ကိုယ်ရင်းနှီးပြီးသား အစားအသောက်တွေကို ပုံစံ ဒါမှမဟုတ် အရသာတွေ ထူးခြားဆန်းသစ်အောင်ပြုလုပ်လာကြပြီး အဲ့ဒါကို စိတ်ဝင်စားလာကြတဲ့ ဒီဘက်ခေတ် စားသောက်ဆိုင်တွေအနေနဲ့ ဆိုင်အပြင်အဆင်၊ menu တွေကို သူ့ထက်ငါ ပိုကောင်းအောင် ပြင်ဆင်ပြုလုပ်လာကြတာ တွေ့ရပါတယ်။
တချို့တွေက ဆိုင်အပြင်အဆင်နဲ့ ပတ်သက်လို့ ဆန်းသစ်ပြီး အစားအသောက်က ခံတွင်းမတွေ့တဲ့ဆိုင်တွေ တွေ့ဖူး ပါတယ်။ တချို့ကျတော့လည်း ဆိုင်အပြင်အဆင် ရိုးရှင်းနေပြီး အစားအသောက်ကောင်းနေတာမျိုးတွေ ရှိနေတတ်ပေမယ့် ခုချိန်မှာတော့ ဆိုင်တွေဟာ အစားအသောက်ရော အပြင်အဆင်ပါ ပုံစံသစ်၊ အရသာအသစ်တွေနဲ့ ထူးခြားလာကြတာပါ။
ယခုတပတ်မှာတော့ အစားအသောက်ရော ဆိုင်အပြင်အဆင်ပါ ထူးခြားတဲ့ ပင်လယ်စာရောင်းတဲ့ “စိတ်ကြိုက်” Seafood ဆိုင်တဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မြို့ထဲမှာနေရင်းနဲ့တင် ပင်လယ်ကမ်းခြေက စားသောက်ဆိုင်မှာ ရောက်နေသလို ခံစားရမယ့် ပင်လယ်စာဆိုင်လေးပါ။ ဆိုင်ခန်းက မကျယ်ပေမယ့် ကျဉ်းကျဉ်းကျပ်ကျပ်လည်း ဖြစ်မနေပါဘူး။ ဆိုင်ထဲကို ဝင်လိုက်တာနဲ့ ရေသူမပုံတွေ ကမ်းခြေနဲ့ ပတ်သက်တဲ့ စာတန်းလေးတွေ၊ အရုပ်တွေကို သူ့နေရာနဲ့သူ ရေးဆွဲထားပြီး ခပ်ဆူဆူဖွင့်ထားတဲ့ သီချင်းသံတချို့က ပြင်ပလောကနဲ့ တခဏကင်းကွာစေပြီး လွတ်လပ်ပေါ့ပါးတဲ့ စိတ်ခံစားမှုကို ရရှိစေတယ်လို့ ခံစားရပါတယ်။ တိတ်ဆိတ်ပြီး အေးအေးဆေးဆေး စားသုံးချင်သူတွေ၊ အလုပ်ကိစ္စနဲ့ တခြားအရေးကြီးတဲ့ အကြောင်းအရာ တိုင်ပင်ပြောဆိုချင်သူတွေ အတွက်တော့ သိပ်အဆင်ပြေမှာမဟုတ်ပေမယ့် မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စားသောက်ကြမယ့်သူတွေ သဘောကျပါလိမ့်မယ်။
ပင်လယ်စာ စုံစုံလင်လင်ရရှိပြီး အရသာလည်း ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။ ပုဇွန်၊ ဂဏန်း စတာတွေကို ကင်ထား၊ ကြော်ထားတာတွေဟာ အီတဲ့အရသာမခံစားရဘဲ စိတ်ကြိုက် စားသုံးနိုင်တာက ထူးခြားချက်ပါပဲ။
