Samsung မှ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်း မော်ဒယ်သစ် Galaxy J2 Prime စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း Samsung Myanmar မှ နိုဝင်ဘာလ ၂၂ ရက် နေ့က သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။
မျက်နှာပြင်အရွယ်အစား ၅ လက်မရှိတဲ့ Galaxy J2 Prime မှာ qHD TFT မျက်နှာပြင်နဲ့အတူ f/2.2 aperture နဲ့ 720p video recording ပါဝင်တဲ့ 8 Megapixel အရည်အသွေးရှိ အနောက်ကင်မရာ၊ f/2.2 aperture ထည့်သွင်းထားတဲ့ 5 Megapixel အရည်အသွေးရှိ အရှေ့ဘက် Selfie ကင်မရာတို့ ပါဝင်ပါတယ်။
ဒါ့အပြင် အရှေ့ကင်မရာမှာလည်း LED flash ထည့်သွင်းပေးထားတာကြောင့် သုံးစွဲတွေအနေနဲ့ ကြည်လင်ပြတ်သားတဲ့ Selfie ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ J2 Prime စမတ်ဖုန်းကို 1.4GHz quad-core processor နဲ့ 1.5GB RAM တို့နဲ့ ပြုလုပ်ဖန်တီးထားပြီး အဆိုပါဖုန်းမှာ မူလဖုန်းတွင်း မှတ်ဉာဏ် 8 GB ပမာဏ ပါဝင်ပြီး ထပ်မံတိုးမြှင့် အသုံးပြုနိုင်တဲ့ microSD card slot ထည့်သွင်း ပေးထားတယ်လို့ သိရပါတယ်။
ဘက်ထရီအားပမာဏ 2,600 mAh ပါဝင်ပြီး J2 Prime မှာ လက်ဗွေရာစနစ်၊ ဆင်းမ်ကတ် ၂ ကတ် ထည့်သွင်း အသုံးပြုနိုင်တဲ့ slot နဲ့ LTE ကွန်ယက်ချိတ်ဆက်မှု တို့ ပါဝင်ပါတယ်။ J2 Prime ဖုန်းကို နဂိုမူလ ဒီဇိုင်းထက် ထပ်မံတိုးမြှင့် ဖန်တီးထားပြီး ပေါ့ပါးသော ကိုယ်ထည်နဲ့ ဖန်တီးထားတာကြောင့် လက်တဖက်တည်းနဲ့ ကိုင်တွယ်နိုင်မှာဖြစ်ပြီး ဖုန်းအနောက်ဘက် မျက်နှာပြင်ကို အလွယ်တကူ လွတ်မကျစေတဲ့ ဒီဇိုင်းနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
“Galaxy J2 Prime နဲ့အတူ သုံးစွဲသူတွေအနေနဲ့ Quick Launch Mode လို့ခေါ်တဲ့ တစက္ကန့်အတွင်း Home button ကို ၂ ချက်ဆက်တိုက်နှိပ်ရုံနဲ့ ကင်မရာကို ဖွင့်နိုင်ပြီး ကြည်လင် တောက်ပတဲ့ Selfie ပုံတွေ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်” လို့ Samsung Myanmar ရဲ့ Head of IT and Mobile ကိုဇာနည်ဝင်းထက်က ပြောပါတယ်။
J2 Prime ကို Android Version 6.0 Marshmallow ထည့်သွင်းထားပြီး သုံးစွဲသူများအနေနဲ့ Application Permissions များ ပြုလုပ်ခြင်း၊ Setting များ ပြောင်းလဲခြင်းနဲ့ ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ခြင်း စတာတွေ ပြုလုပ်နိုင်ရန် OS ဒီဇိုင်းကို သုံးစွဲသူများ လွယ်ကူစွာ အသုံးပြုနိုင်အောင် ပြန်လည်ဆန်းသစ် ဖန်တီးထားတယ်လို့ သိရပါတယ်။
Galaxy J2 Prime ကို ဈေးနှုန်းအနေနဲ့ မြန်မာငွေ ကျပ် ၁ သိန်း ၅ သောင်း ၉ ထောင်နဲ့ Samsung Brand ဆိုင်များမှာ ဝယ်ယူရရှိနိုင်မှာဖြစ် ပြီး အရောင်အားဖြင့် အနက်ရောင်၊ ရွှေရောင်၊ ငွေရောင်နဲ့ ပန်းရောင် အစရှိတဲ့ အရောင်များ ရွေးချယ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။