Lifestyle

အနုပညာရှင်များ ပါဝင်မယ့် လိင်အကြမ်းဖက်မှုနဲ့ သက်ငယ်မုဒိမ်း ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်မည်

လိင်အကြမ်းဖက်မှုနဲ့ သက်ငယ်မုဒိမ်းမှုများကို ဆန့်ကျင်လှုပ်ရှားတဲ့အနေနဲ့ အနုပညာရှင်များ အပါအဝင် အများပြည်သူများပါဝင်နိုင်မယ့် ဆွေးနွေးပွဲတခုကို လာမယ့် နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ကန်တော်ကြီး မျှော်စင်ကျွန်းထဲမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီပွဲရဲ့အဓိကရည်ရွယ်ချက်ကတော့ လိင်အကြမ်းဖက်မှု လျော့နည်းပပျောက်ရေး၊ သက်ငယ်မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုများကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ရေးတို့ပဲ ဖြစ်ပါတယ်။ ဒါဟာ မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုများကြောင့် အများပြည်သူများနဲ့ အနုပညာရှင်များက စုပေါင်းပါဝင်ပြုလုပ်ကြတဲ့ ဆန့်ကျင်လှုပ်ရှားမှု တခုလည်း ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှာ ပါဝင်ကြဖို့လည်း အများပြည်သူများကို လူမှုကွန်ယက်ဖေ့စ်ဘုတ်မှာ တိုက်တွန်းနှိုးဆော်ထားသလို အဆိုပါပွဲမှာ ပါဝင်ဖြစ်မယ့် ကိုမောင်မောင်အေးကို ဒီပွဲနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါမှာတော့ “အနုပညာရှင်တွေကို ကျနော်တို့ တတ်နိုင်သမျှ ဖိတ်ထားပါတယ်။ လာမယ်လို့တော့ ကတိပေးထားကြပါတယ်။ ဒါပေမယ့် ဘယ်သူတွေ အတိအကျလာမယ်လို့တော့ ကျနော်တို့ အတိအကျပြောလို့ မရသေးဘူးပေါ့။ သရုပ်ဆောင် စမိုင်းလ်၊ ဆန်းထွဋ်တို့ ရန်ရန်ချန်းတို့၊ ဂျီလတ်၊ အေးမြတ်သူ စသဖြင့်ပေါ့” လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး “အနုပညာရှင်တွေက ဘယ်လိုကဏ္ဍက ပါဝင်မလဲဆိုရင် ဥပမာ စမိုင်းလ်ဆိုရင် ကလေးနှစ်ယောက် အမေလေ.. ဆိုတော့ သူကစင်ပေါ်မှာ Speaker တယောက်အနေနဲ့ပါဝင်မယ်။ ဆန်းထွဋ်က တင်ဆက်သူ၊ အဓိက အနုပညာရှင်တွေက ကျနော်တို့ပေးချင်တဲ့ Message တွေကိုရေးထားတဲ့ ဘုတ်ပြားတွေကို ကိုင်ထားမယ် အဲ့ဒီလို ပါဝင်ကြမှာပါ” လို့ ကိုမောင်မောင်အေးက ဧရာဝတီကို ပြောဆိုပါတယ်။

ဒီပွဲကိုတက်ရောက်လာကြမယ့်သူများကိုလည်း အဖြူရောင်အကျီ ဆင်တူဝတ်ဆင်ပြီး လိမ်အကြမ်းဖက်မှုနဲ့ သက်ငယ်မုဒိမ်းမှုလျော့နည်းရေးအတွက် ဆန္ဒပြကြဖို့အတွက် ဖိတ်ခေါ်ထားတာကိုလည်း တွေ့ရပါတယ်။

Loading