မြန်မာနိုင်ငံမှာ စစ်အာဏာရှင် လက်ထက် အဆက်ဆက် တိုင်းရင်းသားရေးရာ၊ နယ်စပ်ရေးရာများနဲ့ ပတ်သက်ပြီး သမိုင်းဆိုင်ရာ စာအုပ် အထောက်အထား အလွန်ရှားပါးခဲ့ပါတယ်။ ပြည်တွင်းပြည်ပမှ ရေးသားခဲ့တဲ့ မှတ်တမ်းမှတ်ရာ၊ စာအုပ်များ ရှိခဲ့သော်လည်း ပြည်တွင်းမှာ စစ်အစိုးရလက်ထက် ပုံနှိပ်ထုတ်ဝေဖြန့်ချိုဖို့ အခက်အခဲကြောင့် ဖြစ်ပါတယ်။
ယခုစာအုပ်က ပြည်ပ ဂျာနယ်လစ်များ ဖြစ်ကြတဲ့ ပြင်သစ်နိုင်ငံသား ညီအစ်ကို Andre’ နဲ့ Louis Boucaud တို့က ၁၉၇၅ တဝိုက် အာရှှသို့ ရောက်ရှိလာပြီး ရွှေတြိဂံဒေသနဲ့ မြန်မာနယ်စပ်များကို သွားရောက်နေထိုင်ကာ ထိုအချိန်ကာလ တိုင်းရင်းသားတို့ရဲ့နေထိုင်ရပ်တည်မှု အခြေအနေများနဲ့ လက်နက်ကိုင် အဖွဲ့များအကြောင်းကို မှတ်တမ်းပြု ရေးသားထားတာပါ။
မူရင်းစာအုပ်အမည်မှာ BURMA’s GOLDEN TRIANGLE: On the Trail of Opium Warlords ဖြစ်ပြီး မင်းအောင်မင်းက လက်နက်ကိုင်ပုန်ကန်သူများနှင့် ဗမာ့ရွှေတြိဂံလို့ ဘာသာပြန်ထားပါတယ်။
စာအုပ်မှာ အပိုင်း ၆ ပိုင်း ပါရှိပြီး တြိဂံဓားသွား ပုံသဏ္ဍာန် ရွှေတြိဂံ၊ ကရင်များနှင့် ဆယ်စုနှစ်များစွာ တော်လှန်တိုက်ခိုက်မှု၊ ရှမ်းသို့မဟုတ် သံလွင်မှ နောက်ဆုံးစော်ဘွားများ၊ မေ့ပျောက်ခံ ကရင်ပြည်နယ်၊ ပအို့ဝ်၊ ကချင်နှင့် ရခိုင်သူပုန်များ၊ လက်နက်ကိုင် ပုန်ကန်မှုများသို့ တရုတ်ချည်းကပ်ပုံတို့ ဖြစ်ပါတယ်။
အခန်းငယ်များမှတော့ ဘိန်းကုန်သွယ်ရေး၊ ရှမ်းပြည်နယ်၊ ဘိန်းဘုရင်များ၊ ကရင်ပြည်နယ်၊ ကရင် လက်နက်ကိုင်များ၊ ကရင်သူပုန်များနှင့် တွေ့ဆုံခြင်း၊ Camp ထဲက ဘဝများ၊ ထိုင်းနယ်ခြားစောင့် ရဲအဖွဲ့နှင့် တိုးခြင်း၊ KNLA ဌာနချုပ် မာနယ်ပလော၊ ဖိနှိပ်သူများနှင့် တော်လှန်မှုများ၊ ရှမ်းပြည်နယ်၊ မြန်မာ-ထိုင်း မြောက်ပိုင်းနယ်စပ်၊ ရှမ်းလက်နက်ကိုင်များ၊ SSA ဂိတ်ခါဟန်း၊ ကေးဟောစခန်း၊ မြစ်ဘက်သို့ခရီးစဉ်၊ သံလွင်ကို ဖြတ်သန်းခြင်း၊ ရှမ်းပြည်နယ်အတွင်းမှ ပဋိပက္ခများ၊ ကရင်နီပြည်နယ်၊ ကယားရွာလေးတရွာ၊ ရှေးဟောင်းပစ္စည်း အရောင်အဝယ်၊ ကရင်နီ စစ်ရေးလှုပ်ရှားမှုများ၊ အတွင်းပိုင်းသို့၊ မတ်လတွင် ဆုတ်ခွာခြင်း၊ ပအို့ဝ် လက်နက်ကိုင်များ၊ မှောင်ခိုလမ်းကြောင်းများ၊ ကချင်လက်နက်ကိုင်များ၊ ရခိုင်လက်နက်ကိုင်များ၊ တရုတ်နှင့် ဗကပ၊ ဗကပနိဂုံး၊ ပုန်ကန်ရာမှ ပူးပေါင်း၊ ရှမ်းပြည်နယ်မှ မလှည့်မပြောင်း ဖြစ်ရပ်များတို့ ပါဝင်ပါတယ်။
