Lifestyle

ဒိုင်ယာရီထဲက တဆင့် ဒဏ္ဍာရီထဲ ဝင်ရောက်လည်ပတ်ခြင်း

Want create site? Find Free WordPress Themes and plugins.

မြန်မာစာပေလောကမှာ ရှေးခေတ် အဆက်ဆက်ကတည်းက ရဟန်းတော်များ နေရာယူ လွှမ်းမိုးခဲ့ကြပါတယ်။ ရဟန်းစာဆို အများအပြား ကဏ္ဍစုံ၊ ရှုထောင့်စုံကနေ ပါဝင်ရေးသားခဲ့ကြပါတယ်။

ခုခေတ်မှာ ဆိုရင် ညီမွန်၊ လင်းလွင်၊ မင်းဆက်၊ စိုးခိုင်ညိန်း၊ ဆောင်းခူးလက် တို့ဟာ ရဟန်းစာဆို၊ ရဟန်း ကဗျာဆရာများ ဖြစ်ကြပါတယ်။

ယခုစာအုပ်ကတော့ ကဗျာနဲ့ ဆောင်းပါးများ ရေးသားနေတဲ့ စိုးခိုင်းညိန်းရဲ့ တကိုယ်တော် ဒုတိယမြောက် ဝတ္ထု၊ အက်ဆေး၊ ကဗျာတချို့ ပါဝင်တဲ့စာအုပ် ဖြစ်ပါတယ်။

စာအုပ်မှာ ဒိုင်ယာရီထဲက ဒဏ္ဍာရီ အဖြစ်အပျက်များဆိုပြီး အဖြစ်အပျက်များ ၁၉ ပုဒ်၊ ဒိုင်ယာရီထဲက ဝတ္ထုများဆိုပြီး မှန်၊ ဖြူ လွှလွှနှင်း၊ ဆူး၊ အလွမ်းကဗျာ၊ အသည်းကွဲသူ တစ်ယောက်၊ အလွမ်းအဆွေးဟာ ဘဝမခြား ဆိုပြီး ဝတ္ထု ၆ ပုဒ်၊ ဒိုင်ယာရီထဲက အက်ဆေး ဆန်ဆန်များဆိုပြီး လူငယ်လေး တစ်ယောက်၏ စာစီစာကုံး၊ မြို့ပြဝတ္ထု၊ ဓူဝံကြယ်နှင့် အမှတ်အသားပြုထားတယ်၊ ပြယ်လွင့်သွားသော ရနံ့များ၊ ပြတင်းပေါက် အစရှိတဲ့ အက်ဆေး ၆ ပုဒ် ပါဝင်ပါတယ်။

ဒိုင်ယာရီထဲက အိမ်တွင်းရေးဆိုတဲ့ ကဏ္ဍမှာတော့ အမေ၊ အဖေ၊ မိသားမစု ဆိုပြီးပါဝင်ပြီး ဒိုင်ယာရီထဲက ကဗျာများ အပိုင်းမှာတော့ ဝရန်တာ၊ ပြတင်းပေါက်၊ တံတား၊ မြစ်၊ မှုခင်းဖြစ်စဉ် ကဗျာ ၅ ပုဒ်လည်း ပါဝင်ပါတယ်။

ဒိုင်ယာရီထဲက ဒဏ္ဍာရီ အဖြစ်အပျက်များ ၁၉ ပုဒ်လုံးမှာတော့ သက်ငြိမ် အဖွဲ့အနွဲ့များ ဖြစ်ပါတယ်။ တစုံတယောက်နဲ့ ပတ်သက် ဆက်နွယ်ခဲ့သမျှကို ပြန်လည် သုံးသပ်ဆင်ခြင်မိတဲ့ ခံစားမှုများလို့လည်း ဆိုနိုင်ပါတယ်။ ကဗျာဆရာ တယောက်လည်း ဖြစ်တော့ ကဗျာဆန်တဲ့ အရေးအသားများကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

ဝတ္ထုဆန်ဆန်များထဲက မှန်နဲ့ ဖြူလွှလွှနှင်းမှာတော့ ရိုမန်တစ် အဖွဲ့အနွဲ့ တခုဆိုပေမယ်လည်း စိတ်ခံစားမှုတခုကို အနိမ့်အမြင့် ဖြစ်သွားစေပါတယ်။ ဆူးဆိုတဲ့ဝတ္ထုမှာ ပျော်ရွှင်ကြည်နူးကွက်တွေ အများကြီး ရပြီးကာမှ ဆူးဆိုတဲ့အတိုင်း စူးသွားခဲ့တဲ့ ကောင်မလေး တယောက်ကို ဒဏ်ရာအနာတရ ဖြစ်ကျန်ခဲ့သူ တဦးဘက်က ရေးသားထားပါတယ်။

အလွမ်းကဗျာမှာလည်း ခေါင်းစဉ်အတိုင်း ဖတ်ပြီး အလွမ်းဓာတ်ခံတခု ရရှိသွားပြီး အသည်းကွဲ သူတစ်ယောက်မှာတော့ အရက်သမားကြီးရဲ့ ပုံပြင်တခုကို စဉ်းစားစရာအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

