ရန်ကုန်-မူဆယ် တိုက်ရိုက်ပြေးဆွဲမယ့် “ဓနတိုးတောင်ပြာတန်း” ယာဉ်လိုင်းရဲ့ “ရန်ကုန် – မူဆယ်” ယာဉ်လိုင်းသစ် မိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးဝန်း အတွင်းက Western Park Royal စားသောက်ဆိုင်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
“ဓနတိုးတောင်ပြာတန်း” ယာဉ်လိုင်းဟာ တောင်ကြီးအခြေစိုက် ယာဉ်လိုင်းတခုဖြစ်ပြီး ယာဉ်လိုင်းမှာ လက်ရှိ မော်တော်ယာဉ် စုစုပေါင်း ၁၈ စီးနဲ့ ပြေးဆွဲလျက်ရှိတယ်လို့ သိရပါတယ်။
ဒီ ရန်ကုန်- မူဆယ် ခရီးစဉ်ကို ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ပြေးဆွဲမယ်လို့ သိရပါတယ်။
စတင်ပြေးဆွဲဆွဲချင်း တနေ့ကို တစီးသာ ပုံမှန်ပြေးဆွဲမှာဖြစ်ပြီး ခရီးသည်အခြေအနေပေါ်မူတည်ပြီး ထပ်မံတိုးချဲ့ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။
ရန်ကုန်- မူဆယ် ခရီးစဉ်ကားခကတော့ ခရီးစဉ်တကြောင်းကို ထိုင်ခုံအနေအထား 2+2 ကားပုံမှန် ရိုးရိုးကားခကို ၂၃၅၀၀ ကျပ် သတ်မှတ်ထားပြီး ပြေးဆွဲမယ့် ကားအမျိုးအစားက Higer Bus ကားအမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မူဆယ်ဒေသကို ယာဉ်လိုင်းပြေးဆွဲတာနဲ့ ပတ်သက်ပြီး “ဒီအချိန်မှာ ရန်ကုန်-မူဆယ် ယာဉ်လိုင်းဆွဲတော့ အရှုံးရှိမှာ မြင်မိလားဆိုတော့ မြင်မိတယ်။ ကျနော်က တောင်ကြီး – မူဆယ် ပြေးဆွဲနေတာကြာပြီ။ ရန်ကုန်-မူဆယ် ပြေးဆွဲတာက ခရီးသည်တွေရဲ့ တောင်းဆိုမှု၊ ဂိတ်ခွဲတွေရဲ့ တောင်းဆိုမှုကြောင့် ထပ်တိုးချဲ့ပြေးဆွဲတာပါ” လို့ “ဓနတိုးတောင်ပြာတန်း” ယာဉ်လိုင်း ဥက္ကဋ္ဌ ကိုစိုင်းအောင်ကျော်ဦးက ဧရာဝတီကို ပြောပါတယ်။
“ဓနတိုးတောင်ပြာတန်း” ရန်ကုန်- မူဆယ် ယာဉ်လိုင်းအတွက် ယာဉ်မောင်းများကို တောင်ပေါ်ဒေသ မောင်းတာ ကျွမ်းကျင်တဲ့ ယာဉ်မောင်းများကိုသာ ခန့်အပ်ထားပြီး လမ်းကြောင်းတလျောက် ခရီးသည်များကို ဝန်ဆောင်မှုပေးဖို့အတွက် ကြက်ခြေနီ ရှေးဦးသူနာပြု သင်တန်းဆင်း ယာဉ်အကူ၊ ယာဉ်မယ် ဝန်ထမ်းများကို စနစ်တကျ အလုပ်ခန့်အပ်ထားတယ်လို့ ကိုစိုင်းအောင်ကျော်ဦးက ပြောပါတယ်။