The Legend of the Blue Sea (ပင်လယ်ပြာရဲ့ ဒဏ္ဍာရီ) လို့ခေါ်တဲ့ Korea Drama ဇာတ်ကားကို ကိုရီယား SBS ရုပ်သံလိုင်းကနေ နိုဝင်ဘာ ၁၆ ရက်နေ့က စတင်ပြသခဲ့ပါတယ်။ စတင်ရိုက်ကူးခဲ့တာကတော့ သြဂုတ်လ ၁၉ ရက်နေ့က ဖြစ်ပါတယ်။
ဇာတ်လမ်းကျောရိုးကတော့ ရေသူမလေးနဲ့ ကောင်လေးတယောက်ရဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကား မထွက်ခင် ၃ လလောက် အလိုကတည်းက ဇာတ်ကားနမူနာ အတိုလေးကြောင့် ရေပန်းစားနေတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
ပါဝင်တာကလည်း ပရိသတ် သဘောကျတဲ့ မင်းသားနဲ့ မင်းသမီတွေဖြစ်ပြီး ဒီဇာတ်ကားရဲ့ ရိုက်ကွင်းနေရာ လှပချက်တွေကြောင့်လည်း လက်ရှိ အပိုင်း ၂ ပိုင်း ပြပြီးသည်အထိ ပရိသက်လက်ခံပြီး အထူးရေပန်းစားနေပါတယ်။ အပိုင်း ၂၀ အထိ ပြသသွားမှာဖြစ်ပြီး နောက်ဆုံးအပိုင်းကို ၂၀၁၇ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပြသသွားမယ်လို့ သိရပါတယ်။
ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Jin Hyeok ကရိုက်ကူးခဲ့ပြီး ဇာတ်ဆောင်မင်းသားအဖြစ် မြန်မာ မိန်းကလေး ပရိတ်သက်တွေ အသည်းစွဲ လီမင်ဟို နဲ့ သရုပ်ဆောင်ရာမှာ သဘာဝနဲ့ အရမ်းနီးစပ်လွန်းလို့ ကိုရီးယားရဲ့ Natural Love လို့ တင်စားခံရတဲ့ မင်းသမီး ဂျန်ဂျီဟွန်းတို့က အဓိက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ အဓိကမင်းသား လီမင်ဟို စစ်မှုမထမ်းခင်က နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး မင်းသမီး ဂျန်ဂျီဟွန်းကလည်း သူ့ရဲ့ကလေးမွေးပြီး ပထမဆုံး ပြန်လည်သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းလေးရဲ့ အစမှာတော့ ၁၅၈၆ ခုနှစ် လွန်ခဲ့တဲ့ နှစ် ၄၀ဝ လောက်က ရေသူမ မျိုးဆက်ရဲ့ နောက်ဆုံး မျိုးဆက်ဖြစ်တဲ့ ရေသူမလေးတယောက် မုန်တိုင်းမိပြီး လူတွေနေတဲ့ ရွာတရွာကို ရောက်ရှိခဲ့ရာက စတင်ထားပါတယ်။ အဲဒီ ရေသူမလေးကို ရွာအုပ်ချုပ်သူက ဖမ်းခဲ့ပြီး အသစ်ရောက်လာခဲ့တဲ့ မြို့တော်ဝန်ကို ပြသခဲ့ရာမှာတော့ မြို့တော်ဝန်က ရေသူမလေးကို သနားပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်လွှတ်တဲ့ အချိန်မှာလည်း မြို့တော်ဝန်က သူ့ရဲ့ ကျောက်စိမ်း လက်ကောက်လေးကို ရေသူမလေးကို ပေးခဲ့ပါတယ်။
အဲဒီနောက် နှစ်ပေါင်း ၄၃၀ ကြာတဲ့ လက်ရှိ ၂၁ ရာစုခေတ် အခါမှာတော့ မုန်တိုင်းတခုကြောင့် ရေသူမလေးဟာ လူတွေနေတဲ့ ကုန်းမြေပေါ်ကို ထပ်ရောက်ရှိလာပါတော့တယ်။ ဒီတခေါက် သူထပ်တွေ့ခဲ့တဲ့ ကောင်လေးကတော့ စပိန်မှာ အကြောင်းကိစ္စတွေကြောင့် ရောက်လာပြီး အနာယူနေတဲ့ ဆိုးလ်မြို့က စိတ်ညို့ မျက်လှည့် ပညာရှင်တဦးပါ။
တနည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ မြို့တော်ဝန် ဒန်ယောင်း လူဝင်စားတဲ့သူပါ။ ရေသူမလေးက ဒန်ယောင်းရဲ့အခန်းထဲမှာ အစားအသောက်တွေ စားသောက်ပြီး သောင်းကျန်းထားတာကြောင့် မင်းသားက ရဲလက်ထဲ အပ်လိုက်ပါတော့တယ်။ နောက်ပိုင်းမှာတော့ ရေသူမလေးရဲ့ လက်ကောက်ကို မြင်ပြီး နောက်ကြောင်း စုံစမ်းတဲ့အခါ နှစ်ပေါင်း ၄၀ဝ ကျော် သက်တမ်း ကြာပြီး ဒေါ်လာ ၆ သောင်းလောက် တန်တယ်ဆိုတာကို သိလိုက်ရပါတယ်။ အဲဒီ အခါမှာတော့ ရေသူမလေးကို ပြန်ရှာပြီး ကြင်နာ နွေးထွေးစွာ ဆက်ဆံပါတော့တယ်။
နောက်ပိုင်း အခန်းတွေမှာတော့ ဟာသအခန်းလေးတွေ၊ ကြည်နူးစရာ အချစ်ခန်းလေးတွေနဲ့ ပရိသတ် စိတ်ဝင်စားအောင် ဖန်းတီးထားပါတယ်။
ဒီလိုနဲ့ သူတို့တွေ ဘာတွေ ဆက်ဖြစ်မလဲ၊ ရေသူမလေးကရော သူ့ကို နှစ်ပေါင်းများစွာက ကယ်ခဲ့ဖူးတဲ့ ဒန်ယောင်းအဖြစ် မှတ်မိမလား၊ ဒန်ယောင်းကရော ကမ္ဘာပေါ်ကို ရောက်လာတဲ့ ရေသူမ နောက်ဆုံးမျိုးဆက်လေးနဲ့ ချစ်ကြိုက်ပြီး အတူတူ နေထိုင်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်။
လှပလွန်းတဲ့ ရိုက်ကွင်း နေရာတွေကိုတော့ Palau ကျွန်း၊ Goesan တို့နဲ့ စပိန်မှာ သွားရောက် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်ရဲ့ Online Channel တွေမှာလည်း ပြသလျက်ရှိပြီး အထူးအားပေးမှု ရရှိနေပါတယ်။