စက်ဘီးဟောင်းတွေ တောင်ပုံရာပုံရှေ့မှာ ဆိုက္ကားဆရာကြီးတဦးက စက်ဘီးဟောင်းတွေကို စိမ်ပြေ နပြေ ရွေးချယ် နေတယ်။ သူနင်းတဲ့ ဆိုက္ကားမှာ အသုံးတည့်မယ် ထင်တဲ့ စက်ဘီးအပို ပစ္စည်းတွေ ရလိုရငြား ရှာဖွေနေတာပါ။ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလင်းဝင်းရပ်ကွက်မှာ မြင်တွေ့ရတဲ့ မြင်ကွင်း ဖြစ်ပါတယ်။ ပုလင်းဝင်းရပ်ကွက်က ပစ္စည်းအဟောင်းတွေ ရောင်းဝယ်ဖောက်ကားရာ နေရာ ဖြစ်ပါတယ်။ ပုလင်းဝင်းသားတွေက သူတို့ရပ်ကွက်မှာ ရောင်းမရတဲ့ အသုံးအဆောင်ပစ္စည်း ဆိုတာ မရှိဘူးလို့ ပြောကြတယ်။ သတင်းစာ ဂျာနယ် မဂ္ဂဇင်း ဝတ္ထု ကာတွန်း စက္ကူ အဟောင်းတွေ ရောင်းဝယ်ကြသလို ဒန် ကြေး ပလပ်စတစ် သံပြား သံချောင်း ပုလင်းခွံ ဘူးခွံ စက်ဘီး နေအိမ် အဟောင်း အကုန်ရောင်းဝယ်ဖောက်ကားကြတယ်။
စက်ဘီးဟောင်းတွေကို ကတ္တားနဲ့ ချိန်ပြီး ရောင်းဝယ်တယ် ဆိုရင် မအံ့သြပါနဲ့။ ဟုတ်ပါတယ်။ စက်ဘီးဟောင်း မျိုးစုံကို ကတ္တားပေါ် ချိန်ပြီး ရောင်းဝယ်နေကြတာပါ။တပိဿာ ကျပ် ၁၀၀၀ နှုန်းနဲ့ ရောင်းနေတာ ဖြစ်ပါတယ်။ စက်ဘီးမှာ ပါတဲ့ အစိတ်အပိုင်း အားလုံး အလေးချိန်နဲ့ ရောင်းတာ ဖြစ်ပါတယ်။ ပုလင်းဝင်းသားတွေ ဆီကို စက်ဘီးလာရောင်းရင်လည်း ကတ္တားပေါ်တင်ပြီး အလေးချိန် အရှိအတိုင်း ဈေးနှုန်းသင့်ပြီး ဝယ်ကြပါတယ်။
စက်ဘီးအဟောင်းပုံမှာ စက်ဘီးအမှတ်တံဆိပ် မျိုးစုံရှိတယ်။ ယောကျ်ားစီး၊ မိန်းမစီး၊ ကလေးစီး ဆိုဒ်စုံ ရှိတယ်။ အရောင်စုံ အသွေးစုံ စက်ဘီးအပုံထဲက ကြိုက်ရာ စက်ဘီး ရွေးချယ် ဝယ်ယူနိုင်တယ်။ တရုတ်နဲ့ အန္ဒိယနိုင်ငံထုတ် စက်ဘီးတွေ အများဆုံး ပါဝင်ပြီး ထိုင်းနဲ့ ကိုရီးယား စက်ဘီးတွေလည်း ပါဝင်တယ်။ စက်ဘီးဟောင်း တွေထဲမှာ အတော်အသင့် လတ်တဲ့ ဘီးတွေ ပါသလို အိုမင်းဟောင်းနွမ်း နေပြီး စက်ဘီး အမည်ခံရုံသာ ရှိတော့တဲ့ ခပ်စုတ်စုတ် စက်ဘီးတွေလည်း ပါတယ်။ တချို့ စက်ဘီးတွေက လက်ကိုင် မပါတော့ဘူး။ စက်ဘီးအချို့က ခြေနင်းကွင်းပြုတ် နေပြီ။ သံချေးအထပ်ထပ် ချိန်းဖုံးတွေလည်းပါတယ်။ဘယ်နိုင်ငံထုတ် စက်ဘီးအမျိုးအစား ဖြစ်ဖြစ် တပိဿာ ကျပ် ၁၀၀၀ နှုန်းနဲ့ ရောင်းချနေတာပါ။
