ကမ္ဘာ့နံပါတ် ၁ DJ အဖြစ် ၅ ကြိမ်တိုင်တိုင် DJ Mag Top 100 မှာ နှစ်စဉ် အမည်တင်သွင်းခံရပြီး နံပါတ် ၅ နေရာမှာ ၁၄ ကြိမ်တိုင် ဆက်တိုက်ရပ်တည်ခဲ့တဲ့ ကမ္ဘာကျော် DJ ပညာရှင် နယ်သာလန်နိုင်ငံသား ဒက်ရှ်လူမျိုး ဂီတသမား Armin van Buuren က မြန်မာနိုင်ငံမှာ “We Are Connected” လို့ အမည်ရတဲ့ DJ ပွဲကို ပထမဆုံး လာရောက် တီးခတ်ဖျော်ဖြေမယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့၊ ညနေ ၄ နာရီကနေ ည ၁၂ နာရီအထိအချိန် ၈ နာရီကြာဖျော်ဖြေတင်ဆက်သွားမယ့် အဆိုပါ “We Are Connected” DJ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ရှိ The One Entertainment Park မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
DJ Armin van Buuren က အစီအစဉ်နောက်ဆုံးပိုင်းမှာ ၂ နာရီကြာ တီးခတ် ဖျော်ဖြေပေးမှာဖြစ်ပြီး သူနဲ့အတူ အခြားနာမည်ကြီး DJ ပညာရှင်များဖြစ်တဲ့ Mr.Probz, Angel Taylor နဲ့ BullySongs တို့လည်း ပါဝင်တီးခတ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Bassjackers, Firebeatz နဲ့ MaRLo တို့လည်း ပါဝင်ဖျော်ဖြေပေးကြမှာဖြစ်ပြီး Husman, Deuce နဲ့ မြန်မာ DJ ပညာရှင်တဦးဖြစ်တဲ့ Kendrick တို့ကလည်း ပူးပေါင်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။
လက်မှတ်ဈေးနှုန်းများအနေနဲ့ ရိုးရိုးလက်မှတ်နဲ့ VIP လက်မှတ်များကို မြန်မာငွေ ၃ သောင်းခွဲကျပ်နဲ့ ၈ သောင်းကျပ် အသီးသီးတို့နဲ့ ရောင်းချထားတယ်လို့ သိရပါတယ်။
အသက် ၄၀ အရွယ်ရှိ DJ Armin ဟာ Armin Only အမည်နဲ့ တနှစ်တာပတ်လုံးကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲများလုပ်ဆောင်ခဲ့ပြီးသူ့ရဲ့ အယ်လ်ဘမ်ဖြစ်တဲ့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Imagine”၊ ၂၀၁၀မှာ ထွက်ခဲ့တဲ့ “Mirage” နဲ့ ၂၀၁၃ မှာထွက်ခဲ့တဲ့ “Intense” တေးသွားများကို ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် “This is what it feels like” ဆိုတဲ့ တေးသီချင်းနဲ့လည်း ဂရမ်မီဆု လျာထားခြင်းလည်း ခံခဲ့ရပါတယ်။
နောက်ဆုံးကမ္ဘာ့ဖျော်ဖြေပွဲဖြစ်တဲ့ Armin Only Embrace ပွဲမှာသူ့ရဲ့ နောက်ဆုံး ၆ ခွေမြောက် Embrace အယ်လ်ဘမ်မှ ဂီတများကို တင်ဆက်ခဲ့တယ်လို့ သိရပါတယ်။