မြန်မာခေတ်ပြိုင် အနုပညာ အင်အားစု တခုဖြစ်သည့် Crossing Borders အဖွဲ့မှ ပန်းချီဆရာများသည် ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအတွက် ရန်ပုံငွေ ပန်းချီကား ရောင်းချပွဲကို ဒီဇင်ဘာ ၁ ကနေ ၃ ရက်နေ့ အထိ သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းထောင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ထုတ်ဝေရေးရုံး အနီးတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ပန်းချီ ဆရာများ ဖြစ်သည့် မြတ်ကျော့၊ ကိုဇက်၊ အောင်ကြည်စိုး၊ မြင့်စိုး၊ မောင်သိဒ္ဓိ၊ ကဲဆုသာ၊ ငုအိမ်ထက်မြက်၊ ဆိုင်းထွယ်အောင်၊ အောင်ဇော်နှင့် ဘရန်လီတို့၏ ပန်းချီကားများကို ပန်းချီလက်ရာ တခု ကျပ် ၁ သောင်းနှုန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း၊ ရရှိသည့် ငွေကြေးကို ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများသို့ အားလုံး လှူဒါန်းသွားမည် ဖြစ်ကြောင်း ပန်းချီဆရာ ဘရန်လီက ပြောသည်။
“ကျနော်တို့ ပန်းချီဆရာ ၁၀ ဦးရဲ့ ပန်းချီကားတွေ ရောင်းချပေးသွားမှာပါ။ ရရှိတဲ့ ငွေကြေး အားလုံးကို ကချင် ငြိမ်းချမ်းရေး ကွန်ရက်က တဆင့် စစ်ဘေးရှောင် ပြည်သူတွေကို လှူဒါန်းသွားမှာပါ။ မနေ့က ၁၁ သိန်း ၃ သောင်း ရတယ်။ ဒီနေ့နဲ့ မနက်ဖြန် ကျန်သေးတယ်” ဟု ပန်းချီဆရာ ကိုဇက်က ပြောသည်။