အလွမ်းဆွေးဟာ ဘဝမခြားထဲမှာ “အချစ်အကြောင်း ကျွန်တော် ဘာမှ မသိခင်မှာပင် ကျွန်တော့်မှာ အချစ်၏ ခြစ်ရာပွန်းရာတို့ဖြင့် သွေးအလိမ်းလိမ်း ဖြစ်နေပေပြီ။ မိုးရွာပြီးစ နေ့လယ်ခင်းသည် နေရောင်ခြည်ဖြင့် လက်လက် ထနေသည်။ သူမ၏ ရုပ်သွင်သည် နေရောင်ခြည်ထဲတွင် ပျော်ဝင်နေသည်။ သူမ၏ ကိုယ်သင်းနံ့သည် လေဆန်ကို တက်လျက် ဇီဇဝါပွင့်လေး၏ အလွှာအထပ်ထပ်၌ ခိုနားနေ၏” ဆိုတဲ့ အရေးအသားမျိုးနဲ့ ဖွဲ့နွဲ့ပါတယ်။

အက်ဆေး ၅ ပုဒ်ထဲက လူငယ်လေးတစ်ယောက်၏ စာစီစာကုံးမှာတော့ ရိုးရှင်းတဲ့ ဇာတ်လမ်းတပုဒ်ကို ရိုးရှင်းတဲ့ အဖွဲ့များဖြင့် ရေးသားထားပါတယ်။ မြို့ပြဝတ္ထုနဲ့ ဓူဝံကြယ်နဲ့ အမှတ်အသားပြုထားတယ် ဆိုတဲ့ အက်ဆေးများမှာတော့ “လူတွေဟာ စက်ရုံကထုတ်လွှတ်တဲ့ မီးခိုးတွေလို လက်ဆုက်လက်ကိုင် မရနိုင်သော စိတ်ကူးစိတ်သန်းတွေနဲ့ မြို့ပြရဲ့ ခွေးသွားစိတ်တွေ ကြားမှာ ချိတ်ပါလည်ပတ်နေတယ်” လို့ ဆိုပါတယ်။

“ကုန်းဆင်းကုန်းတက်တွေကို ခါးချည့်အောင် ကုန်းကုန်းနင်းပြီး နင်းတက်ရတဲ့ ဆိုက်ကားသမားလည်း ဘဝတစ်ခုလုံးတင် နင်းပြီး အိမ်ပြန်လာရတယ်”

“စက်ရုံမှာ ညဆိုင်း ဆင်းရတာပါလို့ ပြောပြောသွားတဲ့ တံတားအောက် အမှောင် ရိပ်လမ်းဘေးတွေမှာ လျှောက်သွား တည်းခိုခန်းနဲ့ နိုက်ကလပ်တွေမှာ ပျော်ပါးတဲ့ ညဉ့်ငှက်မလေးကို ယိုင်နဲ့နဲ့ အိမ်ကလေးက စောင့်မျှော်နေပါတယ်”

ပြယ်လွင့်သွားသော ရနံ့များနဲ့ ပြတင်းပေါက်ကတော့ စာရေးသူ စိုးခိုင်ညိန်း ပေးချင်နေတဲ့ အလွမ်းအဆွေးများဖို့ ဖြစ်ပါတယ်။ စိုးခိုင်ညိန်းရဲ့ ပြတင်းပေါက်ဟာ ဖတ်သူရဲ့ ပြတင်းပေါက်ဖြစ်ခဲ့ရင်တော့ စာအုပ်အောင်မြင်တယ် ဆိုရမှာ ဖြစ်ပါတယ်။

ဒိုင်ယာရီထဲက အိမ်တွင်းရေးမှာ အမေ၊ အဖေ၊ မိသားမစုဆိုပြီး အရေးအသား တိုနံ့နံ့များ ဖြစ်ပေမယ့်လည်း စာရေးသူ ကိုယ်တွေ့ဖြစ်ရပ်များလို့ ယူဆမိပါတယ်။ “သူများတွေအိမ်ကို ရောက်တဲ့အခါမှာ ဧည့်ခန်းမှာ မိသားစု ဓာတ်ပုံတွေ ချိတ်ထားတာတွေ့တော့ ကျွန်တော်လည်း မြင်ဖူးချင်တာပေါ့။ ပြန်စဉ်းစားကြည့်တော့ မိသားစု စုံစုံညီညီနဲ့ ဓာတ်ပုံလေး တစ်ပုံမှ မရိုက်ဖူးတဲ့ အဖြစ်ပါလား” ဆိုတဲ့ အဖွဲ့အနွဲ့များကြောင့် အိမ်တွင်းရေးဟာ ပင်သက်ရှိုက် ဆို့နင့်စေပါတယ်။

အချုပ်ဆိုရရင် ယခုစာအုပ်ဟာ အမျိုးအစားတခုတည်း မဟုတ်ဘဲ အက်ဆေး၊ ဝတ္ထု၊ ကဗျာတွေကို တစုတဝေးတည်း ဖတ်ရှု နိုင်မှာ ဖြစ်ပါတယ်။ ရသစာပေနဲ့ ပတ်သက်ပြီး လေ့လာလိုသူများလည်း နှစ်သက်နိုင်ဖွယ် ရှိပါတယ်။

စာရေးဆရာ – စိုးခိုင်ညိန်း
စာအုပ်အမည် – ဒိုင်ယာရီထဲက ဒဏ္ဍာရီ အဖြစ်အပျက်များ
အမျိုးအစား – စာပေါင်းစု
ထုတ်ဝေသည့် ကာလ – ၂၀၁၆၊ အောက်တိုဘာ
ထုတ်ဝေသည့်တိုက် – ချန့်ချန်စာပေ
တန်ဖိုး – ၂၀ဝ၀ ကျပ်

Did you find apk for android? You can find new Free Android Games and apps.
Loading