Lifestyle

အံကြိတ် သွားကြိတ်တတ်တာ ပျောက်ကင်းအောင်

သင်ဟာ ညအိပ်တဲ့ အချိန်မှာ အံကြိတ်တတ်ပါသလား၊ သွားချင်း တကြွိကြွိ ပွတ်တိုက်တဲ့ အသံကြောင့် အနီးနားက အိပ်နေတဲ့သူတွေ လန့်နိုးပြီး အိပ်မရတဲ့အထိ ဖြစ်တတ်တာ ကြုံဖူးပါသလား။ Bruxism လို့ခေါ်တဲ့ အံကြိတ် သွားကြိတ်တာဟာ လူတော်တော်များများ ခံစားရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေတဲ့ သွားဘက်ဆိုင်ရာ ပြဿနာတခု ဖြစ်ပါတယ်။

အပေါ်သွားတွေနဲ့ အောက်သွားတွေကို သိလျှက်နဲ့ဖြစ်စေ၊ ကိုယ်တိုင် သတိမထားမိဘဲဖြစ်စေ၊ အားနဲ့ ကြိတ်နေမိပြီ ဆိုရင် Bruxism ဖြစ်နေပြီလို့ ပြောလို့ ရပါတယ်။ နေ့ဘက်ရော ညအိပ်ပျော်နေချိန်မှာပါ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ညအိပ်မောကျနေချိန်မှာ ပိုကြိတ်လေ့ရှိပါတယ်။ ပိုပြီးတော့လည်း အားနဲ့ ကြိတ်တတ်ပါတယ်။

ပုံမှန်အားဖြင့် လူတိုင်း အစာဝါးတဲ့အခါ ပေါင် ၅၀ ကနေ ၁၀၀ လောက်ပဲ အားစိုက်ဝါးလေ့ ရှိပေမယ့်၊ မသိစိတ်နဲ့ မေးရိုး ကြွက်သားတွေက အားနဲ့ ကြိတ်နေတဲ့ အချိန်မျိုးမှာ ပေါင် ၃၀၀ ကျော်ထိ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ အစားအစား မပါဘဲ သွားချင်း ကြိတ်တာကြောင့် သွားတွေရဲ့ အပေါ်ယံ ကြွေလွှာတွေ ပျက်စီး ပြုန်းတီးနိုင်သလို အံသွားတွေရဲ့ မျက်နှာပြင်လည်း ပါးလာပြီး နောက်ဆုံး သွားတွေ တိုလာတာတွေ ဖြစ်စေနိုင်ပါတယ်။

သွားတွေရဲ့ ကြွေလွှာတွေ ပြုန်တီးခြင်းကြောင့် အပူ သို့မဟုတ် အအေး သောက်တဲ့အခါ သွားတွေ ကျင်ကနဲ ခံစားရတာတွေ ဖြစ်တတ်သလို သွားကြိတ်အား ပြင်းထန်လွန်းရင်လည်း သွားတွေ အက်ကွဲတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ မေးရိုးကြွက်သားများ တင်းပြီး နာကျင်တာတွေလည်း ခံစားရနိုင်ပြီး မျက်နှာနဲ့ ဆက်စပ်နေတဲ့ နားကိုက်တာတွေ၊ ပါးကြော နားထင်ကြောတွေနဲ့ Tension headache လို့ ခေါ်တဲ့ ခေါင်းကိုက်တာတွေ ခံစားရစေနိုင်ပါတယ်။

အဲဒါတွေအပြင် မေးရိုးဆစ်ရောဂါ ဖြစ်ပြီး မေးရိုးဆစ်ကိုက်ခြင်း၊ ပါးကိုက်ခြင်း၊ ပါးစပ် ကောင်းကောင်း မဟနိုင်ခြင်းစတာတွေ ခံစားရနိုင်သလို သွားဖုံးရောင်ယမ်းခြင်း၊ သွားတွေ အလွယ်တကူ ယိုင်နဲ့စေခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ

စိတ်တင်းကျပ်ဖိစီးမှု၊ ဒေါသဖြစ်ခြင်း၊ စိတ်အလို မကျခြင်းကြောင့် ညအိပ်ရာမှာ သွားကြိတ်အံကြိတ်တာ ဖြစ်ပြီး ပင်ကိုယ် စိတ်လှုပ်ရှား တက်ကြွလွယ်ပြီး အပြိုင်အဆိုင်စိတ် ပြင်းထန်သည့် ကိုယ်ရည်ကိုယ်သွေး ရှိသူတွေမှာ အများဆုံး တွေ့ရပါတယ်။ တဖန် ရည်မှန်းတာက တခြား ဖြစ်နေတာကတလွဲ ဖြစ်နေတဲ့ အနေအထားမျိုးမှာလည်း သွားကြိတ်အံကြိတ် ဖြစ်တတ်ပါတယ်။

ဘယ်လိုကုသမလဲ

နှစ်နဲ့ချီပြီး အံကြိတ်နေရင် မေးရိုးဆစ်ရောဂါ၊ သွားပြုန်းတီးခြင်းနဲ့ နောက်ဆက်တွဲ ဝေဒနာတွေခံစားရပြီး၊ သွားတွေ သိပ်တိုလာရင် ကုသရခက်ခဲတာမို့ သိတာနဲ့ ဆရာဝန်ပြဖို့ လိုပါတယ်။

အဲဒီလို ညအိပ်ချိန်မှာ သွားကြိတ်အံကြိတ် ဖြစ်စေရတာဟာ စိတ်ဖိစီးမှုနဲ့ အလိုမကျ ဒေါသထွက်စရာတွေကြောင့် ဖြစ်တာမို့ အကြောင်းရင်းကို  သေချာ ရှာဖွေရပါမယ်။ စိတ်ဖိစီးမှုကို လျော့နည်းဖို့ အားကစားလုပ်ပါ၊ တရားထိုင်ပါ၊ လိုအပ်ရင် ဆရာဝန်ရဲ့ အကြံပြုချက်ယူပြီး စိတ်ငြိမ်ဆေး သောက်ပါ။

မညီတဲ့ သွားတွေကိုလည်း သွားညှိကုသပေးဖို့၊ ညအိပ်ရာမှာလည်း Mouth guard တပ်ဆင်အိပ်စက်ဖို့၊ မေးရိုး ကြွက်သားများ ဖြေလျော့စေရန် Muscle relaxants ဆေးပေးဖို့၊ မေးရိုးကြွက်သားများ လှုပ်ရှားမှုကို ထိန်းချုပ် ဖြေလျှော့နိုင်လာအောင် ကြွက်သားများ အတင်းအလျှော့ကို အာရုံခံနိုင်တဲ့ Biofeedback စက်ကို သုံးပြီး လေ့ကျင့်ပေးဖို့ အကြံပြုလိုက်ပါတယ်။

ညွှန်း – ဒေါက်တာဉာဏ်၏ “သွားလှလှ ခံတွင်းသန့်သန့် မေတ္တာရနံ့”

Loading