Lifestyle

ဇိမ်ခံ မော်ဒယ်အဖြစ် သုံးနိုင်မယ့် Toyota Axio

Toyota Axio မော်ဒယ်က ဇိမ်ခံမော်ဒယ်အဖြစ်နဲ့ပါ သုံးနိုင်အောင် အပြင်အဆင်၊ ဒီဇိုင်း၊ အရည်အသွေး၊ အင်ဂျင်စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းပါ သင့်တင်အောင် ဖန်တီးထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ရှေ့ပိုင်းမှာ မော်ဒယ်နိမ့် Axio တွေ ဈေးကွက် အဝင်များပေမယ့် ၂၀၁၆ ခုနှစ် အကုန်ပိုင်း အရောက်မှာတော့ မော်ဒယ်နှစ် မြှင့်ပြီး တင်သွင်းလာရဖို့ ရှိနေသလို မော်ဒယ်နိမ့်တွေ ဈေးသိသိသာသာ ကျသွားနိုင်တာကြောင့် မော်ဒယ်မြင့် Axio တွေပဲ အတွေ့ရများလာပြီ ဖြစ်ပါတယ်။

ခရီးသည် ၅ ယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်မှာ ဖြစ်ပြီး တန်ကြေးမြင့် Toyota ရဲ့ ဇိမ်ခံ မော်ဒယ် Crown တွေနဲ့စာရင် ဈေးချိုပြီး အရည်အသွေး သင့်ပါတယ်။ ဇိမ်ခံ မော်ဒယ်စစ်စစ်တွေကို လက်လှမ်း မမီသူတွေ၊ မသုံးချင်သူတွေ အတွက် စိတ်ဝင်စားစရာ မော်ဒယ်ပါ။

Sport ဆန်တဲ့ ကိုယ်ထည်မျိုးကို နောက်ပိုင်းထုတ် ဆီဒင်တွေမှာ ထုတ်လုပ်မှု များလာပေမယ့် အခု Axio ကတော့ Sport ကိုယ်ထည်မျိုး မဟုတ်ပဲ ဇိမ်ခံ ရုပ်ထွက်နဲ့ ကိုယ်ထည်မျိုး ချိုးဆစ်ထားပါတယ်။ ဒီတော့ လူငယ်ကြိုက်ဖို့ နည်းနည်း ခက်ပေမယ့် ဇိမ်ခံအဖြစ်တော့ အဆင်ပြေစေမှာပါ။

နောက်ပြီး တပ်ဆင် အင်ဂျင်ကလည်း ပျမ်းမျှ တန်ကြေးနည်း ဆီဒင် တစီးအတွက် ၁.၅ လီတာသုံးနဲ့ အထက် တပ်ဆင်ထားသင့်ပေမယ့် အခုက ၁.၃ လီတာသုံး အင်ဂျင်အရွယ်နဲ့ပဲ လာတာ တခုက မြို့တွင်းသုံးအတွက် ကောင်းကောင်း အဆင်ပြေမယ်၊ နယ်ဝေးတွေ ဆိုရင်တော့ အနားပေးချိန်လည်း ပိုသုံးသင့်သလို ခရီးတဆက်တည်း မောင်းနှင်မှုမှာလည်း မိုင် ၁၀ဝ ထက် ပိုပြီး မမောင်းသင့်ပါဘူး။

Air-Conစိတ်ကြိုက် သုံးနိုင်ဖို့ နည်းနည်း ခက်ချင်ပေမယ့် မော်ဒယ်မြင့်၊ အင်ဂျင်နည်းပညာ မြင့်ပြီး အထူးသဖြင့် အင်ဂျင် အအေးခံစနစ် အပိုင်းမှာ ဖန်တီးမှု ကောင်းတဲ့ Axio က တန်းတူ အင်ဂျင်တပ် မော်ဒယ်တွေထက်တော့ သာတာ အမှန်ပါ။

အင်ဂျင်က အမြန်နှုန်းမြှင့်တင် မောင်းနှင်နိ်ုင်မှု အတွက်လည်း ပုံမှန်လောက်ပဲ စွမ်းဆောင်နိ်ုင်မှာပါ။ Toyota ကတော့ မော်ဒယ်ကို အတွင်းခန်း ကျယ်ဝန်းအောင် ဦးစားပေး ဖန်တီးထားတာ တွေ့ရပါတယ်။ Belta ထက်စာရင် အတွင်းခန်းက သိသာလောက်အောင် ပိုကျယ်တယ်၊ အရည်အသွေးလည်း စိတ်ချရပါတယ်။ Auto စနစ်နဲ့ဖြစ်ပြီး Gasoline အင်ဂျင်ဖြစ်ကာ ညာမောင်း အဝင်များပါတယ်။ အတွင်းခန်းမှာတော့ ဖျော်ဖြေရေးအပိုင်းရော နည်းပညာပိုင်းပါ အစုံထည့်ထားပြီး ဖြစ်သလို Ori TV-DVD တွေနဲ့ ရနိုင်ပါတယ်။

ပြည်တွင်း ဈေးကွက်မှာတော့ အခု နောက်ပိုင်း ၂၀၁၃ ခုနှစ် ဝန်းကျင်ထုတ် Axio တွေ ဈေးကွက်ဝင်တာ များပါတယ်။ မောင်းနှင်ပြီး ကီလိုလည်း ၆ သောင်းကျော်လောက်ပဲ ရှိကြပါတယ်။ မော်ဒယ်က ကီလို အပိုင်းနဲ့တော့ ဈေးသိပ် မကွာပေမယ့် မော်ဒယ်နှစ် အနိမ့်ဆုံး ၂၀ဝ၈ ခုနှစ်လောက်ကနေ စ ဝင်နေတဲ့ မော်ဒယ်နှစ်နဲ့ အရောင်အစွဲကြီးတဲ့ ဝယ်လက်တွေကြောင့် ဈေးနှုန်းကွာဟချက် ဖြစ်လာစေပါတယ်။

နောက်ပြီး Axio မော်ဒယ်နိမ့်တွေက ၁.၅ လီတာသုံး အင်ဂျင်တပ် မော်ဒယ်တွေနဲ့လည်း ဈေးကွက်ဝင်တာကြောင့် တချို့ နယ်ဝေး ခရီးသွားတတ်သူတွေက အဆိုပါ အင်ဂျင်အရွယ်အကြီးကို ပိုကြိုက်လို့ မော်ဒယ်နိမ့်ပေမယ့် ဈေးမာချင်တာလည်း ရှိတတ်ပါတယ်။

X Gradeချင်း အတူတူ Auction Grade အတူတူချင်းကိုတောင်မှ ကီလိုလည်းမကွာပေမယ့် အဖြူရောင်က သိန်း ၂၀ဝ ကို ဈေးတင်းခံပေမယ့် ရွှေအိုရောင်ဆိုရင်တော့ သိန်း ၁၉၀ ကိုပဲ အကျဘက်မှာ ရှိနေချင်တာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က အရောင်အစွဲမကြီးသူ ဆိုရင်တော့ ဈေးချိုချိုနဲ့ ရလာနိုင်စေမယ့် အချက်လည်း ဖြစ်ပါတယ်။

Loading