ဆိုက္ကားဆရာက သူ့ဆိုက္ကားမှာ တပ်ဆင်ဖို့ ၂၈ လက်မ နောက်ခွေ (ဂွေ) လာဝယ်တာ ဖြစ်တယ်။ စက်ဘီး အပုံထဲက သူ့ဆိုက္ကားနဲ့ အသုံးတည့်မယ့် ခွေကို ရှာတယ်။ စိတ်ကြိုက် တွေ့တဲ့အခါ ဆိုင်ရှင်ကို စက်ဘီးခွေ ဖြုတ်ရောင်းဖို့ ပြောတယ်။ ဆိုင်ရှင် ဦးဝင်းဆန်း ကိုယ်တိုင် စက်ဘီးခွေ ဖြုတ်ပေးတယ်။ ခွေ၊ တာယာ၊ ကျွတ်၊ စပုတ်တံ၊ ပဒေါင်း၊ ဝင်ရိုး အစုံလိုက် ကတ္တားပေါ် တင်ချိန်ကြည့်တဲ့အခါ အလေးချိန် ၃ ပိဿာရှိလို့ ကျပ် ၃၀၀၀ ဖြစ်ကြောင်း ဆိုင်ရှင်က ပြောတယ်။ ဆိုက္ကားဆရာက တာယာမှာ အနာအဆာ အနည်းငယ် ပါနေလို့ လဲလှယ်ပေး နိုင်မလား မေးတဲ့အခါ ဆိုင်ရှင်က ၂၈ လက်မအရွယ် ဘယ်စက်ဘီးက တာယာကို မဆို လဲလှယ်ယူနိုင်ကြောင်း ပြန်ပြောတယ်။ ၂၈ လက်မ ယောကျ်ားစီး ပစ္စည်းစုံ စက်ဘီးတစီးလုံးရဲ့ အလေးချိန်က ၁၃-၁၅ ပိသာဖြစ်လို့ စက်ဘီး တစီး တန်ဖိုးက ကျပ် ၁၃၀၀၀ ကနေ ၁၅၀၀၀ ဖြစ်ပါတယ်။
စက်ဘီးတွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွက် အသုံးတည့်ခဲ့တဲ့ လူလုပ်ပစ္စည်း ဖြစ်ခဲ့တယ်။ ဒါပေမယ့် ခေတ်က အရှိန်အဟုန်နဲ့ ရှေ့ကို သွားနေတော့ စက်ဘီးတွေက အသုံးနည်းလာရတယ်။ သွားသုတ်သုတ် စားသုတ်သုတ်နဲ့ စီးပွားရှာနေရချိန်မှာ အားစိုက်နင်းပါမှ လိုရာခရီး ရောက်နိုင်တဲ့ စက်ဘီးတွေ အပေါ် ခုံခုံမင်မင် သိပ် မရှိကြတော့ဘူး။ စက်ဘီးအစား စက်တပ်ယာဉ်တွေ ဖြစ်တဲ့ ဆိုင်ကယ်နဲ့ ကားတွေ အသုံးများလာတယ်။ လူတိုင်းနီးပါး အလျင်စလို လုပ်ကိုင်စားသောက် နေရချိန်မှာ စက်ဘီးတွေက ခေတ်ဟောင်းမှာ ထားခဲ့ဖို့ ဖြစ်လာတယ်။
ပုလင်းဝင်း ရပ်ကွက်ကို ရောက်လာတဲ့ အနယ်နယ် အရပ်ရပ်က စက်ဘီးတွေရဲ့ နောက်ဆုံး နားခိုရာက သံရည်ကြို စက်သာ ဖြစ်ပါတယ်။ စက်မှုဇုံ အတွင်းက သံရည်ကြိုစက်ကို မပို့မီ စက်ဘီးအဟောင်း လာဝယ်တဲ့ သူတွေကိုလည်း တပိဿာ ကျပ် ၁၀၀၀ နှုန်းနဲ့ ရောင်းချပေးနေတာ ပါ။ စက်ဘီးဟောင်းတွေထဲက စက်ဘီး အကောင်းတွေကို စိစစ် ရွေးချယ်ဖို့ အချိန် မပေးနိုင်ကြဘူး။ ပစ္စည်းထားဖို့ နေရာ အခက်အခဲကြောင့် အမြန်ဆုံး ထုတ်ပိုးကြရတယ်။ နေ့စဉ်နဲ့ အမျှ ပစ္စည်းအဟောင်းတွေက ဝင်နေတာ ဖြစ်လို့ နောက်ရောက်လာမယ့် ပစ္စည်းထားဖို့သာ အာရုံထားကြတယ်။
