းခန်း အပြင်အဆင်မှာ အထည်ဦးစားပေး ဆိုပေမယ့် ဇိမ်ခံ ပုံစံ ပြင်ဆင်ထားပါတယ်။ အလိုအလျောက် အကူစနစ်တွေ ဖြစ်တဲ့ Stability Control, Cruise Control လို စနစ်တွေက ဘရိတ်စနစ်နဲ့ ဟန်ချက်ညီ ချိတ်ဆက်လုပ်ဆောင်မှု ကောင်းမွန်တာ တွေ့ရပါတယ်။
အရင်က အမေရိကထုတ် မော်ဒယ်တွေက အင်ဂျင်စနစ် ကြီးပေမယ့် အခု Terrain မှာတော့ ၂.၄ လီတာသုံး Gasoline အင်ဂျင်ကိုပဲ တပ်ဆင်ထားတာ တွေ့နိုင်ပါတယ်။ သူက ခရီးဝေး မောင်းနှင်နိုင်မှု အတွက်ပါ အဆင်ပြေအောင် ရုန်းအား ဦးစားပေးပုံစံနဲ့ ဖန်တီးထားတဲ့ အင်ဂျင်စနစ်ပါ။ ဆီတဂါလံကို ပျမ်းမျှ ၂၇ မိုင် ဝန်းကျင်လောက် စီးနင်းနိုင်မှာဖြစ်ပါတယ်။
နှစ်ဘီးယက်စနစ်နဲ့ Auto ဖြစ်နေတာတွေက ဆီစားနှုန်း နည်းနည်း သက်သာလာစေပြီး မောင်းနှင်ရမှု အပိုင်းမှာလည်း အင်ဂျင်က အနေတော်လောက် ဖြစ်လို့ အထွက်တွေ ငြင်သာပါတယ်။ ဂီယာချက်က နည်းနည်းလေး လေးချင်သလို၊ စေးချင်သလို ဆိုပေမယ့် သဘောကျစရာပါ။
နောက်ကြည့် ကင်မရာစနစ်တွေ၊ TV နဲ့ DVD လို ဖျော်ဖြေရေး စနစ်တွေပါရှိပြီး ဈေးကွက်မှာတော့ ၂၀၁၁ ခုနှစ်ထုတ် Terrain ကို အဖြူရောင် အနေနဲ့ အလွယ်ရနိုင်ပြီး ဈေးနှုန်းကတော့ သိန်း ၆၄၀ လောက် ခေါ်ထားပါတယ်။ ဂျပန်ကားတွေ နှစ်သက် လက်ခံတဲ့ ဈေးကွက် အနေအထားမို့ မျက်နှာသစ် Terrain အတွက် ကျဈေးဘက် နည်းနည်း ယိုင်ချင်နေတာကတော့ ဝယ်လက်အတွက် အားသာချက် ဖြစ်လာစေနိုင်ပါတယ်။