Apple ကုမ္ပဏီရဲ့ လူကြိုက်အများဆုံး စမတ်ဖုန်းဖြစ်တဲ့ iPhone ရဲ့ နောက်ထပ် အသစ် ထွက်ရှိလာမယ့် မော်ဒယ်သစ် iPhone 8 ကတော့ လာမယ့် ၂၀၁၇ ခုနှစ်ထဲမှာ ဈေးကွက် ဝင်လာဖို့ ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါပြီ။
Samsung လို အမှတ်တံဆိပ်နဲ့ OS စနစ်ခြင်း မတူသလို မော်ဒယ်သစ် မိတ်ဆက်မှုတွေမှာလည်း သိုသိုသိပ်သိပ်နဲ့ လုပ်ဆောင် ဖန်တီးတတ်တဲ့ Apple အဖို့ လက်ရှိမှာတော့ မော်ဒယ်သစ် iPhone 8 အကြောင်း သတင်း ပေါက်ကြားမှုတွေ ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။
အခု ဖုန်းအသစ်နဲ့ ပတ်သက်ပြီး အထူးခြားဆုံး ဖြစ်လာတဲ့ အချက်ကတော့ Display စနစ်ပါပဲ။ ပုံမှန်ဆိုရင် iPhone 8 တွေမှာ LED-backlit IPS LCD စနစ်နဲ့ ဖန်တီးထားနေကျ ဖြစ်ပေမယ့် အခု မော်ဒယ်သစ်မှာတော့ အလင်းထွက်နှုန်း ပိုကောင်းသလို ရုပ်ထွက် ပိုမို ကြည်လင်မယ့် OLED စနစ်နဲ့ ထုတ်လုပ်လာဖို့ ရှိနေတာပါ။
ဖုန်းရဲ့ ဘက်ထရီစနစ်က iPhone 6 ရဲ့ ဘက်ထရီ ပုံစံမျိုး ဖန်တီးထားမယ်၊ ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်အောင် ဖန်တီးလာမယ်။ ကိုယ်ထည် တည်ဆောက်မှု ဒီဇိုင်းက တသားတည်း ကိုယ်ထည်ဒီဇိုင်း (Unibody) နဲ့ ဖြစ်လာမယ်။ နောက်ပြီး iPad ကိုလည်း ပညာရေး ဈေးကွက်အတွက် ပိုပြီး အဆင်ပြေအောင် ကြိုးစား ထုတ်လုပ်လာဖို့ ရှိသလို Apple ရဲ့ မြေပုံစနစ်တွေကိုပါ သုံးနိုင်အောင် ထည့်သွင်းလာဖို့ ရှိနေတယ်လို့ သိရပါတယ်။
အထက်မှာ ပြောခဲ့သလို သိသာတဲ့ ပြောင်းလဲမှု ဖြစ်လာမယ့် Display ပိုင်းမှာတော့ ဘယ်လို ပြသမျက်နှာပြင်ထုတ် ကုမ္ပဏီနဲ့ ချိတ်ဆက်လုပ်ဆောင်မယ် ဆိုတာ မသိရသေးပါဘူး။ အထူးသဖြင့်တော့ အဓိက ပြိုင်ဘက် Samsung နဲ့ ဆက်နွယ်မှု မရှိတဲ့ ကုမ္ပဏီနဲ့ ချိတ်ဆက် လုပ်ဆောင်လာဖို့ ရှိနေတာပါ။ လက်ရှိမှာလည်း ကမ္ဘာ့ အကောင်းဆုံး ပြသမျက်နှာပြင်ကို ထုတ်ပေးနိုင်နေတာက Samsung ဖြစ်နေပါတယ်။
ဒီတော့ သူ့ဆီက နည်းပညာကို Apple အနေနဲ့ ရယူ အသုံးပြုနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါဆို တခြားနာမည်ကြီး ကုမ္ပဏီတွေကရော၊ LG Display ရှိတယ်၊ Japan Display နဲ့ Sharp တွေ ကျန်နေပါသေးတယ်။
သူတို့ ၃ ခုထဲက တခုကိုများ ပြသမျက်နှာပြင် နည်းပညာရယူပြီး iPhone 8 မှာ သုံးလာနိုင်မလား။ တချက်လောက် စဉ်းစားကြည့်ရအောင်ပါ။ LG ရဲ့ OLED ဆိုင်ရာ နည်းပညာက Samsung ထက်ကိုပဲ အားနည်း နေချင်ပါသေးတယ်။ ဒါဆိုရင် Samsung ကို ကျော်တက်နိုင်လောက်အောင် ပြသမျက်နှာပြင် ထုတ်ပေးလာနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။
Sharp ဆိုရင်လည်း သူ့ရဲ့ ပင်မ ကုမ္ပဏီ Foxconn က OLED ထုတ်လုပ်မှု အပိုင်းမှာ ကုန်ကျစရိတ် များပြားတာကြောင့် အရင်းအနှီး စိုက်ထုတ်ဖို့ အားနည်းနေတာ တချက်က နည်းပညာ တိုးတက်လာမှု အားနည်းနေပြန်ပါတယ်။
ဒါဆို Japan Display ပဲ ကျန်ပါတော့တယ်။ လက်ရှိ Japan Display က Innovation Nertwork Corp. နဲ့ ငွေကြေးဆိုင်ရာ ဆက်ဆံမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ကုမ္ပဏီက LCD နည်းပညာပိုင်းမှာ ဖန်တီးမှု အထူး ကောင်းမွန်နေပြီး Full Active လို့ ခေါ်တဲ့ မျက်နှာပြင်စနစ်က ဖန် (မှန်) သား မလိုဘဲ ရုပ်ထွက် ပြသပေးနိုင်နေတာပါ။ ဒါကြောင့်လည်း အဆိုပါ Full Active က ပြသမျက်နှာပြင်ကို ပိုပြီး ခေါက်ချိုး (Flexibility) နိုင်စွမ်း ပိုရှိနေသလို ရုပ်ထွက် ကြည်လင်မှုလည်း ပိုအားကောင်းနေပါတယ်။ ဒါဆိုရင်တော့ Japan Display အနေနဲ့ Apple နဲ့ ချိတ်ဆက်လာဖို့ ရာခိုင်နှုန်း ပိုများနေပါတယ်။
သေချာတာကတော့ ၂၀၁၇ ခုနှစ်မှာ ၅.၈ လက်မ မျက်နှာပြင်ရှိ iPhone မော်ဒယ်သစ် ၃ ခု မိတ်ဆက်လာပါလိမ့်မယ်။ အဆိုပါ ဖုန်းတွေအားလုံးက တသားတည်း ကိုယ်ထည်ဒီဇိုင်းနဲ့ ဖြစ်မယ်၊ ပြသမျက်နှာပြင်မှာ ဖန် (မှန်) သား သုံးထားမယ်၊ ကြိုးမဲ့ အားသွင်းစနစ်ကို မိတ်ဆက်လာမယ်၊ LCD မျက်နှာပြင်နေရာမှာ ပိုပြီးပါးလွှာ တောက်ပတဲ့ OLED စနစ်နဲ့ ဖြစ်လာမှာပါ။
Ref: www.forbes.com