စက်ဘီးအဟောင်းတွေကို ဟိုက်ဒရောလစ်ပရက်စ်တွေ (ဖိအားပေးစက်) နဲ့ ပြားချပ်သွားအောင် ဖိနှိပ်တယ်။ ဖိနှိပ်ပြီး သံပြားတွေကို တပေပတ်လည် အရွယ်ညီ စကွဲယားတုံးတွေ ဖြစ်အောင် ပုံသွင်း ဖြတ်တောက်ပြီး စက်မှုဇုံက သံရည်ကြိုစက်တွေကို ပို့ပါတယ်။ ပြည်တွင်း သံရည်ကြိုစက်တွေက စက်စွမ်းအားပြည့် လည်ပတ်တာ မလုပ်နိုင်ပါဘူး။ ပိုလျှံ သံတုံးတွေကို အိမ်နီးချင်းနိုင်ငံတွေအထိ တင်ပို့ကြတယ်။ သံသတ္ထုရိုင်း တူးဖော်မှုထက် တွက်ခြေကိုက်တဲ့ စွန့်ပစ် ပစ္စည်း သံတုံးတွေက ပြည်ပဝယ်လိုအား ကောင်းတယ်။
မန္တလေးမြို့ဟာ တချိန်က စက်ဘီးမြို့တော် အဖြစ် ဂုဏ်တင့်ခဲ့ပေမယ့် အခုချိန်မှာ စက်ဘီးတွေရဲ့ နေဝင်ချိန်ုကို ရောက်လာခဲ့ပါပြီ။ စက်ဘီးစီးယဉ်ကျေးမှု ထွန်းကားတဲ့ မန္တလေးမှာ တိုင်းဝန်ကြီးချုပ် ကိုယ်တိုင် စက်ဘီးအားကစား အတွက် ကိုယ်တိုင်နင်းပြီး နှိုးဆော်နေပေမယ့် စက်ဘီးက အရှိန်နဲ့ သွားနေတဲ့ခေတ်ကြီးမှာ ရှေ့မရောက်နိုင် ဖြစ်ရတယ်။ မြို့ပြသယ်ယူပို့ဆောင်ရေး အားနည်းချက်ကြောင့် မြို့တွင်း သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းတွေက မြို့လူထု အားကိုးရလောက်အောင်ထိ မစွမ်းဆောင်နိုင်တာလည်း စက်ဘီးတွေ စွန့်လွှတ်ပြီး ဆိုင်ကယ်စီးဖို့ တွန်းအား ဖြစ်စေတယ်။
စက်ဘီးစီးပြီး အလုပ်သွား အလုပ်ပြန်သွားလာဖို့၊ ဈေးသွား ငါးဝယ်လုပ်ကြဖို့ အဆင်မပြေဘူး။ အန္တရာယ် ကင်းကင်း စက်ဘီးစီးရလောက်အောင်ထိ လမ်းတွေက မကောင်းဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ သဘာဝပတ်ဝန်းကျင် မထိခိုက်စေဖို့ စက်ဘီးနဲ့ ရုံးတက်ရုံးဆင်း လုပ်တယ် ဆိုပေမယ့် သူတို့ဆီမှာ စက်ဘီးစီးသူတွေ အတွက် စက်ဘီးလမ်း ကောင်းကောင်းတွေ ဖောက်လုပ်ပေးထားတယ်။ ဘူတာရုံမှာ ဘတ်စ်ကားမှတ်တိုင်မှာ စက်ဘီးတွေ စိတ်ချလက်ချ ထားသွားနိုင်တယ်။ ကျနော်တို့ ဆီမှာတော့ စက်ဘီးတွေကို အားကစားနည်း အဖြစ်သာ စီးကြတော့တယ်။ တချိန်က အိမ်တိုင်းစေ့ စက်ဘီးရှိကြတဲ့ စက်ဘီးမြို့တော် မန္တလေးက ဆိုင်ကယ်မြို့တော် အဖြစ် ရွေ့လျားသွားပြီး စက်ဘီးတွေကို ရာဇဝင်ထဲမှာ ထားခဲ့လိုက်ကြပါပြီ။