ဆယ်ကျော်သက်အရွယ် လူပျိုပေါက် အပျိုပေါက်တိုင်း ဆန့်ကျင်ဘက် ဖို/မကို ပင်ကို သဘာဝအားဖြင့် စိတ်ဝင်စား ကြပါတယ်။ တနည်းအားဖြင့်တော့ ကောင်လေးက ကောင်းမလေးကို၊ ကောင်မလေးက ကောင်လေးကို စသဖြင့်ပေါ့။ ကောင်လေးက ကောင်မလေးကို ချစ်ရေးဆို ပိုးပန်းတာမျိုး ရှိနိုင်ပါတယ်။
ဆယ်ကျော်သက် အရွယ်များသာမက လူကြီးအများစုကပါ ပိုးပန်းခြင်းဟာ ပြစ်မှုကျူးလွန်ခြင်း၊ အနှောင့်အယှက် ပေးခြင်း မဟုတ်၊ သဘာဝသာ ဖြစ်တယ်လို့ ယူဆကြပါတယ်။
ကောင်လေးက ကောင်မလေးကို “သိပ်လှတာပဲ၊ ဆွဲဆောင်မှုရှိတာပဲ”၊ ဒါမှမဟုတ် “ရည်းစားရှိ သလား၊ မရှိဘူးလား” လို့ မေးတယ် ဆိုပါစို့။ ကောင်မလေးက ကောင်လေးရဲ့ အပြုအမူ၊ အပြော အဆိုကို မနှစ်သက်ဘူး ဆိုရင် ကောင်မလေးက ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ (၅၀၉) အရ တရားရုံးသို့ ဦးတိုက် လျှောက်ထားနိုင် ပါတယ်။
“မည်သူမဆို မိန်းကလေး တဦးဦး၏ ကာယိန္ဒြေကို စော်ကားရန် ကြံရွယ်၍ ပြောဆိုခြင်း ပြုသည်တွင် သို့တည်းမဟုတ် အရာဝတ္ထု တခုခုကို ပြသည်တွင် ပြောဆိုသော စကားကိုဖြစ်စေ၊ ပြုသောအသံကိုဖြစ်စေ ထိုမိန်းကလေးအား ကြားစေရန် ကြံရွယ်လျှင် သို့တည်းမဟုတ် ပြုသော ကိုယ်အမူအရာကို ဖြစ်စေ၊ ပြသော အရာဝတ္ထုကို ဖြစ်စေ၊ ထိုမိန်းကလေးအား မြင်စေရန် ကြံရွယ်လျှင် သို့တည်းမဟုတ် ထိုမိန်းကလေး၏ ကာယိအိန္ဒြေကို စော်ကားရန် ကြံရွယ်၍ ထိုမိန်းကလေး၏ ဆိတ်ကွယ်ရာသို့ ကျူးကျော်လျှင် ထိုသူကို ၁ နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ် စလုံးဖြစ်စေ ချမှတ်ရမည်” လို့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၅၀၉) မှာ ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် ကောင်လေးက ပြစ်မှုဆိုင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၅၀၉) ကို ကျူးလွန်တယ်လို့ ဆိုနိုင်ပါတယ်။
ကောင်လေးက ကောင်မလေးရဲ့ လက်ကိုဆွဲပြီး ရည်းစားစာ ပေးတယ် ဆိုပါစို့၊ မိန်းကလေးက သူရဲ့ အပြုအမူကို မကြိုက်လျှင် သူမသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၅၄) အရ သူမ၏ သတင်းပေး တိုင်တန်းချက်ကို ရဲစခန်းတွင် ပေးနိုင်ပါတယ်။ ရဲက အရေးယူတာကို ကောင်လေး ခံရပါလိမ့်မယ်။
ရဲက အရေးယူရာမှာလည်း အမှုသည် အာမခံပေး၍ မရသော အမှုဖြစ်ပါက တရားခံသည် ရဲက ဖမ်းဆီး၍ အချုပ်ထဲသို့ ထည့်ထားတာ ခံရမယ်။ အကယ်၍ အာမခံပေး၍ ရသော အမှုဖြစ်ပါက တရားခံ (သို့မဟုတ်) တရားခံရဲ့ ဆွေမျိုးက အာမခံမည့်သူ ၂ ယောက်ကို တရားခံ အာမခံအတွက် ရှာဖွေ ခေါ်ဆောင်လာရမှာ ဖြစ်တယ်။ အဲဒီနောက် တရားခံကို အာမခံနဲ့ လွှတ်ထားပေးပါလိမ့်မယ်။ အာမခံမယ့်သူ မရှိရင်တော့ သူ့ကို အချုပ်ထဲ ထည့်ထားပါလိမ့်မယ်။