ဒီဆိုင်ရဲ့နာမည်ကြီးဟင်းလျာတွေဖြစ်တဲ့ Seafood Grilled Pallet, ငါးမန်း အရေခွံကြော်သုပ်၊ ဂုံးယောင်းမ ချဉ်စပ်ပေါင်း၊ ပုဇွန်မီးတောက် အစပ်ချက်တို့ကို မှာယူမြည်းစမ်းခဲ့ပါတယ်။ မှာထားတာတွေ ရရှိဖို့တော့ အတော်လေး စောင့်လိုက်ရပါတယ်။
အစားအသောက်တွေ ရောက်လာတဲ့အခါမှာတော့ Seafood Grilled Pallet ဟာ လေးထောင့်ပုံစံ သစ်သားဗန်းနဲ့ ထည့်ထားတာဖြစ်ပြီး ပုဇွန်၊ ဂဏန်း၊ တိလားဗီးယားငါး၊ ကင်းမွန်၊ ဂုံးယောင်းမတို့ပါဝင်ကာ အားလုံးကို ကင်ထား၊ ကြော်ထားတာဖြစ်တဲ့အတွက် စားနေကျ seafood အရသာမျိုးနဲ့ မတူတဲ့ အရသာကို ပေးစွမ်းပါတယ်။
ငါးမန်း အရေခွံကြော်သုပ်ကတော့ ငါးမန်းအရေခွံကို လေးထောင့်ပုံစံလေးတွေ လှီး၊ အကြွပ်ကြော်ထားပြီးမှ မုန်လာဥနီ၊ တရုတ်နံနံ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းနဲ့ တခြား အဆာပလာတွေပါဝင်ပါတယ်။ မြည်းကြည့်တဲ့အခါမှာတော့ ငါးမန်း အရေခွံရဲ့ ကြွပ်ရွတဲ့အရသာကို ခံစားရပါတယ်။ ငရုတ်သီးစိမ်း ထည့်ထားတယ်ဆိုပေမယ့် အရမ်းကြီးမစပ်ပဲ စပ်ရှိန်းရှိန်းဖြစ်နေတဲ့ အရသာကိုလည်း ခံစားရမှာပါ။
ဂုံးယောင်းမ ချဉ်စပ်ပေါင်းကတော့ ဟင်းရည်မှာ အချဉ်နည်းနည်းပေါ့ပေမယ့် စပ်ရှိန်းရှိန်းအရသာနဲ့ မညက်တညက်ထောင်းပြီး ထည့်ထားတဲ့ ကြက်သွန်ဖြူရဲ့ အမွှေးနံ့က လိုက်ဖက်ပါတယ်။ ဒီ ဟင်းလျာကတော့ ဒီလိုချမ်းအေးတဲ့ ဆောင်းရာသီနဲ့ လိုက်ဖက်မယ့်ဟင်းလျာပါပဲ။ အချဉ်အရသာကတော့ စားသုံးသူ လိုအပ်သလို ပြင်ပေးတယ်လို့လည်း ဆိုပါတယ်။
ပုဇွန်မီးတောက်အစပ်ချက်ကတော့ ပုဇွန်ခပ်ကြီးကြီး သုံးကောင်ပါဝင်ပြီး ဟင်းလျာလာချတဲ့အချိန်မှာ မီးတောက် နေတာဖြစ်ပါတယ်။ မီးတောက်အောင်လို့ ဆီတမျိုးသုံးတယ်လို့လည်း သိရပါတယ်။ မီးက ခဏပဲ တောက်ပြီး ငြိမ်းသွားတာမို့လို့ ပုဇွန်ခေါင်းပိုင်းမှာ မီးမြိုက်နံ့လေး သင်းပြီးကျန်ခဲ့တာကလည်း ဒီဟင်းလျာရဲ့သဘောကျစရာတခုပါပဲ။ အစပ်ချက်ဖြစ်တာမို့ အနှစ်ကတော့ အနည်းငယ်စပ်ပါတယ်။ ထမင်းနဲ့ စားမယ့်သူတွေအတွက် သင့်တော်မယ့် ဟင်းလျာပါ။ ပင်လယ်စာဖြစ်ပေမယ့် မအီတဲ့အတွက် တော်တော်များများကို စားနိုင်ပါတယ်။
