မော်ဒယ်သစ် မိတ်ဆက်တဲ့ အထဲမှာ အခု Highlander ကို စိတ်ဝင်စားသူ၊ လေ့လာသူက လက်ရှိ လူကြိုက်များ မော်ဒယ်က RAV-4 ထက်တောင်မှ သာနေပါသေးတယ်။ အခုမော်ဒယ်ကို လူစိတ်ဝင်စားမှု များလာစေတဲ့ အချက်ကလည်း ရုပ်ထွက်ပိုင်းမှာ အသစ် ပြင်ဆင်လာတာကြောင့် လို့လည်း ဆိုနိုင်ပါတယ်။
သိသာပေါ်လွင်တဲ့ ရုပ်ထွက်မျိုး ဖြစ်အောင် ဖန်တီးလာနိုင်တာ တွေ့ရပြီး ဈေးလည်း သိပ်မတက်သွားပါဘူး။ နောက်တချက်ကတော့ ဥရောပမှာ လူကြိုက်များနေပြီး နောက်ပိုင်း အမေရိကနဲ့ အာရှမှပါ စိတ်ဝင်စားလာတဲ့ ဂီယာချက် ၈ ချက်ကို Auto စနစ်နဲ့ မောင်းနှင်လာနိုင်တာပဲ ဖြစ်ပါတယ်။ Toyota ထုတ် မော်ဒယ်တွေထဲမှာတော့ အခုလို ဂီယာချက် များများနဲ့ သွားမယ့် မော်ဒယ်က လက်ချိုးရေလို့ ရနိုင်ပါတယ်။
နောက်ပြီးတော့ အင်ဂျင်စနစ်ကိုလည်း အဆင့်မြှင့်လာတာတွေ့ရပါတယ်။ V6 အင်ဂျင်ဟာ အရင်နှစ်ကထက် ပိုပြီး စွမ်းအင် ထုတ်လုပ်မှု ပိုကောင်းလာတာ တွေ့နိုင်ပါတယ်။ ပြီးတော့ မော်ဒယ်ခွဲတခု ထပ်မံ တိုးမြှင့်ထုတ်လုပ်လာပြီး ဈေးနှုန်း အမျိုးမျိုး၊ ရွေးချယ်နိုင်စရာ အပြင်အဆင် အမျိုးမျိုးနဲ့ ဈေးကွက်မှာ ဝယ်လက် စိတ်ကြိုက်ဖြစ်အောင် ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ မော်ဒယ်သစ်ကို အားဖြည့်လာမှုကတော့ လုံခြုံစိတ်ချရမှု အပိုင်းပါ။ နည်းပညာပိုင်း အဆင့်မြှင့်လိုက်တာ တွေ့ရသလို ယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ လုံခြုံစိတ်ချရမှုကို စစ်ဆေးချက်မှာ ထိပ်တန်းရလဒ်ကို ပိုင်ဆိုင်လာပါတယ်။
မော်ဒယ်ရဲ့ အားသာချက်တချို့ကို ကောက်နုတ်ပြရမယ်ဆိုရင် အတွင်းခန်း အပြင်အဆင်က ဇိမ်ခံ စစ်စစ် အနေအထား ဖြစ်လာတယ်။ တပ်ဆင် နည်းပညာတွေ မြင့်လာတယ်၊ မောင်းနှင်ရမှု အပိုင်းမှာ အမြန်နှုန်း မြှင့်တင်မောင်းနှင်ရမှု စိတ်ကြိုက် ဖြစ်လာစေတယ်၊ သွက်လာတယ်၊ အရုန်းပိုကောင်းလာတယ်။ V6 အင်ဂျင်စနစ်က ဆီစားနှုန်းရော စွမ်းဆောင်ရည် အရပါ ရွေးချယ်ဖို့ အကောင်းဆုံး အနေအထား ဖြစ်လာတယ်။
တတိယထိ်ုင်ခုံတန်း ထည့်သွင်း တည်ဆောက်ထားပြီး ခရီးသည် ၈ ယောက်အထိ်အောင် လိုက်ပါ စီးနင်းလာစေနိုင်မှာ ဖြစ်ပါတယ်။ တဖက်က အားနည်းချက်ကို ကြည့်မယ်ဆိုရင် လေးလုံးထိုး အင်ဂျင်စနစ်နဲ့လည်း ရနိုင်တာ မှန်ပေမယ့် ကားကို ပိုပြီး လေးစေသလိုပါ။ မောင်းနှင်ရချိန်မှာလည်း စိတ်ကြိုက် မဖြစ်စေချင်သလို အရုန်းလည်း အားနည်းပါတယ်။ တတိယထိ်ုင်ခုံတန်းက ခေါက်သိမ်းသည့်တိုင်အောင် နောက်ဖက် ဝန်တင်ခန်းကို ကျယ်ဝန်းအောင် မပြင်နိုင်လို့ ထိုင်ခုံနေရာယူမှု များတယ်လို့ မြင်မိပါတယ်။
အင်ဂျင်စနစ်မှာ ၂.၇ လီတာသုံး အကြီးစား ပုံမှန် လေးလုံးထိုး အင်ဂျင်နဲ့လည်း ရနိုင်ပေမယ့် စိတ်ကြိုက် မဖြစ်လို့ မပြောတောပါဘူး။ အဆင့်မြှင့်လာတဲ့ ၃.၅ လီတာသုံး V6 အင်ဂျင်ကတော့ ရုန်းအား ၂၄၈ ပေါင်-ပေ ရှိပြီးတော့ စွမ်းအင် ထွက်ရှိမှု မြင်းကောင်ရေ ၂၇၀ အား ရှိပါတယ်။
ဆီစားနှုန်း နည်းနည်းနဲ့ လိုချင်ရင်တော့ ရှေ့ဘီးယက်စနစ်နဲ့ မော်ဒယ်ကို ရွေးချယ်နိုင်သလို စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ လိုချင်ရင်တော့ လေးဘီးယက်စနစ်နဲ့ ရနိုင်မှာ ဖြစ်ပါတယ်။ ဆီစားနှုန်းကတော့ ဆီတဂါလံကို ပျမ်းမျှ ၂၂ မိုင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။