အဲ … အာမခံတယ် ဆိုတာကလည်း လူတိုင်း အာမခံလို့ မရပါဘူး။ အာမခံသူဟာ အနည်းဆုံးတော့ မြေပိုင် အိမ်ပိုင် ဖြစ်ဖို့ လိုပါတယ်။
တကယ်လို့ ကောင်မလေးက ကောင်လေး ချစ်ခွင့်ပန်တာကို လက်ခံလိုက်ရင်တော့ သူတို့ဟာ ချစ်သူတွေ ဖြစ်လာကြမှာပါ။ ကောင်လေးဟာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၅၀၉) သို့မဟုတ် ပုဒ်မ (၃၅၄) နဲ့ မငြိဘူးပေါ့။ သို့ပေမယ့် အရေးတကြီး သတိထားရမှာက ကောင်လေးက အသက် ၁၉ နှစ် (18 +)၊ ကောင်မလေးက အသက် ၁၆ နှစ် (16+) ပြည့်ဖို့ပဲ။ အသက် မပြည့်ရင် ဘာဖြစ်မလဲ။
အသက် ၁၈ နှစ်အရွယ် ကောင်လေးနဲ့ အသက် ၁၅ နှစ်အရွယ် ကောင်မလေးတို့ ချစ်ခင်နှစ်သက်ပြီး ခိုးပြေးကြတယ်။ ကောင်မလေးရဲ့ မိဘတွေက ကောင်လေးကို မိဘ သဘောတူညီချက် မပါဘဲ ၁၆ နှစ် မပြည့်သေးတဲ့ သူတို့ သမီးကို ခိုးယူ ထွက်ပြေးသွားကြောင်း ရဲစခန်းမှာ ပထမ သတင်းပေး တိုင်တန်းချက် (F.I.R) ဖွင့်လိုက်တယ်။
ရဲစခန်းက ကောင်လေးကို ဖမ်းဆီးခဲ့တယ်။ ကောင်မလေးက သူမရဲ့ ချစ်သူမှာ အပြစ် မရှိကြောင်း၊ သူမက အကြပ်ကိုင်၍ ခိုးပြေးစေရန် ဖိအားပေးခဲ့ကြောင်း ရဲအရာရှိကို ပြောတယ်။ သို့ပေမယ့် အသက်မပြည့်သေးသူ ဖြစ်တာကြောင့် အုပ်ထိန်းသူ မိဘတွေက ချော့မော့ ပြန်ခေါ်သွားကြတယ်။
ရဲက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ကောင်လေးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ အရ အရေးယူဖမ်းဆီးခဲ့တာ ဖြစ်တယ်။ အဲဒီ ဥပဒေပုဒ်မ ၃၆၃ ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ “မည်သူမဆို တဦးတယောက်သော သူအား ပြည်ထောင်စု မြန်မာနိုင်ငံမှ အပသို့ ဖြစ်စေ ဥပဒေနှင့် အညီ အုပ်ထိန်းသူထံမှ ဖြစ်စေ၊ ခိုးယူလျှင် ထိုသူကို ၇ နှစ် အထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အကယ်၍ အသက် ၁၆ နှစ် မပြည့်သေးသူ မိန်းကလေးကို သူမ အုပ်ထိန်းသူ၏ သဘောတူညီချက်မပါဘဲ ခိုးယူခေါ်ဆောင်သွားခဲ့လျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၁ အရ အရွယ် မရောက်သေးသူ တစုံတယောက်ကို ဥပဒေနှင့်အညီ အုပ်ထိန်းထားသော အုပ်ထိန်းသူထံမှ ခိုးယူသွားခြင်းပင်ဖြစ်သည်” လို့ ဖော်ပြထားပါတယ်။
ကောင်လေးမှာ ထောင်ကျသွားသလို ကောင်မလေးမှာလည်း သူမရဲ့ အပျိုရည် ဆုံးရှုံးခဲ့ရတယ်။ နှစ်ဖက် မိဘတွေလည်း အလွန်ပဲ ခံစားရစေပါတယ်။ တကယ်လို့သာ ချစ်သူနှစ်ဦးဖြစ်တဲ့ သူတို့ နှစ်ဦးဟာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ နဲ့ ပုဒ်မ ၃၆၁ ရဲ့ အဓိပ္ပယ်ဖွင့်ဆိုချက်ကို သတိပြုခဲ့ရင် အခုလို စိတ်ဆင်းရဲကြီးခြင်းကို ရှောင်ရှားနိုင်မယ် မဟုတ်လား။
(မောင်ပံသုမြေလွှာသည် ရန်ကုန်အခြေစိုက် အထက်တန်း ရှေ့နေတဦး ဖြစ်ပြီး ဥပဒေရေးရာ အမေးအဖြေများ၊ ဆောင်းပါးများ ရေးသားလျက်ရှိသည်။)