အဆိုတော်မွန်းအောင်ရဲ့ “ငြိမ်းချမ်းရေး မိုးစက်များ”လို့ အမည်ပေးထားတဲ့ တကိုယ်တော်တေးစီးရီး ထွက်ရှိတော့မယ် လို့ သိရပါတယ်။ ပြည်ပနိုင်ငံများမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ပထမဆုံးအနေနဲ့ ထွက်ရှိလာမယ့် တေးစီးရီးလည်းဖြစ်ပါတယ်။
ဒီ တေးစီးရီးထဲမှာ တေးရေးဆရာများအဖြစ် ကိုရဲလွင်၊ ကိုနေဝင်း၊ ကိုအောင်သင်း၊ ကိုDချစ်မျိုး တို့ ရေးသားပေးထား တာ ဖြစ်ပြီး ကိုမွန်းအောင်ကိုယ်တိုင် ရေးသားထားတဲ့ “တို့ပြန်လာပြီ” ဆိုတဲ့ တေးသီချင်းတပုဒ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။
တေးသီချင်း ၁၂ ပုဒ် ပါဝင်မယ့် “ငြိမ်းချမ်းရေး မိုးစက်”များ အခွေနဲ့ ပတ်သက်လို့ အဆိုတော်မွန်းအောင်က “ကျနော်တို့ တိုင်းပြည်မှာက ငြိမ်းချမ်းမှုဆိုတာ လိုအပ်သေးတယ်။ ငြိမ်းချမ်းရေးရဖို့ဆိုတာကလည်း လူတိုင်းနဲ့ဆိုင်တယ်လို့ ထင်ပါတယ်။ နယ်စပ်မှာတိုက်ပွဲဖြစ်နေလို့ ရန်ကုန်ကသူတွေနဲ့ မဆိုင်ဘူးလို့တော့ မထင်စေချင်ဘူးပေါ့။ နယ်စပ်မှာ တိုက်ပွဲဖြစ်နေတာကလည်း မြန်မာပြည်မှာ တိုက်ပွဲဖြစ်နေတာပါပဲ။ ဒါတွေချုပ်ငြိမ်းဖို့လည်း လိုပါသေးတယ်” လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး “စစ်ဆိုတာက ငါတို့နဲ့ မဆိုင်ဘူးလို့ တွေးလို့ရပေမယ့် လူတိုင်းနဲ့က သွယ်ဝိုက်ပြီးတော့ သက်ဆိုင် နေပါတယ်။ ကျနော်တို့ သီချင်းဆိုတဲ့သူက ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ဆိုမယ်။ စာရေးတဲ့သူက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ရေးမယ်၊ လူတိုင်းလူတိုင်းက အထူးသဖြင့် စစ်ဘေးအန္တရာယ် ခံစားနေရတဲ့သူတွေကိုလည်း မမေ့စေချင်ပါဘူး။ သူတို့ကို သတိတရရှိစေဖို့နဲ့ ငါဘာလေးလုပ်ပေးနိုင်မလဲဆိုတာလေး ကိုယ့်အခြေအနေပေါ် မူတည်ပြီး စဉ်းစားပေးစေချင်ပါတယ်။ ကျနော်အနေနဲ့ ဒါလေး တိုက်တွန်းချင်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။
“ငြိမ်းချမ်းရေး မိုးစက်များ” ဆိုတဲ့ ဒီ တေးစီးရီးကို လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မာစတာတေးသံသွင်းကနေ ဖြန့်ချိသွားမယ်လို့လည်း သိရပါတယ်။
ဆက်လက်ပြီး အဆိုတော်မွန်းအောင်က သူ ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းနဲ့ပတ်သက်ပြီးတော့လည်း “ကျနော်က မြစ်ကြီးနား ဇာတိပါ ၊ ရေးထားတဲ့ သီချင်းလေးက “တို့ပြန်လာမယ်” ဒီသီချင်းလေး အပိတ်မှာ စာသားလေး ထည့်ထားတယ် ခါကာဘိုရေ တို့ပြန်လာမယ် ဆိုပြီးတော့ပါ၊ ခါကာဘိုရာဇီတောင်ကို တိုင်တည်ပြီးပြောထားတာပေါ့။ ဒီ သီချင်းလေးကို ကျနော် သက္ကရာဇ် ၂၀၀၀ ဝန်းကျင်လောက်က ပြည်ပမှာနေတုန်း ရေးသားထားတဲ့သီချင်းလေးပါ။ အဲဒီအချိန်တုန်းက မြန်မာပြည်မှာ အလွန်ကျပ်တည်းတဲ့ကာလပါ။ ဒီသီချင်လေးထဲမှာ အကျဉ်းထောင်အကြောင်း ပါပါတယ်၊ လွတ်မြောက်ရေးအကြောင်းပါပါတယ်။ စည်းလုံးညီညွှတ်မှုအကြောင်းပါပါတယ်။ ကျနော်နားလည်တာက တယောက်နဲ့တယောက် စည်းလုံးညီညွှတ်မှုမှ မရှိရင် ဘယ်အရာကိုမှ ကျနော်တို့ အောင်မြင်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီသီချင်းလေးကို ရေးခဲ့တာလည်း အချိန်တော်တော်ကြာခဲ့ပါတယ်။ရေးထားတာတော့ ၁၆ နှစ်လောက် ရှိပါပြီ” လို့ ဧရာဝတီကို ပြောပါတယ်။