ပြည်တွင်းမှာ Alphad နဲ့ Hiace လို မော်ဒယ်တွေကို လက်ခံစီးနင်းနေတဲ့ အနေအထားမှာ ဇိမ်ခံအဖြစ်နဲ့ ထုတ်လုပ်လာတဲ့ အခု မော်ဒယ်မျိုးကလည်း စိတ်ဝင်စားစရာပါ။ ဥရောပ ဈေးကွက်အတွက် အဓိက ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် ဈေးကွက် အနေအထားမှာတော့ နိုင်ငံတကာကိုလည်း ရောက်လာမှာပါ။
မော်ဒယ်ရဲ့ အားသာချက် နည်းနည်းလောက် ကြည့်မယ် ဆိုရင် ဆီစားနှုန်း ချိုသာမှုက အဓိကကျပါတယ်။ Van အခြေခံ MPV တစ်စီး အနေနဲ့ အင်ဂျင် အလတ်တန်းစား တပ်ဆင်ထားတဲ့ အနေအထားမှာ အရမ်းမကြီးပေမယ့် ဆီစားနှုန်းချိုသာမှ ခံသာနိုင်မှာ ဖြစ်လို့ ဆီစားနှုန်း အထူးချိုသာအောင် ဖန်တီးထားတာ တခုက သဘောကျစရာပါ။ နောက်ပြီး အတွင်းခန်း အထူးကျယ်ဝန်းတာလည်း တွေ့ရပါတယ်။ မိသားစုသုံး အတွက်ရော ဇိမ်ခံအဖြစ်နဲ့ပါ သုံးနိုင်ဖို့ အဆင်ပြေသလို ယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ လုံခြုံစိတ်ချရမှုကလည်း ထိပ်တန်းအဆင့်မှာ ရှိနေတာတွေက Verso ရဲ့ အားသာချက်တွေ ဖြစ်ပါတယ်။
မော်ဒယ်ရဲ့ အားနည်းချက်ကို တချက် လေ့လာမယ် ဆိုရင်တော့ ဈေးနှုန်း မြင့်မားနေမှုက အကြီးဆုံး အားနည်းချက် ဖြစ်လာမှာပါ။ တန်ကြေးချိုသာမှလည်း လူတိုင်း လက်လှမ်းမီနိုင်မှာ ဖြစ်ပေမယ့် Verso က ဈေးမြင့်ပါတယ်။ နောက်တချက်က လက်ကိုင်ပိုင်း သိပ်မကြိုက်ချင်ပါဘူး။ သွက်လက်မှု၊ တိကျမှု ရှိတာ မှန်ပေမယ့် စိတ်တိုင်းကျတဲ့ အနေအထား မဟုတ်ပါဘူး။ နောက်ဆုံး တချက်ကတော့ Manual စနစ်နဲ့ မော်ဒယ်တွေက မောင်းနှင်လို့ စိတ်ကြိုက် မဖြစ်တာပါပဲ။
ခရီးသည် ၈ ယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်မယ့် မော်ဒယ်တွေထဲမှာတော့ Verso က အကောင်းဆုံးလို့ ဆိုနိုင်မယ့် အနေအထားပါ။ အတွင်းခန်း အပြင်အဆင်၊ နည်းပညာ၊ အရည်အသွေး၊ အားလုံး ကောင်းပါတယ်။ အင်ဂျင်ပိုင်းကို ရမှတ်ပေးရမယ် ဆိုရင်တော့ ကြယ်ငါးပွင့်မှာ သုံးပွင့် ပေးချင်ပါတယ်။ ဆီစားနှုန်း ချိုသာအောင် ရည်ရွယ်ပြီးတော့ မြင်းကောင်ရေ ၁၁၄ ကောင်အားထွက် ၁.၆ လီတာသုံး ဒီဇယ်အင်ဂျင်နဲ့လည်း ထုတ်လုပ်ထားသလို မြင်းကောင်ရေ ၁၇၄ ကောင်အားထွက် ၂.ဝ လီတာသုံး အင်ဂျင်နဲ့လည်း ရနိုင်ပါတယ်။
Auto နဲ့လည်း ရနိုင်သလို Manual နဲ့လည်း လာပြီး ဂီယာချက် ၆ ချက် သုံးနိုင်မှာပါ။ တနာရီ မိုင် ၆၀ နှုန်းကို ၁၀.၁ စက္ကန့်နဲ့ ရောက်နိုင်မှာပါ။ ဆီစားနှုန်း အပိုင်းကတော့ စိတ်ကြိုက်ဖြစ်ပြီး ၂.ဝ လီတာသုံး အင်ဂျင်က ပျမ်းမျှ မိုင် ၅၀ လောက် စီးနင်းနိုင်မှာ ဖြစ်ပြီး ၁.၆ လီတာသုံး မော်ဒယ်ကတော့ ၅၅ မိုင် နီးပါးထိအောင် စီးနင်းနိုင်မှာပါ။
အတွင်းခန်း၊ နည်းပညာ ထည့်သွင်းထားမှုနဲ့ ဒီဇိုင်းတွေကတော့ ကြယ်သုံးပွင့်ခွဲ လောက်ပဲ ပေးရမှာပါ။ ဒီဇိုင်းက ရိုးရှင်းလွန်းပါတယ်။ တပ်ဆင် အသုံးပြုပစ္စည်းတွေ အရည်အသွေးမြင့်ပေမယ့် ဒီဇိုင်းရိုးလို့ ဖြစ်ပါတယ်။ ၇ လက်မ Pro-Touch စနစ်နဲ့ Control အထိုင်ကို ထည့်ထားပါတယ်။ သူက ဂြိုဟ်တု အခြေပြု မြေပုံစနစ်တွေကနေ ဖျော်ဖြေရေး စနစ်တွေ အားလုံးကို လက်ခံပြသပေးနိုင်မှာလည်း ဖြစ်ပါတယ်။
သက်သောင့်သက်သာ ရှိမှုနဲ့ အတူ လိုက်ပါစီးနင်းရမှု ကောင်းမွန်ခြင်း၊ လုံခြုံ စိတ်ချရမှုတွေကတော့ အကောင်းဆုံးဖြစ်လို့ ကြယ်လေးပွင့်ခွဲ ထိအောင် ပေးချင်ပါတယ်။ ကားက ၄.၆ မီတာရှည်လျားပြီး ပြိုင်ဖက် SEAT Amhambra နဲ့ VW Caravelle မော်ဒယ်တွေထက် တိုပါသေးတယ်။ ဒါက မြို့တွင်းသုံးအတွက် အဆင်ပြေစေမှာလည်း ဖြစ်လို့ စိတ်ကြိုက် ဖြစ်မိပါတယ်။ နောက်ဖက် ဝန်တင်ခန်းကတော့ အနည်းဆုံး ၂၂၄ လီတာကနေ အများဆုံး ၉၇၇ လီတာထိအောင် မော်ဒယ်ခွဲအပေါ် မူတည်ပြီး ဆံ့ဝင်မှာလည်း ဖြစ်ပါတယ်။