ချိုချိုချဉ်ချဉ် အေးအေးမွှေးမွှေး မြည်းစမ်းဖို့ ပန်းသီး၊ နာနတ်သီးနဲ့ ရှောက်ချိုသီးတို့ ပါဝင်တဲ့ သုံးမျိုးစပ်ဖျော်ရည်နဲ့ Original Coco, Thai Milk Tea, Coconut Milk စတာတွေထဲက တခုနဲ့ နာနတ်သီး၊ မြေပဲ၊ သရက်သီး စတဲ့ အသီးအနှံတွေထဲက တမျိုးနှစ်သက်ရာတွဲပြီး စားသုံးနိုင်တဲ့အထဲက Original Coco နဲ့ နာနတ်သီးကို မှာယူမြည်းစမ်းခဲ့ပါတယ်။ ချိုချိုချဉ်ချဉ်နဲ့ ခပ်အေးအေးအရသာလေးနဲ့ သုံးမျိုးစပ် ဖျော်ရည်နဲ့ ရေခဲမုန့်ကလည်း အေးအေးစိမ့်စိမ့်နဲ့ စားကောင်းပါတယ်။
“လောလောဆယ်တော့ တဆိုင်ပဲရှိပါသေးတယ်။ ဦးဝိစာရလမ်းပေါ်မှာတော့ ဆိုင်သစ်ထပ်ဖွင့်ဖြစ်ဖို့ ရှိပါတယ်။ seafood နဲ့ ပတ်သက်တာ တော်တော်များများကို ရနိုင်ပါတယ်။ menu အသစ်တွေလည်း ထပ်လုပ်ဖို့ ရှိသေးတယ်ပေါ့။ ဟင်းလျာ ကုန်ကြမ်းတွေပေါ့၊ ငါးမန်းအရေခွံတို့ ဘာတို့တော့ မြိတ်ဘက်ကနေ မှာပါတယ်။ ၂ ရက်ခြား တခါလောက် မှာတယ်။ ငါးတို့ဘာတို့တော့ တနေ့စာ တနေ့ပဲ ယူတယ်။ ဂဏန်းတို့ ဘာတို့တော့ လူကျတဲ့နေ့ဆို ပြတ်သွားတတ်ပေမယ့် များသော အားဖြင့်တော့ ရနိုင်ပါတယ်။ ကြားရက်တို့၊ နေ့လယ်ပိုင်းတွေတို့ ဆိုရင်တော့ လူနည်းနည်းပါးတယ်။ ပိတ်ရက်တွေမှာတော့ နေ့လယ်ပိုင်းလည်း လူကျတတ်ပါတယ်။ ပုံမှန်ကြားရက်ဆိုရင်တော့ ည ၇ နာရီလောက်မှ လူကျတတ်တယ်။ နိုင်ငံခြားသား တွေလည်း လာကြတယ်။ Delivery လည်းရှိတယ်ပေါ့။ ဒီ စမ်းချောင်းထဲမှာဆိုရင်တော့ Delivery Free ပါ။ ကျန်တဲ့နေရာ တွေကိုတော့ သူ့နှုန်းနဲ့သူ ယူပါတယ်” လို့ “စိတ်ကြိုက်” Seafood မှ မယဉ်ယဉ်ဝင်းက ပြောပါတယ်။
ပင်လယ်စာနဲ့ ပတ်သက်တဲ့ ဟင်းလျာအစုံရနိုင်ပြီး ဈေးနှုန်းတွေအနေနဲ့ ၄၊ ၅ထောင် ပတ်ဝန်းကျင်ကနေ ၂ သောင်းကျော် အထိ ရှိပါတယ်။ ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်တွေက နေ့လယ် ၁၁ နာရီကနေ ည ၁၀း၃၀ အချိန်အထိ ဖြစ်ပါတယ်။ ဆိုင်လိပ်စာ အမှတ် (၁၈၇)၊ ဗဟိုလမ်းနဲ့ ရွှေလောင်းလမ်းထောင့် ဂွဈေးအနီး၊ စမ်းချောင်းမြို့နယ် ဖြစ်ပါတယ်။
ပင်လယ်စာကြိုက်သူတွေအတွက်တော့ အကြိုက်စားနိုင်မယ့် ဆိုင်အဖြစ် ညွှန်းလိုက်ပါတယ်။