ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ ဆယ်ကျော်သက် မိန်းကလေးငယ်အများစု လတ်တလောမှာ စိတ်ဝင်စား သဘောကျနေတဲ့ ဖန်စီအသုံးအဆောင် ပစ္စည်းတခုကို တွေ့လာရပါတယ်။ အဲ့ဒါကတော့ ကြိုးခပ်သေးသေးလေးတွေနဲ့ အလှလည်ကပ် ဆွဲကြိုးတွေလို့ ပြောလို့ရပါတယ်။
ဒီ အလှလည်ကပ်ဆွဲကြိုးဟာ ဝတ်ဆင်ထားရင် လည်ပင်းမှာ ချပ်ချပ်ရပ်ရပ်နဲ့ ကပ်နေတာမို့ Choker လို့လည်း ခေါ်ကြပါတယ်။
ဒီလို Choker ဒီဇိုင်းမျိုးတွေဟာ ဟိုးအရင် ၁၀ နှစ်တာ ကာလလောက်ကတည်းက ခေတ်စားဖူးခဲ့ပေးမယ့် ဒီဘက်ခေတ်မှာ တော့ အနည်းငယ် ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ ပြန်လည်ထွက်ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ခေတ်နောက်လည်း မကျ ခေတ်ရှေ့လည်း မပြေးတဲ့ ဖက်ရှင်တခုလို့လည်း ပြောလို့ရပါတယ်။
အခု ပြန်လည်ဆန်းသစ်လာတဲ့ လည်ကပ်ဆွဲကြိုးများကို ဒီဇိုင်းမျိုးစုံနဲ့တွေ့ရပြီး အရမ်းကြီး မဝင့်ကြွားပေမယ့် ရွယ်တူ လူငယ်တွေကြားမှာဆိုရင်တော့ ခပ်မိုက်မိုက်ဒီဇိုင်းမျိုး ဖြစ်နေမှာပါ။
ခေတ်ဆန်တဲ့ အဝတ်အစားဒီဇိုင်းနဲ့မှမဟုတ်ဘဲ ဘုရားသွား၊ ကျောင်းတက်တဲ့ အချိန်တွေမှာ မြန်မာဝတ်စုံမျိုးတွေနဲ့ တွဲဝတ်ရင်လည်း ရိုးရိုးရှင်းရှင်းနဲ့ လှပနေနိုင်ပါတယ်။ လူငယ် ဆယ်ကျော်သက်တွေအကြားမှာတော့ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ဆင်တူတွေ ဝတ်ဆင်တတ်ကြသလို ၂ ယောက်တွဲ ဆင်တူ ဝတ်ဆင်လာကြတာလည်း တွေ့ရပါတယ်။
“တကယ်တော့ Handmade ပါပဲ။ Choker တွေက ဒီဇိုင်းတော့ တော်တော်များတယ်။ ဈေးနှုန်းတွေလည်း အစားစားပေါ့။ ဒီဇိုင်းကို လိုက်ပြီး ၅၅၀၀ ကနေ ၉၀၀၀ အထိ ရှိပါတယ်။ အသက် ၁၆ နှစ်ကနေ ၂၀ ပတ်ဝန်းကျင် မိန်းကလေးတွေ အများဆုံး စိတ်ဝင်စားကြတယ်။” လို့ J’ S Store မှ မဆိုဖီယာက ဧရာဝတီကို ပြောပါတယ်။
ဒီလည်ကပ်ဆွဲကြိုးများကို ဖက်ရှင်ဆိုင် တော်တော်များများနဲ့ Handmade ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။ သူငယ်ချင်းတွေကို လက်ဆောင်ပေးရင်လည်း အဆင်ပြေပြီး ကိုယ်တိုင်ဆွဲထားရင်လည်း လူငယ်ဆန်တဲ့ ဒီဇိုင်းနဲ့ ပေါ်လွင်နေမှာပါ။