အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ မကြာသေးခင်က ဖျော်ဖြေပွဲတခုမှာ Frenzo တေးထုတ်လုပ်ရေးက တင်တဲ့ အဆိုတော်မလေးပါလို့ ပြောပြီး အဆိုတော် မိန်းကလေးငယ်တဦးကို ပွဲထုတ်မိတ်ဆက်သွားခဲ့တာတွေ့ရပါတယ်။ သူကတော့ အသက် ၁၈ နှစ်သာရှိသေးတဲ့ အဆိုတော်မလေး အမရာဘုဏ်း (Amera Hpone) ပဲ ဖြစ်ပါတယ်။ အသက် ၁၄ နှစ်အရွယ်လောက်ကတည်းက မြန်မာ၊ အင်္ဂလိပ် Cover သီချင်းတွေ ပြန်ဆိုကာ သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘုတ် စာမျက်နှာမှာတင်ပြီး လူအများရဲ့သတိထားခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။
အမရာဘုဏ်းဟာ MIC မှာ Business Management ကိုတက်ရောက်နေသူလည်းဖြစ်ပါတယ်။ မကြာသေးမီကမှ ထွက်ရှိထားတဲ့ အဆိုတော် ဘန်နီဖြိုးရဲ့ Lucky တေးစီးရီးထဲက “လေထဲကအိမ်” ဆိုတဲ့ တေးသီချင်းကို ဘန်နီဖြိုးနဲ့အတူ တွဲဖက်သီဆိုထားပြီး အဲ့ဒီ တေးသီချင်းဟာလည်း လက်တလောမှာ လူငယ်ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ကိုယ်တိုင် ရွေးချယ်ထားပြီး Frenzo တေးထုတ်လုပ်ရေးက ပထမဆုံး စင်တင်ပွဲထုတ်လိုက်တဲ့ အမျိုးသမီး အဆိုတော်တဦးဖြစ်သူ အမရာဘုဏ်းကို သူ့ရဲ့အနုပညာအကြောင်းနဲ့ Frenzo တေးထုတ်လုပ်ရေးက စင်တင်လိုက်တဲ့ ပထမဆုံး မိန်းကလေးအဆိုတော် ဖြစ်လာပုံ စတာတွေကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။အမရာဘုဏ်းရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုလေးကို သိပါရစေ။
ဖြေ။ ။အခု လတ်တလော နယ်ရှိုးပွဲတွေဆိုနေပါတယ်။
မေး။ ။Frenzo ရဲ့ အမျိုးသမီး အဆိုရှင်အနေနဲ့ ဖြစ်လာရတဲ့အကြောင်းလည်း သိပါရစေ။
ဖြေ။ ။ညီမ အဆိုသင်တန်းတွေ ဘာတွေတော့ တက်ဖူးတာမရှိပါဘူး။ အသက် ၁၄ နှစ်လောက်ကစပြီး Cover Song တွေကို ညီမ Facebook မှာတင်ခဲ့တယ်။ အဲ့ဒီကနေပြီး ကိုစိုင်းစိုင်းက သဘောကျလို့ သူတို့ဘက်က Frenzo မှာ အမျိုးသမီးအဆိုတော် လိုအပ်နေတယ် အဆင်ပြေမလားဆိုပြီး ဆက်သွယ်ခဲ့တာပါ။ ပြီးတော့ စစ်ဆေးမှုတွေ အဆင့်ဆင့်ခံယူပြီး နောက်ဆုံးမှာမှ Frenzo နဲ့ စာချုပ်ချုပ်ဖြစ်တာပါ။ ကိုစိုင်းနဲ့ကတော့ အရင်တုန်းကတည်းက ရင်းနှီးပါတယ်။
မေး။ ။Frenzo က ဘာလို့ အမရာဘုဏ်းကို စာချုပ်ချုပ်ခဲ့တယ် ထင်ပါသလဲ။
ဖြေ။ ။အဲ့တာတော့ ညီမ မပြောတတ်ပါဘူး။ ညီမထင်တာတော့ ညီမကငယ်သေးတယ်၊ ပြီးတော့ ကြိုးစားတယ် အဲ့ဒါကြောင့်လို့ ထင်ပါတယ်။
မေး။ ။ဘန်နီဖြိုးရဲ့အခွေထဲက “လေထဲကအိမ်” သီချင်းကို ပရိသတ်တွေကြိုက်ကြတဲ့အပေါ် ဘာပြောချင်ပါသလဲ။
ဖြေ။ ။အဲ့ဒီ သီချင်းလေးက ကိုဘန်နီဖြိုး ရေးထားတာ အရမ်းကောင်းပါတယ်။ အဲ့ဒီသီချင်းကို ဆိုခွင့်ရတာလည်း ညီမ ကံကောင်းတာပါ။ ကြိုက်ကြတယ်လို့ ပြန်ကြားရတဲ့အတွက် ညီမ ဝမ်းသာပါတယ်။
မေး။ ။စိုင်းစိုင်းနဲ့ တွဲဆိုမယ့် သီချင်းတွေရော ထွက်လာဖို့ရှိဦးမလား။ နောက်ပြီး တကိုယ်တော်အခွေ ထွက်ဖို့ကရော ဘယ်တော့လောက်ဖြစ်မလဲ။
ဖြေ။ ။ဟုတ်ကဲ့။ ကိုစိုင်းနဲ့ တွဲဆိုမယ့် သီချင်းတွေကိုလည်း ပရိသတ်တွေ မြင်ရမှာပါ။ ညီမ တကိုယ်တော် အခွေ ကတော့ နောက်နှစ် ၂ လပိုင်းလောက်မှာ ထွက်နိုင်ဖို့ စီစဉ်နေပါတယ်။
မေး။ ။သီချင်းဆိုတာအပြင်၊ မော်ဒယ်တို့ သရုပ်ဆောင်ဘက်ပိုင်းကိုရော ကူးဖို့ရှိဦးမလား။
ဖြေ။ ။အရင် Frenzo နဲ့ တွဲမလုပ်ခင်ကတော့ မော်ဒယ်ရှိုးပွဲတွေ လျှောက်ဖူးပါတယ်။ သရုပ်ဆောင်ပိုင်းတော့ လောလောဆယ် လုပ်ဖို့မရှိသေးပါဘူးရှင့်။