Eternal Art Gallery လို့ အမည်ပေးထားတဲ့ အနုပညာ ပြခန်းသစ်တခုကို နိုဝင်ဘာ ၂၈ ရက်နေ့က စပြီး ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ် မြို့တော်၊ အခန်းအမှတ် ၃၀၁၊ တိုက် ၁၊ ၁၅ လမ်းနဲ့ ပုဏ္ဏမီလမ်းထောင့်မှာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယင်း ပြခန်းကို ပန်းချီဆရာ အောင်စည်နေမျိုးနဲ့ ကာတွန်းဆရာ ညီပုချေတို့က ဦးဆောင်ပြီး ယုဇနရှိ စိတ်တူကိုယ်တူ ပန်းချီ၊ ကာတွန်း၊ ကဗျာဆရာ စတဲ့ အနုပညာသမားများ စုပေါင်းအားဖြင့် ကြိုးပမ်းဖွင့်လှစ်တာ ဖြစ်ကြောင်း၊ ပြပွဲ ပြုလုပ်ရာမှာလည်း ပြပွဲတခုကို ၁ လကြာ အချိန်ပေး ပြသခွင့် ပေးသွားမှာ ဖြစ်ကြောင်းနဲ့ ပန်းချီအပြင် ကာတွန်း ပြပွဲ၊ ကဗျာရွတ်ဖတ်ပွဲ၊ စာအုပ်ပြပွဲတွေလည်း ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ အီတာနယ် အနုပညာ ပြနခန်းမှာ ပြသဖို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ကနေ ၂၀၁၇ နှစ်ကုန်အထိ ပြသရက် ပြည့်သွားပြီ ဖြစ်ကြောင်း၊ ပန်းချီ အောင်စည်နေမျိုး၊ ပန်းချီ နန္ဒာလှိုင်၊ တင်မြင့်ဦး၊ မိုးထက်မိုး၊ အောင်နေမျိုးခန့်၊ ကဗျာဆရာ ကောက်နွယ်ကနောင်၊ မင်းသူရိန်၊ မြင့်စံမြင့်၊ နိုင်မင်း၊ ထားဝယ်လေး၊ သစ်နေဆန်း၊ နီလာထွန်း စတဲ့ အနုပညာရှင်များရဲ့ အနုပညာ ပြပွဲများဖြင့် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း ပြပွဲ ပြုလုပ်သွားမယ့် အစီအစဉ်မှာ ဖော်ပြထားပါတယ်။
“လတ်တလောမှာတော့ ပြခန်းခ မယူသေးဘူး၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အထိပေါ့။ ကျနော်တို့က ပြခန်းတခန်း ဘယ်လို လည်ပတ် ရပ်တည်တယ် ဆိုတာ ကောင်းကောင်း မသိသေးတော့ ပြပွဲတွေလုပ်ရင်းနဲ့ သင်ယူရမယ့် သဘောပါပဲ။ တွေ့လာတဲ့ အချက်တွေကို ပြင်ဆင်ရင်း ဖြည့်စွက်ရင်းနဲ့ပေါ့။ ငွေကြေးအတွက် အဓိကထား လုပ်ကိုင်တာ မဟုတ်ဘဲ ကျနော်တို့ရဲ့ ပန်းချီဆရာတွေ တကိုယ်တော် ပြပွဲ လုပ်ဖြစ်ဖို့ အားပေးအကူအညီ ဖြစ်စေဖို့ ရည်ရွယ်ပါတယ်” လို့ ပြခန်းကို ဦးဆောင်သူ ပန်းချီအောင်စည်နေမျိုးက ပြောပါတယ်။
ယုဇနဥယျာဉ်မြို့တော်မှာ ပန်းချီဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာ အပါအဝင် အနုပညာ အလုပ် လုပ်ကိုင် နေသူ အများအပြား နေထိုင်လျက် ရှိတာကြောင့် ရန်ကုန်ရဲ့ Greenwich Village အနုပညာရွာလို့ တင်စား ခေါ်ဝေါ်ကြ ပါတယ်။