မူရင်းစာအုပ်ရေးသားသူ Andre’ နဲ့ Louis Boucaud တို့ဟာ ၁၉၇၅ ဇန်နဝါရီလထဲမှာ အာရှသို့ ရောက်ရှိလာပြီး နာမည်ကျော် ရွှေတြိဂံဒေသကို စတင် ရှာဖွေခဲ့ကြပါတယ်။ ရွှေတြိဂံဒေသနဲ့ မြန်မာနယ်စပ် တလျှောက်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများ၊ လက်နက်ကိုင်များ၊ ဘိန်းလုပ်ငန်းများကို ၁၉၉၀ ခုနှစ်ထိ ၁၅ နှစ်တိုင် သွားလာနေထိုင် မှတ်တမ်းတင် ခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံသား ညီအစ်ကို ၂ ဦးဟာ မူလ ရည်ရွယ်ချက်က ရွှေတြိဂံနဲ့ နယ်စပ်တလျှောက် ဒေသခံတို့ ဘိန်းကို မည်သည့်နည်းဖြင့် စိုက်ပျိုး ထုတ်လုပ်နေကြကြောင်းကို သိရှိရန် ရည်ရွယ်ခဲ့ကြသော်လည်း ထိုဒေသများရှိ ဘိန်းစိုက်ပျိုး ကုန်သွယ်မှုများအပြင် တိုင်းရင်းသားတို့ ဘဝ၊ လက်နက်ကိုင် အဖွဲ့များရဲ့အကြောင်းနဲ့ ထိုအချိန်ကာလက ဘိန်းဘုရင်များ ဖြစ်တဲ့ ခွန်ဆာ၊ လော်စစ်ဟန်တို့ လှုပ်ရှား ဆောင်ရွက်မှုများအပြင် ဘိုမြ၊ မိုးဟိန်းတို့နဲ့ ဗကပတို့ အကြောင်းများပါ ကိုယ်တွေ့ကြုံခဲ့ကြပါတယ်။
နာမည်ကျော် ရွှေတြိဂံဒေသဟာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှ ရှမ်းတောင်တန်းများ၊ ထိုင်းမြောက်မှ တောင်တန်းနဲ့ လာအို ကုန်းမြင့်ဒေသတို့ ပါဝင်ပြီး စတုရန်းကီလိုမီတာ ၂၂၅၀၀၀ ကျယ်ဝန်းတဲ့ ဒေသဖြစ်ပါတယ်။ အဓိက နေထိုင်သူ ထိုင်း၊ ရှမ်းနဲ့ လာအိုတို့ ဖြစ်ကြပြီး မြို၊ အခါ၊ လီဆူး၊ လားဟူ၊ တရုတ်ဟော်တို့လည်း နေထိုင်ကြပါတယ်။
ရွှေတြိဂံဒေသဟာ ကမ္ဘာ့ ဘိန်း၊ မော်ဖင်း၊ ဘိန်းဖြူ ထွက်ရှိရာ နေရာလည်း ဖြစ်တဲ့အပြင် မြန်မာ၊ ထိုင်း၊ လာအို မည်သူမျှ မအုပ်ချုပ်နိုင်ပေ။ သူပုန်များ၊ စစ်ဘုရင်များ၊ အရောင်စုံလူမျိုးရဲ့ မင်းမဲ့စရိုက်ဆန်ပြီး ထိုစဉ် အချိန်ကာလက ပြင်ပကမ္ဘာမှ လူအနည်းစုသာ ရောက်ဖူးကြပါတယ်။
Andre’ နဲ့ Louis Boucaud တို့ သွားရောက်တဲ့ အချိန်မှာလည်း ထိုဒေသများကို သွားရောက်တဲ့သူ ဆိုလို့ ဗြိတိသျှ ၂ ဦး ကလွဲပြီး မရှိသေးကြောင်း စာအုပ်မှာ ရေးသားထားပါတယ်။ သူတို့ကိုယ်တိုင် ဂျာနယ်လစ်များဟု ပြောကြား ထားသော်လည်း လက်နက်ကိုင် အဖွဲ့တချို့ရဲ့ အမြင် မကြည်လင်မှုများနဲ့လည်း ကြုံတွေ့ခဲ့ကြပါတယ်။
မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသမှာ နိုင်ငံခြားသားများလည်း ဖြစ်နေရာ မယုံသင်္ကာ စစ်ဆေးမေးမြန်းမှုများ ကြုံကျရပြီး ထိုစဉ် အချိန်ကာလက ဒါရိုက်တာ Adrian Cowell ရဲ့ Opium Warlords (ဘိန်းဘုရင်များ) ဖြစ်ရပ်မှန် ဇာတ်ကားလည်း ထွက်ထားချိန် ဖြစ်နေတာကြောင့်လို့လည်း စာအုပ်မှာ ရေးထားပါတယ်။
ထိုဇာတ်ကားရဲ့ ရလဒ်ကတော့ နိုင်ငံခြားသား သတင်းထောက်များကို မယုံကြည် ဖြစ်နေကြပြီး ရန်ကုန်အစိုးရ စပိုင်များဟု ထင်နေကြပုံကိုလည်း ရေးသားထားပါတယ်။
နောက်ဆုံးမှာတော့ Andre’ နဲ့ Louis Boucaud တို့ဟာ နယ်မြေအနေအထား၊ ဘာသာစကား၊ ရာသီဥတု ကြမ်းတမ်းပြီး လက်နက်ကိုင်များ၊ ဘိန်းကုန်သည်များ ကျက်စားရာ ရွှေတြိဂံနဲ့ မြန်မာနယ်စပ်များကို အခက်အခဲမျိုးစုံဖြင့် ၁၉၉၀ ခုနှစ် ထိ ၁၅ နှစ်ကြာ ဝင်ရောက် သတင်းယူ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။
ဒီလို စွန့်စွန့်စားစား ဝင်ရောက် မှတ်တမ်းတင် ရေးသားခဲ့ကြလို့ပဲ ရွှေတြိဂံနဲ့ မြန်မာနယ်စပ်ဒေသရှိ လက်နက်ကိုင် အဖွဲ့ အစည်းများ၊ ဘိန်းလုပ်ငန်းနဲ့ မှောင်ခိုလုပ်ငန်းများ အကြောင်းကို ကမ္ဘာက သိရှိခဲ့ကြရပါတယ်။
မူရင်းစာအုပ် ရေးသားခဲ့တဲ့ Andre’ နဲ့ Louis Boucaud တို့က အမှာစာသဘောဖြင့် နိဒါန်းဆိုတဲ့စာမှာတော့ “ရွှေတြိဂံဒေသ အပြင်ဘက်နှင့် အတွင်းဘက်မှာတော့ ကျွန်ုပ်တို့ကို ဧည့်ဝတ်ကျေပွန်သော ပြည်သူများအတွက် ယခုစာအုပ်က ကြောင်းကျိုးညီညွတ်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ကျွန်ုပ်တို့ကိုယ်စား သူတို့ အန္တရာယ်လည်း ရှိနိုင်သည်။ ရွှေတြိဂံနှင့် မြန်မာနိုင်ငံမှ ပြည်သူအားလုံး နားလည်မှုနှင့် ငြိမ်းချမ်းရေးများ ရအောင် ကူညီနိုင်ပါစေဟု ကျွန်ုပ်တို့ ဆုတောင်းပါသည်” လို့ ပါရှိပါတယ်။
မူရင်း စာရေးသူများ – Andre’ and Louis Boucaud
ဘာသာပြန်သူး – မင်းအောင်မင်း
စာအုပ်အမည် – BURMA’s GOLDEN TRIANGLE:
On the Trail of Opium Warlords
လက်နက်ကိုင်ပုန်ကန်သူများနှင့် ဗမာ့ရွှေတြိဂံ
အမျိုးအစား – နိုင်ငံရေး
ထုတ်ဝသည့် ကာလ – ၂၀၁၆၊ နိုဝင်ဘာ
ထုတ်ဝေသည့်တိုက် – ယဉ်မျိုးစာပေ
တန်ဖိုး – ၂၅၀၀ ကျပ်