Lifestyle

ကြောက်ရွံ့မှု၏ ကိုယ်ပိုင်လက္ခဏာ အနုပညာ ပြပွဲ

ကြောက်ရွံ့မှု၏ ကိုယ်ပိုင်အမှတ်လက္ခဏာ (Identity of Fear) လို့ အမည်ပေးထားတဲ့ Artist မေကိုနိုင်ရဲ့ အနုပညာ ပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ New Zero Art Space မှာ နိုဝင်ဘာ ၂၇ ကနေ ဒီဇင်ဘာ ၁၁ ရက်နေ့ အထိ သီတင်း ၂ ပတ်ကြာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ယင်း ပြပွဲမှာ Artist မေကိုနိုင်ရဲ့ ဓာတ်ပုံလက်ရာ လက်ရာပေါင်း ၂၀ ကျော် ပြသသွားမှာ ဖြစ်ပြီး အားလုံးဟာ Conceptual Photography Work တွေဖြစ်တဲ့ အပြင် စီးရီး ၃ ခုနဲ့ တင်ပြထားတာပါ။ ပထမစီးရီးက Freedom from Fear လို့ အမည် ပေးထားပြီး၊ အာဏာရှင်အုပ်ချုပ်ရေး အဆက်ဆက်အောက်ကနေ အရပ်သား အစိုးရအုပ်ချုပ်ရေးကို ပြောင်းလဲလာ ပေမယ့် စိုးရွံ့ထိတ်လန့်မှုက လွတ်မြောက်ဖို့ ဆိုတာ လူအတော်များများ အတွက် အိမ်မက်တခုလို မရေမရာ ဖြစ်နေဆဲ ဖြစ်နေတဲ့ အကြောင်း ထင်ဟပ်တင်ပြထားတာ တွေ့ရပါတယ်။

ရေမျက်နှာပြင်အောက်က မျက်လုံးတွေ အရေပြားတွေ ကနေတဆင့်၊ ပြီးတော့ရေထဲမှာ နစ်မွန်းဝင်ရောက် တွေ့ထိ ခံစားသူတွေရဲ့ အသိစိတ်တွေက တဆင့် ပုံရိပ်တွေ ထင်ဟပ်နေပါတယ်။

“လူ့အခွင့်အရေးအပေါ် လေးစားမှု၊ အကြောက်တရား၊ ညီမျှမှု၊ လူသား အခွင့်အရေးမျှတမှုနဲ့ သမိုင်းကြောင်းအမှန်တွေကို ဖုံးကွယ်ချန်ထားတာတွေကို ဖော်ပြနေတဲ့ အမူအရာတွေ ပါဝင်တယ်” လို့ Artist’s Statement မှာ ဖော်ပြထားပါတယ်။

ဒုတိယ စီးရီး တခုဖြစ်တဲ့ Identity နဲ့ ပတ်သက်ပြီး ခေတ်ပြိုင်မျိုးဆက်သစ် လူငယ်တွေဟာ ပညာရေးအတွက် ဆယ်စုနှစ် တခုကျော် အချိန်ပေး သင်ယူခဲ့ပေမယ့် အများစုဟာ အလုပ်လက်မဲ့ ဘဝနဲ့ပဲ ကုန်ဆုံးကြရကြောင်း၊ ကိုယ့်ပိုင်ဖြစ်တည်မှုနဲ့ ကိုယ်ပိုင်ရပ်တည်မှု ပျောက်ဆုံးနေကြကြောင်း၊ ဝင်ငွေရဖို့ အဓိက ဖြစ်လာတဲ့ အတွက် ကိုယ့်အိပ်မက်နဲ့ မဆိုင်တဲ့ အလုပ်တွေ၊ ပညာရပ်တွေ ရဖို့ ကြိုးစားလာရာကနေ မိမိတို့ ကိုယ်ပိုင်အမှတ်လက္ခဏာ ပျောက်ဆုံးသွားရကြောင်း စတဲ့ အကြောင်းတွေကို ထင်ဟပ်တင်ပြတာလို့ ဆိုပါတယ်။

တတိယ စီးရီးက Nudity လို့ခေါ်တဲ့ Nude Photography ဓာတ်ပုံတွေပါ။ မျက်စေ့ ရှက်စရာ ဆိုပြီး ကန့်သတ်ချက်ပေါင်း များစွာ အောက်မှာ နေသားကျနေတာကို ခွဲထွက်ဖို့ ကြိုစားတာပါလို့ Statement မှာ ဖော်ပြထားတဲ့ အပြင် “ဝတ်လစ်စလစ် ဓာတ်ပုံတွေဟာ ညစ်ပတ်တယ်ဆိုတဲ့ အတွေးများကို အန်တုချင်စိတ်က ကျမ စီးရီးဖန်တီးဖြစ်စေဖို့ အတွက် တွန်းအားတခု ဖြစ်ခဲ့ပါတယ်။ အရိုးရှင်းဆုံး ပြောချင်တာကတော့ လှသည်ဖြစ်စေ၊ မလှသည် ဖြစ်စေ ဒါဟာညစ်ညစ်ပတ်ပတ် မဟုတ်ဘူး ဆိုတာပါပဲ” လို့ ပြောပါတယ်။

၁၉၈၄ ခုနှစ်ဖွား၊ Artist မေကိုနိုင်ဟာ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကနေ Static & Population Studies အထူးပြု ဘာသာရပ်နဲ့ ၂၀ဝ၅ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပြီး၊ ဓာတ်ပုံဆိုင်ရာနဲ့ အနုပညာရေး လေ့လာသင်ယူမှုများ ရှိခဲ့တဲ့ အပြင် ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဆု ၃ ကြိမ် ရရှိခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့ ဓာတ်ပုံပြပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီကနေ ၇ နာရီ အတွင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Loading